Wednesday, June 27, 2018

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သိမ်းဆည်းရမိ မူးယစ်ဆေးများ၏ တန်ဖိုးကျပ်သိန်းပေါင်း တစ်သိန်းခွဲကျော်ဖိုး မီးရှို့ဖျက်ဆီး

Image may contain: outdoor
အောင်မြေသာစံ ဇွန် ၂၆
(၃၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးပွဲကို ဇွန် ၂၆ ရက် နံနက် ၈ နာရီက အောင်မြေသာစံ မြို့နယ် ရွှေမန်းတောင်အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ သဝဏ်လွှာကို တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ဖတ်ကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်ဝတ္ထုတို၊ တေးသီချင်း၊ ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ပိုစတာပြိုင်ပွဲများတွင် ဗဟိုအဆင့်(အလွတ်တန်း)နှင့် ဗဟိုအဆင့်(အထက်တန်း၊ အလယ်တန်း၊ မူလ တန်း) အဆင့်များတွင် ဆုရရှိသူများအား မန္တလေး မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့် သည်။
ဆက်လက်၍ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီးနှင့် မြန်မာပြည်အထက်ပိုင်း ဒေသများမှ ဖမ်းဆီးရမိခဲ့ပြီး မီးရှို့ဖျက်ဆီးမည့်မူးယစ် ဆေးဝါးများ၊ စိတ်ကြွရူးသွပ်ဆေးများ၊ ထိန်းချုပ်ဓာတု ဆေးဝါးများကို ကြည့်ရှုစစ်ဆေးပြီး မူးယစ်ဆေးဝါး များအား စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးခဲ့သည်။
မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများမှာ ဘိန်း ၂၅၅ ဒသမ ၄၃ ကီလို၊ ဘိန်းဖြူ၄၄ ဒသမ ဝ၈ကီလို၊ ဘိန်းဆီခဲ၄၄ ဒသမ ၂၆ကီလို၊ အဆင့်နိမ့်ဘိန်း ၃ ဒသမ ၄၂ကီလို၊ ဘိန်းရည် ၃၅ ဒသမ ၉၈လီတာ၊ ဘိန်းဖြူရည် သုည ဒသမ ဝ၃လီတာ၊ ကဖင်း ၃၈ ဒသမ ၉၉ကီလို၊ ဆေးခြောက်၃၂ ဒသမ ၆၁ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅၁၃၁၇၈ ပြား၊ စိတ်ကြွရူးသွပ်ဆေး အကြေ သုည ဒသမ ၂၃ကီလို၊ ဆူဒိုအက်ဖီဒရင်း အမှုန့် ၈ ဒသမ ၉၉၁ကီလို၊ အိုက်စ်သုည ဒသမ ၆၇ကီလို၊ အက်တက်စီဆေးပြား ၁ ဒသမ ၁၂ ကီလို၊ ဗျုပရီနော်ဖင်းဆေးပြား ၁၄၃၈ ကတ်၊ ဒိုင်ရာဇီပင်ဆေးပြား ၁၆၇၈ ကတ်၊ ဒိုင်ရာဇီပင်ထိုးဆေး ခုနစ် ပုလင်း အပါအဝင် ထိန်းချုပ်ဓာတု ဆေးဝါးများ စုစုပေါင်း ကျပ် ၁၅၂၉၁၅ ဒသမ ၄၁ သိန်း (အမေရိကန် ဒေါ်လာ ၁၁၃ စီး ၂၇သိန်း)ဖိုး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)

No comments:

Post a Comment