Friday, June 1, 2018

အင်ဒိုနီးရှားတွင် ကျင်းပမည့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲ မြန်မာအသင်း ပါဝင်ယှဉ်ပြိုင်မည်

Image may contain: 2 people, people playing sports, outdoor and nature
ရန်ကုန် မေ ၃၁
မြန်မာ ယူ-၁၉ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂ဝ၁၈ အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို ဇူလိုင် ၁ ရက်မှ ၁၄ ရက်အထိ အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာ အသင်းသည် ယင်းပြိုင်ပွဲတွင် မလေးရှား၊ တီမော၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းအသင်းတို့နှင့် တစ်အုပ်စု တည်း ကျရောက်နေသည်။
ယင်းပြိုင်ပွဲတွင် အရှေ့တောင် အာရှနိုင်ငံ ၁၁ နိုင်ငံစလုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု(က)တွင် ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ လာအို၊ ဖိလစ်ပိုင်၊ အုပ်စု (ခ)တွင် မလေးရှား၊ မြန်မာ၊ တီမော၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းအသင်းတို့ ပါဝင်နေသည်။ အုပ်စုပွဲများကို ဇူလိုင် ၁ ရက်မှ ၁ဝ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲများကို ဇူလိုင် ၁၂ ရက်၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင် ၁၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဇူလိုင် ၁ ရက်တွင် တီမောအသင်း၊ ဇူလိုင် ၅ ရက်တွင် ကမ္ဘောဒီးယားအသင်း၊ ဇူလိုင် ၇ ရက်တွင် ဘရူနိုင်းအသင်း၊ ဇူလိုင် ၉ ရက်တွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုအနေအထားအရ မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းနေပြီး ရှေ့သုံးပွဲတွင် ရလဒ်ကောင်းပါက မလေးရှားနှင့် နောက်ဆုံးပွဲမှာ အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ပွဲဖြစ်လာမည် ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် မေ ၁ဝ ရက် မှစ၍ လေ့ကျင့်မှုများပြုလုပ်လျက်ရှိပြီး လက်ရှိအချိန်တွင် ကစားသမား ၂၈ ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။ မြန်မာ ယူ-၁၉ အသင်းသည် ယင်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပြည်တွင်းခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားထား ပြီး ဇွဲကပင်အသင်းကို သုံးဂိုး-နှစ်ဂိုး၊ ရတနာပုံအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။
မြန်မာ ယူ-၁၉ အသင်းသည် ဇွန်တတိယပတ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် စီစဉ်ထားပြီး ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဇူလိုင် ၂ ရက်တွင် စတင်ကျင်းပရန် စီစဉ် ထားသော်လည်း တစ်ရက်စောကာ ဇူလိုင် ၁ ရက်တွင် စတင်ကျင်းပမည် ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment