Tuesday, June 5, 2018

မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရုပ်ရှင်အတတ်ပညာဖြင့် နိုင်ငံပုံရိပ်တိုးတက်ရေး အထောက်အကူဖြစ်စေရန် ညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: 7 people, people sitting and indoor
နေပြည်တော် ဇွန် ၎
နေပြည်တော်တွင် ရုပ်ရှင်ရိုက်ကူးရေး စတူဒီယို အဆောက် အအုံနှင့် သင်တန်းကျောင်းများပါဝင်သည့် ရုပ်ရှင်ဥယျာဉ်ခြံ တစ်ခု ပေါ်ပေါက်လာစေရန်နှင့် ရုပ်ရှင်ကိုအခြေခံသောEntertainment City ပုံစံတစ်စိတ်တစ်ပိုင်း ဖြစ်ပေါ်လာ စေရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မြန်မာ့ရုပ်ရှင် လောက ဖွံ့ဖြိုးတိုးတက်စေရန်၊ ရုပ်ရှင်အတတ်ပညာဖြင့် နိုင်ငံပုံရိပ်တိုးတက်ရေး အထောက်အကူဖြစ်စေရန်နှင့် နေပြည်တော် စည်ပင်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက် များဖြင့် နေပြည်တော်၌ ခေတ်မီရုပ်ရှင်ဥယျာဉ်ခြံတစ်ခု ပေါ်ပေါက်လာစေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို ရုပ်ရှင် အတတ်ပညာဖြင့် ပိုမိုစိတ်ဝင်စားအောင် ရိုက်ကူး တင်ဆက်မှုဖြင့် မြန်မာ့အကြောင်း မြန်မာတို့ ပိုမိုသိရှိပြီး နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားလို စိတ်များ ဖြစ်ပေါ်စေလိုပါကြောင်း။
ယင်းရုပ်ရှင်ဇာတ်ကားများတွင် အင်္ဂလိပ်ဘာသာဖြင့် စာတန်းထိုးတင်ဆက်ခြင်းဖြင့် မြန်မာ့အကြောင်း ကမ္ဘာက သိရှိစေရန်နှင့် တစ်ဆက်တည်း မြန်မာ့ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ၏ပုံရိပ်လည်း တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစိုးရအနေဖြင့် မည်သည့်အခန်းကဏ္ဍမှ မည်ကဲ့သို့ ပါဝင်ဆောင်ရွက်သင့်သည်ကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ရုပ်ရှင်ဆိုသည်မှာ မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုမြှင့်တင်ရေး၊ ဖျော်ဖြေရေးနှင့် အနုပညာရှင်များ၏ စားဝတ်နေရေး အတွက် များစွာအထောက်အကူပြုပါကြောင်း၊ ယင်း လုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာစွာဖြင့် ဆောင်ရွက်ရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက နိုင်ငံတော်၏မူဝါဒနှင့် အညီ ဥပဒေအရ လုပ်ကိုင်ဆောင်ရွက်နိုင်မည့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာနည်းလမ်းများ၊ နိုင်ငံတော်က ထောက်ပံ့ ကူညီပေးရမည့် ကိစ္စရပ်များကိုလည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူက မြေနေရာ ရရှိရေးအတွက် ဆောင်ရွက်ပေးမည့် အခြေအနေနှင့် ရုပ်ရှင်စတူဒီယိုဆောက်လုပ်ရန် လျာထားသည့်မြေနေရာ လျာထားမှုတို့ကိုလည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ် ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီအေးက ရင်းနှီး မြှုပ်နှံမှုစာချုပ်ချုပ်ဆိုရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များကိုလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က မာတိကာနှင့် သင်ရိုးညွှန်းတမ်းရေးဆွဲ ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခြေအနေကို လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ အဆောက်အဦများဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ဗိသုကာ) ဒေါ်အယ်လ်နန်အိန်က အဆောက်အဦပိုင်းနှင့်ပတ်သက်၍ အကြံပြု အကဲဖြတ် ပေးသွားမည့် အခြေအနေကိုလည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်စိုး က နေပြည်တော်တွင် Entertainment Zone တစ်ခု ဖြစ်ပေါ်လာရေးအတွက် ပေါင်းစပ်ဆောင်ရွက်သွားမည့်အခြေအနေကိုလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က လက်ရှိ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းအကောင်အထည်ဖော်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ ကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:

Post a Comment