Friday, June 22, 2018

နိုင်ငံတကာယောဂနေ့ အထိမ်းအမှတ်အဖြစ် အိန္ဒိယဝန်ကြီးချုပ်မိုဒီ ဦးဆောင်၍ ယောဂလေ့ကျင့်

Image may contain: one or more people, people standing and outdoor
နယူးဒေလီ ဇွန် ၂၁
နိုင်ငံတကာယောဂနေ့ အထိမ်းအမှတ် စုပေါင်းယောဂကျင့်ပွဲကို အိန္ဒိယနိုင်ငံ ဒေရာဒန်မြို့၌ ဇွန် ၂၁ ရက်က ပြုလုပ်ရာတွင် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ဦးဆောင်ပါဝင်ခဲ့ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန် သည်။
စတုတ္ထအကြိမ်မြောက် နိုင်ငံတကာ ယောဂနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းယောဂကျင့်ပွဲကို ဥတ္တရာခန်းပြည်နယ် ဒေရာဒန်မြို့ရှိ သစ်တော သုတေသနသိပံ္ပ ပရိဝုဏ်အတွင်း ပြုလုပ်ခဲ့ရာတွင် ကာလရှည်ယောဂအကျင့်ကို ကျင့်လာခဲ့သူ ဝန်ကြီးချုပ်မိုဒီက ဦးဆောင်ပါဝင်ခဲ့သည်။
ဝန်ကြီးချုပ် မိုဒီသည် နိုင်ငံတကာယောဂနေ့ကို သတ်မှတ်နိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ကြီးအား တိုက်တွန်းဆော်သြခဲ့သူဖြစ်သည်။
ဥတ္တရာခန်းပြည်နယ်သည် ယောဂကျင့်စဉ်စိတ်ဝင်စားသည့် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သည့် ပြည်နယ်တစ်ခုဖြစ်သည်။
ယခုနှစ်၏ နိုင်ငံတကာယောဂနေ့ အထိမ်းအမှတ်စုပေါင်းယောဂကျင့်ပွဲ ကို ဥတ္တရာခန်းပြည်နယ် ဒေရာဒန်မြို့၌ ပြုလုပ်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ထရီဗန်ဒရာ ရာဝက်က ချီးကျူးပြောဆိုသည်။ မိမိတို့၏ပြည်နယ်၌ စုပေါင်း ယောဂကျင့်စဉ်အခမ်းအနားကို ကျင်းပခြင်းဖြင့် နိုင်ငံတကာမှ ယောဂကျင့်သူ များသည် ဥတ္တရာခန်းပြည်နယ်သို့ အလည်အပတ်လာရောက်ရန် ဆွဲဆောင်နိုင် မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ရှေးခေတ်အိန္ဒိယလူမျိုးတို့၏ သက်ရှည်ကျန်းမာနေထိုင်နည်းတစ်ခုအဖြစ် ကျင့်ကြံခဲ့ကြသော ယောဂကျင့်စဉ်များကို ယနေ့ခေတ်တွင် အားကစားတစ်ခု အသွင်အဖြစ် တစ်ကမ္ဘာလုံးက လက်ခံလေ့လာနေကြပြီဖြစ်သည်။
ယောဂဆိုသော ဝေါဟာရ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ စည်းလုံးခြင်း ဖြစ်သည်။ ယောဂကျင့်စဉ်ကို ခန္ဓာကိုယ်နှင့် လေရှူရှိုက်မှုတို့အပေါ်တွင် အခြေခံဖော်ဆောင်ထားခြင်းဖြစ်သည်။ လေရှူရှိုက်မှုကို ထိန်းချုပ်ပြီး ခန္ဓာကိုယ် ၏ဟန်ချက်ကို မျှစေသည်။
ယောဂကျင့်စဉ်၏ အဓိကဦးတည်ချက်မှာ မိမိခန္ဓာကိုယ်ကို ဗဟိုချက် တစ်ခုအဖြစ် သတ်မှတ်ပြီး ပတ်ဝန်းကျင်နှင့် မိမိအကြား ပြီးပြည့်စုံသော အချိုးညီ သဟဇာတဖြစ်စေရန် ချိန်ညှိပေးနေသည့် ကျင့်စဉ်ဖြစ်သည်။
ယောဂကျင့်စဉ်ကို မှန်မှန်လေ့ကျင့်ခြင်းအားဖြင့် တောင့်တင်းနေသော ကြွက်သားများ ပြေလျော့သွားခြင်း၊ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများကို ကြံ့ခိုင်သန်စွမ်းစေခြင်း၊ တွယ်ဆက်ထားသော အဆစ်အမျက်များနှင့် အရွတ်များ ကွေးနိုင်ဆန့်နိုင်၊ ပြောင်းလွယ်ပြင်လွယ်နိုင်မှုစွမ်းအား တိုးတက်ခြင်းစသော သက်ရှည်ကျန်းမာကြံ့ခိုင်စေသည့် ကောင်းကျိုးချမ်းသာကို ဖြစ်ထွန်းစေသည် ဆို၏။
ပီတီအိုင်

No comments:

Post a Comment