Tuesday, June 5, 2018

ဧည့်လမ်းညွှန်များ အရည်အချင်းပြည့်စုံမှသာ ခရီးသွားကဏ္ဍဖွံ့ဖြိုးမှု အထောက်အကူပြုနိုင်

Image may contain: 2 people, people walking, crowd, tree and outdoor
မန္တလေး ဇွန် ၎
ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် Master Plan တွင် ထည့်သွင်းရေးဆွဲထားသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြင့်မားရေးတို့ အတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့် ဧည့် လမ်းညွှန်များသည် ဘာသာစကားစွမ်းရည်၊ အသိပညာ ဗဟုသုတနှင့် စိတ်အားထက်သန်မှုတို့ ပြည့်စုံမှသာ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်၍ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ)လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြား သည်။
''ခရီးသွားကဏ္ဍအောင်မြင်ဖို့အတွက် ခရီးသွားကဏ္ဍမှာ ပါဝင်တဲ့အဖွဲ့တွေ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ ခေတ်ပြိုင်ခရီးသွားကဏ္ဍရဲ့ သဘောတရားက လည်း ခရီးသွားနဲ့ အောင်မြင်နေတဲ့ နိုင်ငံတွေဟာဆိုရင် အမြဲတမ်းချိတ်ဆက်နေတယ်၊ ဒါကြောင့် သူတို့ဆီမှာတောင် ဧည့်လမ်းညွှန်တွေ အရည်အချင်းပြည့်မီအောင် ဖြည့်ဆည်း ပေးနေတဲ့အချိန်မှာ ကျွန်တော်တို့ကလည်း ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ တန်းတူဖြစ်အောင် အစိတ်အပိုင်းတစ်ခုအနေနဲ့ သင်တန်းတွေ ဖွင့်လှစ်ပေးနေပါတယ်'' ဟု ၎င်းက ပြော သည်။
လက်ရှိ မန္တလေးမြို့သို့ ခရီးသွားဝင်ရောက်မှုမှာ ယခင် နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ခရီးသွားပိုမိုဝင်ရောက်လျက် ရှိသော်လည်း လက်ရှိအနေအထားကို တင်းတိမ်ရောင့်ရဲ မနေဘဲ ဆက်လက်၍ အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ် နေသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
မန္တလေးမြို့တွင် ဧည့်လမ်းညွှန်လုပ်ငန်းလုပ်ကိုင်သူ ၃ဝဝ ကျော်ရှိပြီး ၎င်းတို့အနက် တိုးဂိုက်နှင့် ဒေသခံဂိုက် ဟူ၍ နှစ်မျိုးရှိ၍ ဧည့်လမ်းညွှန်သည် တိုင်းပြည်၏ပုံရိပ်ကို ဖော်ပြပေးနေသူများဖြစ်သည်။
''ဧည့်လမ်းညွှန်ကောင်းတစ်ယောက်ဆိုတာ စာတွေ့ပဲ သိနေလို့ မရဘူး၊ လက်တွေ့မှာဧည့်သည်ကျေနပ်မှုရအောင် ဝန်ဆောင်မှုကောင်းရမယ်၊ နိုင်ငံတကာခရီးသွားတွေ ဝင်ရောက်လာတယ်ဆိုရင် လေ့လာသင်ယူစရာတွေ မှတ်သွား နိုင်တယ်ဆိုရင် ဝမ်းသာရတယ်၊ အစားအသောက်၊ ကျန်းမာရေးကအစ ဂရုစိုက်ပေးပြီး ဧည့်ဝတ်ကျေပွန်ဖို့ လိုပါတယ်၊ ဒါကြောင့် ဧည့်သည်အဝင်နည်းပါးတဲ့ရာသီမှာ ဧည့်လမ်းညွှန်တွေကို နှစ်စဉ်နှစ်တိုင်း ပညာရေးတစ်ခုအနေ နဲ့ သင်တန်းတွေလုပ်သွားချင်ပါတယ်''ဟု မန္တလေးဧည့်လမ်း ညွှန်အသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်ယုဆွေက ပြောသည်။
လက်ရှိမန္တလေးမြို့တွင် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက် စေရန်အတွက် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများနှင့် ဧည့်လမ်းညွှန်များကို မန္တလေး ဧည့်လမ်းညွှန်အသင်းမှ အင်္ဂလိပ်၊ ဂျပန်၊ ဂျာမန်၊ ပြင်သစ်၊ တရုတ်နှင့် ထိုင်းစသည့် ဘာသာစကားသင်တန်းကို ဇွန် ၄ ရက်မှစ၍ သြဂုတ် ၄ ရက်အထိ တစ်ပတ်လျှင် သုံးရက် သင်ကြားပေးလျက်ရှိရာ သင်တန်းသား သင်တန်းသူ ၅ဝ ကျော်တက်ရောက်လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment