Tuesday, June 26, 2018

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲနှင့် ပြပွဲကျင်းပ

Image may contain: 5 people
နေပြည်တော် ဇွန် ၂၅
ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မူးယစ် ဆေးဝါးဆိုးကျိုးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ အခမ်းအနားကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် ၂၂ အခြေခံပညာ အထက်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် တက်ရောက်လာကြသော ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား နေပြည်တော် မူးယစ်တပ်ဖွဲ့စု ၁ဝ၁ မှ ဒုရဲအုပ်အောင်ဖြိုးဝေနှင့် ဇမ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်စောမြတို့က မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကို ကြိုတင်တားဆီးကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဟောပြောကြသည်။ ထို့နောက် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်ဘုတ်များနှင့် စာအုပ် စာပေများကို ကြည့်ရှုလေ့လာကြသည်။
အခမ်းအနားသို့ ဇမ္ဗူသီရိမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဇမ္ဗူသီရိမြို့နယ် ပြန်/ဆက်ဝန်ထမ်း များက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ''သတင်းစကား'' လက်ကမ်းစာစောင်များကို ကျောင်းသား ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးသည်။
သန့်မောင်(ပြန်/ဆက်)

No comments:

Post a Comment