Tuesday, June 5, 2018

ဖြူးချောင်းတမံ လက်တံခွဲမြောင်းခြောက်ခု တည်ဆောက်နိုင်မှုကြောင့် နွေစပါးများ ယခင်နှစ်ထက် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်မည်

Image may contain: sky and outdoor
ဖြူး ဇွန် ၎
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်ရှိ ဖြူးချောင်း ရေလှောင်တမံ ဘက်စုံစီမံကိန်းဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းမှ လက်တံခွဲမြောင်း ခြောက်ခု ကို ဧပြီလမှ စက်တင်ဘာလအတွင်း အသစ်တည်ဆောက် လျက်ရှိရာ မကြာမီပြီးစီးတော့မည်ဖြစ်သဖြင့် ယခင်နှစ် ထက် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှ ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အထိ တမံတည်ဆောက်ခြင်း၊ ရေပိုလွှဲ တည်ဆောက်ခြင်း၊ ရေလွှဲဥမင်တည်ဆောက်ခြင်းနှင့် ရေလွှဲဆည်တည်ဆောက်ခြင်း လုပ်ငန်းများမှာ ရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သော်လည်း ဆည်ရေသောက် စနစ် တည်ဆောက်ခြင်းလုပ်ငန်းမှာ ၁၆ ဒသမ ၁ ရာခိုင်နှုန်းသာ ပြီးစီးသေးကြောင်းသိရသည်။
၂ဝ၁၈ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် စနစ်တကျ ဆည်ရေသောက်မြောင်းများဖြင့် နွေစပါးဧက ၁၈ဝဝ စိုက်ပျိုးနိုင်ခဲ့ပြီး တောင်သူများ၏ တင်ပြချက်အရ ဆောင်ရွက်ပေးခဲ့သော ဆည်ရေချောင်းပိတ်စနစ်ဖြင့် ဧက ၃၆ဝဝ ခန့် စိုက်ပျိုးနိုင်ခဲ့သဖြင့် စုစုပေါင်းနွေစပါးဧက ၅၄ဝဝ ခန့် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
''ဒီနှစ်မှာ မတ်ပဲဈေးကွက်ပျက်ပြီး တစ်တင်းကို ငွေကျပ် ၁၂ဝဝဝ ဈေးနဲ့ပဲရောင်းခဲ့ရလို့ မတ်ပဲစိုက် တောင်သူတွေအရှုံးပေါ်ခဲ့ကြတယ်၊ မတ်ပဲ တစ်တင်းကို အနည်းဆုံးငွေကျပ် ၂ဝဝဝဝ ဈေးလောက်မှ မရရင် စိုက်ပျိုးစရိတ်မကိုက်ဘူး၊ ဒါ့ကြောင့် မြို့နယ်စိုက်ပျိုးရေး ဌာနကလည်း မတ်ပဲအစားထိုးသီးနှံစိုက်ပျိုးကြဖို့ ပညာပေးနေတယ်၊ ရေရမယ့်နေရာဆိုနွေစပါးစိုက်ကြဖို့ တိုက်တွန်းထားတယ်၊ ကျွန်တော်တို့ ပေါက်ဇလုပ် အုပ်စုမှာ ဆည်ရေရလို့ နွေစပါးစိုက်ပျိုးခဲ့တယ်၊ နွေစပါး က တစ်ဧကကို ပျမ်းမျှ တင်း ၁ဝဝ လောက် ထွက်ပြီး ငွေကျပ် ၅၅ဝဝဝဝ ဈေးလောက်ရောင်းရတော့ တောင်သူ တွေ တော်တော်တွက်ခြေကိုက်ကြလို့ လာမယ့်နှစ်တွေမှာ လူတိုင်းလိုလိုက နွေစပါးစိုက်ချင်နေကြပြီ''ဟု တောင်သူ ဦးမြင့်ရွှေက ရှင်းပြသည်။
ဧပြီလမှ စက်တင်ဘာလ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေမှ ဖြူးချောင်းဆည်ရေသောက် စနစ်တည်ဆောက်ခြင်းလုပ်ငန်းအတွက် ငွေကျပ်သန်း ၁၃ဝဝ ခွင့်ပြုခဲ့သဖြင့် တောင်သူများအား ချက်ချင်းအကျိုး ပြုနိုင်မည့် လက်တံခွဲမြောင်း ခြောက်ခုကို ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၁)မှ စက်ယန္တရားအစီး ၄ဝ နှင့် လုပ်သားအင်အား ၄ဝဝ ခန့်ဖြင့် တည်ဆောက်လျက်ရှိရာ မကြာမီပြီးစီးတော့မည် ဖြစ်ခြင်းကြောင့် လာမည့်နှစ်တွင် နွေစပါးဧက ၃ဝဝဝ ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ကာ စုစုပေါင်းနွေစပါး ဧက ၈၄ဝဝ ခန့် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တောင်သူများအတွက် များစွာအထောက်အကူ ပြုနိုင်မည့် ဖြူးချောင်းဆည်ရေသောက် စနစ်များကို ဆောင်ရွက်လျက်ရှိရာ စီမံကိန်းတစ်ခုလုံး ပြီးစီးပါက ဧက ၉ဝဝဝဝ အား ဆည်ရေပေးဝေနိုင်မည်ဖြစ်ပြီး လာမည့် နှစ်များတွင် ရန်ပုံငွေဆက်လက်ခွဲဝေချထားပေးပါမှ နှစ်များမကြာမီ တောင်သူများ၏လိုအင်ဆန္ဒများ ပြည့်ဝ နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဖြူးမြင့်ဦး

No comments:

Post a Comment