
ထိုင်းနိုင်ငံအစိုးရက ပြန်လည်အသုံးပြုနိုင်သော စွန့်ပယ် ပစ္စည်းများ တင်သွင်းမှုကို နိုင်ငံအတွင်း ပိတ်ပင်သွားမည် ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။
ပြန်လည်အသုံးပြုနိုင်သော စွန့်ပယ်ပစ္စည်းများ သည် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို ထိခိုက်စေသည့် အတွက် ၎င်းတို့အား နိုင်ငံအတွင်းသို့ တင်သွင်းမှုကို ပိတ်ပင်ခြင်းဖြစ်ကြောင်းနှင့် စွန့်ပယ်ပစ္စည်းတင်သွင်းမှု ဆိုင်ရာ လက်ရှိပြဋ္ဌာန်းထားသော ဥပဒေကို ပြန်လည် ပြင်ဆင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု အစိုးရအဖွဲ့တာဝန် ရှိသူများက ဆိုသည်။
မြို့တော်ဗန်ကောက်ရှိ စွန့်ပယ်ပစ္စည်းများ ပြန်လည် အသုံးပြုသည့် စက်ရုံတစ်ခုအနီးရှိ ဒေသခံပြည်သူများက အဆိုပါစက်ရုံမှ အနံ့ဆိုးများ ထွက်ပေါ်လျက်ရှိကြောင်း လာရောက်တိုင်တန်းသည့်အတွက် မေလအတွင်းက ထိုင်းရဲအရာရှိများသည် အဆိုပါစက်ရုံကို ရှာဖွေစစ်ဆေးမှု များ ပြုလုပ်ခဲ့သည်။
ယင်းစက်ရုံတွင် တရားမဝင် တင်သွင်းထားသော စွန့်ပယ်ပစ္စည်းများကို အသုံးပြုလျက်ရှိကြောင်း အာဏာပိုင် များက စစ်ဆေးတွေ့ရှိခဲ့သည်။
ထိုင်းရဲအရာရှိများက နိုင်ငံအတွင်း တရားမဝင် တင်သွင်းထားသည့် မိုဘိုင်းဖုန်းဘက်ထရီများနှင့် အခြား အီလက်ထရွန်နစ် စွန့်ပယ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်ရန် ပြင်ဆင်မွမ်းမံလျက်ရှိသော စက်ရုံကိုးရုံကို ယာယီပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရ သည်။
လွန်ခဲ့သောနှစ်က တရုတ်နိုင်ငံအတွင်း ပြန်လည် အသုံးပြုနိုင်သော စွန့်ပယ်ပစ္စည်းများ တင်သွင်းမှုကို ပိတ်ပင်ခဲ့သည့်အတွက် ထိုင်းနိုင်ငံအတွင်း ယင်းပစ္စည်း များ တင်သွင်းမှုပမာဏသည် နှစ်ဆနီးပါးတိုးတက်ခဲ့သည် ဟု ထိုင်းအာဏာပိုင်များက လေ့လာတွေ့ရှိခဲ့ကြောင်း ဆိုသည်။
ထိုင်းနိုင်ငံအတွင်းသို့ အဆိုပါပစ္စည်းများကို ဂျပန် နိုင်ငံက အများဆုံးတင်သွင်းလျက်ရှိကြောင်း စစ်တမ်းများ အရ သိရှိရသည်။
အင်န်အိတ်ခ်ျကေ
No comments:
Post a Comment