Tuesday, June 5, 2018

ဖားကန့် ဟောင်ပါးဒေသ၌ ရွှေနှင့် ကျောက်မျက် ဥပဒေမဲ့တူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး

Image may contain: sky, outdoor, nature and water
ဖားကန့် ဇွန် ၎
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဟောင်ပါးဒေသ ၁၄ ရွာအတွင်း လုပ်ငန်းရှင် များမှ ဥပဒေမဲ့ ရွှေနှင့် ကျောက်မျက်တူးဖော်နေမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း များနှင့်အတူ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော ရေကြီးခြင်း၊ ဒေသခံတို့ အသုံးပြုလျက်ရှိ သည့် လမ်းမကြီးများပေါ်သို့ တူးပြီးမြေစာများ စွန့်ပစ်ခြင်းကြောင့် ယာဉ်အန္တရာယ်များရှိခြင်း၊ ဧရိယာကျယ်ဝန်းစွာ တူးဖော်ထားသောနေရာများအား ပြန်လည်မြေဖို့ပေးခြင်းမရှိသော ကြောင့် မိုးရာသီတွင် မိုးရေများ စီးဝင်၍ အင်း၊ အိုင်များသဖွယ်ဖြစ်ကာ နှစ်စဉ် ရေနစ် သေဆုံးမှုများရှိခြင်း၊ ယင်း အင်း၊ အိုင်များအတွင်းမှ လမ်းမကြီးများပေါ်သို့ ရေလျှံသည့် အတွက် လမ်းများပျက်စီးခြင်း စသည်တို့ကြောင့် ဒေသခံပြည်သူတို့မှ မိုးရာသီရောက်တိုင်း နှစ်စဉ် စိုးရိမ်ပူပန်နေကြရကြောင်း သိရသည်။
ကျောက်မျက်တူးဖော်သော ကုမ္ပဏီများအား နိုင်ငံတော်မှ လုပ်ထုံး၊ လုပ်နည်း ဥပဒေ စည်းကမ်းများနှင့်အညီ တူးဖော်ပြီးသော မြေနေရာများအား မြေဖို့ခြင်း၊ ယင်းမြေကို သိပ်သည်း ခိုင်ခံ့မှုရှိစေရန် စနစ်တကျ တိုင်းတာ၍ ပြန်လည်အသုံးပြုနိုင်ရန် ဆောင်ရွက်စေပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ သီးပင်၊ စားပင်နှင့် အရိပ်ရပင်များအား ပြန်လည် စိုက်ပျိုးရန် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းခွင့်ပြုလျက်ရှိသော်လည်း ကိုယ်ကျိုးရှာ စီးပွားရေးသမား လုပ်ငန်းရှင် အများစု၏ စည်းကမ်းမဲ့ မြေစာစွန့်ပစ်ခြင်း၊ တူးဖော်ထားပြီး ကျင်းဟောင်းများကို နည်းစနစ်မှန်ကန်မှုမရှိဘဲ နက်ရှိုင်းစွာတူးဖော်နေမှုများကြောင့် နှစ်စဉ် လူများသေဆုံးကာ သေဆုံးသူအများစုမှာ ဒေသခံပြည်သူများ ဖြစ်ကြသည်။
ဒေသခံ ပြည်သူများ အသုံးပြုလျက်ရှိသော လမ်းများ၊ ရပ်ကွက်နေပြည်သူများ နေထိုင် လျက်ရှိသော အိုး၊ အိမ်တို့အား နစ်နာကြေး အနည်းငယ်မျှသာပေး၍ ရွှေ့ပြောင်းစေကာ ယင်းမြေနေရာများပေါ်တွင် တရားဝင် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ ရွှေနှင့် ကျောက်မျက် များ တူးဖော်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ယခု အချိန်အခါတွင် ဟောင်ပါးအုပ်စု ဟွေဆိုင်းကြာရွာအဝင်ရှိ ရွှေနှင့် ကျောက်မျက် များ တူးဖော်ထားသောနေရာသည် အများပြည်သူ အသုံးပြုလျက်ရှိသော လမ်းမကြီး၏ ဘေးတွင်ကပ်လျက်ရှိပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေအိုင်ကြီးသဖွယ်ဖြစ်ကာ ဘေး အန္တရာယ်များနှင့် ကြုံတွေ့ရမည်ကို ပူပန်နေရခြင်း၊ နေအိမ်များကို လျော်ကြေးအနည်းငယ်သာ ပေး၍ ရွှေ့ပြောင်းစေခြင်းစသည့် ဖြစ်ရပ်များခံစားနေရကြောင်း သိရသည်။
စိုးနိုင်ဦး(ဖားကန့်)

No comments:

Post a Comment