Saturday, June 2, 2018

ရုရှားနိုင်ငံခြားရေးဝန်ကြီးက ခေါင်းဆောင် ကင်ဂျုံအန်အား မော်စကိုသို့ ဖိတ်ခေါ်

Image may contain: 2 people, people standing

ပြုံယမ်း ဇွန် ၁
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းသို့ အလည်အပတ်ခရီး ရောက်ရှိနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကင်ဂျုံအန်နှင့်တွေ့ဆုံခဲ့ပြီး ရုရှားနိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
အဆွေတော်အနေဖြင့် ရုရှားနိုင်ငံသို့ အလည်အပတ်ခရီးလာရောက်ပါက ရုရှားအစိုးရအဖွဲ့သာမက ပြည်သူတစ်ရပ်လုံးက ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြ မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ခေါင်းဆောင် ကင်ဂျုံအန်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်အရ သိရသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ခေါင်းဆောင်ကင်ဂျုံအန်အား ဆုတောင်းမေတ္တာများပို့သလိုက်ကြောင်းနှင့် ကိုရီးယားကျွန်းဆွယ်ဒေသတွင်း အရေးကိစ္စရပ်များ အထမြောက် အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းများ ပို့သလိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ခေါင်းဆောင်ကင်ဂျုံအန်အား ကနဦးပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် ခေါင်းဆောင် ကင်ဂျုံအန်နှင့် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့သော ရုရှားတာဝန်ရှိသူတစ်ဦး ဖြစ်ကြောင်း ရုရှားသတင်း အေဂျင်စီများက ဆိုသည်။
အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပွဲ မတိုင်မီ ဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က မေ ၃၁ ရက်အစောပိုင်းတွင် ပြုံယမ်း သို့ ရောက်ရှိခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် ခေါင်းဆောင်ကင်ဂျုံအန်၏ အနီးကပ်အကြံပေး ကင်ယောင်ချိုတို့ ဝါရှင်တန်မြို့ ၌ နှစ်နိုင်ငံထိပ်သီးအစည်းအဝေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးလျက်ရှိစဉ် ဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ပြုံယမ်းသို့ အလည်အပတ်ခရီးလာရောက်ခဲ့ ခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် သံတမန်ဆက်ဆံရေး စတင်ခင်းကျင်းတော့မည်ဖြစ်သည့်အတွက် မြောက် ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက လွန်ခဲ့သောလတွင် မော်စကိုမြို့၌ ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံအား သူ၏ နျူကလီးယား လက်နက်ပိုင်ဆိုင်မှုကို စွန့်ပယ်စေပြီး အပြန်အလှန်အားဖြင့် ပြုံယမ်းအပေါ် ပိတ်ဆို့ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပေးမည်ဟု ထင်မြင် ယူဆရသည်။
သို့သော် ပြုံယမ်းက နျူကလီးယားလက်နက်စွန့်ပယ်ရေးနှင့်ပတ်သက်ပြီး ခြားနားသော အမြင်ရှိပုံပေါ်သည်။ တောင်ကိုရီးယားနိုင်ငံတွင် အမေရိကန် တပ်ဖွဲ့များ တပ်စွဲထားရှိနေစဉ် ပြုံယမ်းအနေဖြင့် နျူကလီးယား လက်နက် စွန့်ပယ်ခြင်းသည် နိုင်ငံအတွက် ကာကွယ်ရေးအင်အား ယုတ်လျော့သွားစေ ကြောင်း ထင်မြင်ယူဆဖွယ်ရှိသည်။
အေအက်ဖ်ပီ

No comments:

Post a Comment