
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ ဟာသသရုပ်ဆောင်တစ်ဦးဖြစ်ပြီး အစီအစဉ်တင်ဆက်သူ တစ်ဦးအဖြစ်လည်း လုပ်ဆောင်နေတဲ့ ကမ်တေးဟိုဟာ လတ်တလောမှာတော့ ကွယ်လွန်သွား ခဲ့ပြီဖြစ်ကြောင်း တောင်ကိုရီးယားမီဒီယာတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။ ကမ်ဟာ ဇွန် ၁၇ ရက်က ဂန်ဆန်းမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့သူ သုံးဦး အနက် တစ်ဦးဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ချက်တွေကို ကိုးကားကာ ကိုရီးယား ဘိုးဒေါ့ကွန်းက ရေးသားဖော်ပြခဲ့တာကို တွေ့ရပါတယ်။
အခင်းဖြစ်ပွားရာ ဇွန် ၁၇ ရက်မှာ ကမ်တေးဟိုဟာ သူငယ်ချင်းတွေနဲ့အတူ ကလပ်တစ်ခု အတွင်း စားသောက်နေကြတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ အသက် ၅ဝ ဝန်းကျင်လူကြီး တစ်ယောက်နဲ့ ဆိုင်ပိုင်ရှင်တို့ဟာ ငွေရှင်းတာနဲ့ပတ်သက်ပြီး စကားများခဲ့ကြရာ ဆိုင်ကို မီးရှို့ ပစ်မှာဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီနောက် ဓာတ်ဆီတွေကို လောင်းခဲ့ပြီး မီးရှို့ခဲ့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ ဒီမီးလောင်မှုကြောင့် လူ ၃ဝ ခန့် ဒဏ်ရာရခဲ့ပြီး သုံးဦးသေဆုံးခဲ့ပါ တယ်။ သေဆုံးသူတွေထဲမှာ သရုပ်ဆောင် ကမ်တေးဟိုလည်း ပါဝင်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။
ကိုရီးယားဟာသသရုပ်ဆောင်များအသင်း က ''ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ကမ်တေးဟိုဟာ ဂန်ဆန်းကို ဂေါက်ရိုက်ပြိုင်ပွဲတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်ဖို့ရာ ရောက်ရှိနေတာဖြစ်ပြီး သူဟာ သူငယ်ချင်းတွေနဲ့ ကလပ်ကို သွားခဲ့စဉ်မှာ မတော်တဆမှု ဖြစ်ခဲ့ တာပါ၊ ကမ်တေးဟိုရဲ့ မွေးချင်း တစ်ဦးက ကမ်ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း ဒီနေ့မနက်ကပဲ အတည်ပြုပေးခဲ့တာပါ၊ သူ့ကို ဂန်ဆန်းကနေ ပြန်လည်သယ်ဆောင် လာခဲ့ပြီဖြစ်ပါတယ်'' လို့ ထုတ်ဖော်ပြောကြားခဲ့ ပါတယ်။
ကမ်တေးဟိုဟာ ၁၉၉၁ ခုနှစ်အတွင်း အနုပညာနယ်ပယ်ထဲကို စတင်ခြေချခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်သူဟာ''All Comedy In The World "၊ "Good Morning Korea'' စတဲ့ အစီအစဉ်တွေမှာ ပါဝင်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်အတွင်းမှာတော့ တစ်သက်တာအောင်မြင်မှုဆုကို "Korean Culture Entertainment Awards"ဆုပေးပွဲကြီးမှာ လက်ခံရရှိခဲ့ကာ ၂ဝ၁၄ ခုနှစ် အတွင်းမှာတော့ အကောင်းဆုံးအစီအစဉ်တင်ဆက်သူဆုကို အဆိုပါ ဆုပေးပွဲကြီးမှာပင် ထပ်လောင်းရရှိထားခဲ့သူလည်း ဖြစ်ပါတယ်။
အေးပြည့်
No comments:
Post a Comment