Tuesday, June 26, 2018

လက်ထပ်လိုက်ပြီဖြစ်တဲ့ကစ်ထ်ဟာရင်တန်နဲ့ ရို့စ်လက်စလီ

Image may contain: 3 people, people smiling, people standing and wedding
HBO ရုပ်သံလိုင်းရဲ့ အောင်မြင်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ''Game of Thrones''မှာ တွဲဖက်ပါဝင်ခဲ့ကြရင်း ဖူးစာဆုံခဲ့ကြတဲ့ ကြယ်ပွင့်စုံတွဲ မင်းသား ကစ်ထ်ဟာရင်တန်နဲ့ မင်းသမီး ရို့စ်လက်စလီတို့ဟာ လတ်တလော မှာ လက်ထပ်လိုက်ပြီဖြစ်ပါတယ်။ သူတို့ရဲ့မင်္ဂလာအခမ်းအနားကို ''Game of Thrones '' ဇာတ်လမ်းတွဲမှာ တွဲဖက်ပါဝင်ခဲ့ကြတဲ့ သရုပ်ဆောင်များစွာ တက်ရောက်ခဲ့တာကို တွေ့ရကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။
ဇွန် ၂၅ ရက်မှာ ဖော်ပြခဲ့တဲ့သတင်းအရ ''Game of Thrones ''စုံတွဲဟာ ဇွန် ၂၃ ရက်က စကော့တလန်မှာ မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါအခမ်းအနားမှာ ကစ်ထ်ဟာရင်တန်ဟာ အနက်ရောင် ကုတ်နဲ့ အညိုရောင်အစင်းတွေပါတဲ့ စတိုင်ဘောင်းဘီရှည်ကို တွဲဖက် ဝတ်ဆင်ခဲ့ပြီး သတို့သမီးကတော့ သတို့သမီးဝတ်စုံဂါဝန်ရှည်ကြီးနဲ့ ပန်းသရဖူကို တွဲဖက်ဝတ်ဆင်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒီမင်္ဂလာပွဲကို ''Game of Thrones '' မှာ အတူတွဲဖက်ပါဝင်ခဲ့ကြတဲ့ သရုပ်ဆောင်တွေများစွာ တက်ရောက်ခဲ့ကြပါတယ်။ ဒီထဲမှာ အဓိက ဇာတ်ဆောင်မင်းသမီးတွေဖြစ်ကြတဲ့ မက်စီဝီလီယမ်၊ ဆိုဖီယာတာနာတို့လည်း အတူတက်ရောက်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် အီမီလာကလာ့ခ်ကီ၊ ပီတာဒင့်ခ်လက်ဂ်ျတို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မင်္ဂလာအခမ်းအနားပြီးနောက် ဘုရားကျောင်းထဲက ထွက်လာတဲ့ မင်္ဂလာမောင်နှံကို မိတ်ဆွေသူငယ်ချင်းတွေက အပြင်မှာ တန်းစီစောင့်ဆိုင်း နေကြပြီး ရောင်စုံစက္ကူလေးတွေကို အပေါ်မှ ကြဲပက်ပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
ကစ်ထ်ဟာရင်တန်နဲ့ ရို့စ်လက်စလီတို့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် အတွင်း စတင်တွေ့ဆုံခဲ့ကြသူတွေပါ။ ပြီးခဲ့တဲ့ နှစ်အတွင်းမှာတော့ စေ့စပ် လိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ယခင်က ကစ်ထ်ဟာရင်တန်က သူ့ရဲ့ ''Game of Thrones '' နဲ့ ပတ်သက်ပြီး အကောင်းဆုံးအမှတ်တရမှာ အိုက်စ်လန်းက ရိုက်ကွင်းတစ်ခုမှာ ရို့စ်လက်စလီနဲ့ တွေ့ဆုံခဲ့ရခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။
အေးပြည့်

No comments:

Post a Comment