Friday, June 1, 2018

ဘင်္ဂလားဒေ့ရှ်မှ မိမိသဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူများအား နှစ်နိုင်ငံသဘောတူညီချက်ပါ လုပ်ငန်းစဉ်အတိုင်း ပြန်လည်နေရာချထား

Image may contain: 8 people, people smiling, people sitting and people standing
စစ်တွေ မေ ၃၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံတို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့မှ မောင်တောမြို့နယ်ရှိ လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိပြီး မိမိသဘောဆန္ဒ အလျောက် ပြန်လည်ဝင်ရောက်လာသူများအား တို့၏မူလနေထိုင်ရာနေရာများ(သို့မဟုတ်) အနီးစပ်ဆုံးနေရာ များသို့ နေရာချထားရန် ဆောင်ရွက်နေမှုများကို သွားရောက် ကြီးကြပ်ဆောင်ရွက်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိမိသဘောဆန္ဒ အလျောက် ပြန်လည်ဝင်ရောက်လာသူများအား အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက ဆောင်ရွက်ပေးလျက်ရှိသော နိုင်ငံသား လျှောက်ထားသည့် အစီအစဉ်တွင် ပထမအဆင့် NV Card ကိုင်ဆောင်ခြင်း၊ တစ်ပြိုင်တည်းမှာပင် နိုင်ငံသားစိစစ်မှုကို ဥပဒေနှင့်အညီ ခံယူရန်လိုအပ်သော လျှောက်လွှာများ ဖြည့်ခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများက ဘင်္ဂလားဒေ့ရှ်တွင် ကျန်ရှိသော ၎င်းတို့၏မိသားစုဝင်များ အား သံတမန်နည်းလမ်းဖြင့် ဆက်သွယ်ခေါ်ယူပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်း လိပ်စာနှင့် မိသားစုစာရင်းများရယူခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်၊ ဆီ၊ ဆား၊ ပဲရိက္ခာခုနစ်ရက်စာ ထောက်ပံ့နေမှုနှင့်Family Kit များ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာသူ ၆၂ ဦးအား နှစ်နိုင်ငံ သဘောတူညီချက်ပါ လုပ်ငန်းစဉ်များအတိုင်း ငါးခူရမှတစ်ဆင့် လှဖိုးခေါင် ကြားစခန်းတွင် ခေတ္တနေထိုင်စဉ်ကာလအတွင်း နိုင်ငံတော်အနေဖြင့်၎င်းတို့၏နေရပ်သို့ ပြန်နိုင်ရေးအတွက် လိုအပ်သောလုပ်ငန်းစဉ်များကို စီစဉ်ဆောင်ရွက် နေစဉ် ၎င်းတို့ထဲမှ ၁ဝ ဦးမှာ စခန်းမှ မိမိတို့အစီအစဉ်ဖြင့် နေရပ်များသို့ ထွက်ခွာသွားခဲ့ကြသည်။
ကျန်ရှိသူ ၅၂ ဦးအား၎င်းတို့၏နေရပ်များသို့ ပြန်လည်ပို့ဆောင်နိုင်ရန် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ စနစ်တကျ လွှဲအပ်ခြင်း၊ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့ သည် အဖွဲ့ငယ်များဖွဲ့စည်းကာ နေရပ်ပြန်သူများအား လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု၊ လူမှုကာကွယ်စောင့်ရှောက်မှုနှင့် လူမှုပေါင်းစည်းနည်းပညာများဖြင့် ဆက်လက် ပံ့ပိုးကူညီပေးကြရန် စီစဉ်ထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment