Tuesday, June 26, 2018

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၈၃၃ တွဲကို ယူရို ၇၄ သန်းကျော်ဖြင့် ရောင်းချ

Image may contain: 1 person, sitting, table and indoor
နေပြည်တော် ဇွန် ၂၅
(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၈၃၃ တွဲကို ယူရို ၇၄ ဒသမ ၁၂၂ သန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
ယနေ့ပြပွဲတွင် အခြေခံဈေးယူရို ၄ဝဝဝ နှင့်အထက် တန်ဖိုးသတ်မှတ် ထားသည့် ကျောက်စိမ်းအရိုင်းတွဲ ၁ဝ၇၈ တွဲနှင့် အခြေခံဈေး ယူရို ၁ဝဝဝ နှင့်အထက် တန်ဖိုးသတ်မှတ်ထားသည့် အချောထည်ကျောက်စိမ်းအတွဲ ၇၂ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ပြပွဲသို့ ပြည်တွင်းပြည်ပ ရတနာကုန်သည် စုစုပေါင်း ၄ဝဝဝ ကျော် တက်ရောက်၍ ကျောက်စိမ်းအရိုင်းနှင့် အချောထည်များကို စိတ်ကြိုက်ကြည့်ရှု လေ့လာကြပြီး ဈေးပြိုင်ပေးဝယ်ယူခဲ့ကြခြင်းဖြစ်သည်။
(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပြည်တွင်း ကျောက်စိမ်း၊ ကျောက်မျက်၊ ပယင်း၊ ကနုကမာ စသည့် အချောထည်ပစ္စည်း ဆိုင်ခန်းပေါင်း ၆၁ ခန်း လာရောက်ဖွင့်လှစ်ရောင်းချလျက်ရှိသည်။
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဗဟိုအလုပ် အမှုဆောင် ဦးမောင်မောင်ဆန်းက ''နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကျောက်မျက်ရတနာပြပွဲတိုင်းမှာ ကျွန်တော့်ရဲ့ ကျောက်စိမ်း၊ ကျောက်မျက် အချောထည်ပစ္စည်းတွေကို လာရောက်ပြသရောင်းချပါတယ်၊ ဒီလိုပြပွဲကြီး တွေမှာ လာရောက်ရောင်းချခွင့်ရတဲ့အတွက် ပြည်တွင်းပြည်ပက ရတနာ ကုန်သည်ကြီးတွေနဲ့ တိုက်ရိုက်တွေ့ရပါတယ်၊ သူတို့နဲ့ တိုက်ရိုက်တွေ့တော့ ဈေးပိုရပါတယ်၊ အခုပြပွဲမှာ ပတ္တမြားတွေ၊ နီလာတွေ၊ ကျောက်စိမ်းအပွင့်တွေ ရောင်းရပါတယ်၊ ပယင်းရတနာတွေကိုလည်း ကုန်သည်ကြီး တွေက ကြိုက်နှစ်သက်ပြီး ဝယ်ယူကြတာ တွေ့ရပါတယ်။
နိုင်ငံတကာကို ထိုးဖောက်
''ကျွန်တော့်ဆိုင်မှာ ကျောက်စိမ်း၊ ကျောက်မျက် အချောထည်တွေ၊ နားကပ်က အစ ဆွဲသီးအဆုံး လက်ဝတ်ရတနာတွေ ပြသရောင်းချနေပါတယ်၊ မိုးကုတ်သဘာဝ ပတ္တမြားနဲ့ နီလာကို ပြည်ပရတနာကုန်သည်တွေ စိတ်ဝင်စားကြတာ တွေ့ရပါတယ်၊ ပတ္တမြားနဲ့ နီလာကိုတော့ အိမ်မှာ အသုံးပြုဖို့အပြင် ပြန်ရောင်းဖို့အတွက်ပါ ကုန်သည်ကြီးတွေ လာဝယ်ကြပါတယ်၊ အရင်ကဆို ကုန်သည် ကြီးတွေက ဈေးချိုတာတွေကိုပဲ ဝယ်ယူတတ် ကြပါတယ်၊ အခု ဆိုရင် ဒေါ်လာသောင်းနဲ့ချီတဲ့ ပုံစံမျိုးတွေကို လာလာမေးကြပါတယ်၊ ကျောက်စိမ်း၊ ကျောက်မျက် အချောထည် ဈေးကွက်ဖွံ့ဖြိုးလာတယ်လို့လည်း ပြောလို့ရ ပါတယ်၊ ရန်ကုန်တိုင်းဒေသကြီးမှာ ပြုလုပ်တဲ့ ကျောက်စိမ်း ကျောက်မျက် အချောထည် ရောင်းချပွဲတွေမှာလည်း တော်တော်ရောင်းခဲ့ ရပါတယ်၊ ကျောက်စိမ်း၊ ကျောက်မျက် အချောထည်လုပ်ငန်းနဲ့ဈေးကွက် ဒီထက် ဖွံ့ဖြိုးလာဖို့ လိုအပ်ချက်တွေတော့ ရှိပါသေး တယ်၊ အချောထည်လုပ်တဲ့လုပ်ငန်းမှာရော၊ လက်ဝတ်ရတနာလုပ်တဲ့ ဒီဇိုင်းပိုင်းတွေမှာပါ တစ်ဖက်နိုင်ငံက လုပ်တာပိုကောင်းပါတယ်၊ ကျောက်တွေကတော့ မြန်မာနိုင်ငံက ကျောက်တွေပါပဲ၊ အချောထည်အပိုင်းမှာ လက်ဝတ်ရတနာ လုပ်တဲ့ စက်နဲ့ နည်းပညာ တွေ လိုအပ်ပါတယ်၊ ကျောက်သွေး၊ ကျောက် ဖြတ်လုပ်ငန်း၊ အရောင်တင်လုပ်င
န်းတွေမှာ လည်း လိုအပ်ချက်ရှိနေပါသေးတယ်၊ အခု ကျွန်တော်တို့ နိုင်ငံတကာပြပွဲတွေကို သွားရောက်ပြသရောင်းချပြီးတော့ နိုင်ငံတကာ ကို ထိုးဖောက်နေပါတယ်၊ မြန်မာ့တွင်းထွက် ကျောက်မျက်ရတနာတွေကို နိုင်ငံတကာက ပိုမိုစိတ်ဝင်စားလာအောင် ကမ္ဘာ့ဈေးကွက် ရရှိလာအောင် လုပ်ဆောင်နေပါတယ်''ဟု ပြောသည်။
အချောထည်များ ပြသရောင်းချ
ယခု (၅၅)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက် ရတနာ သင်တန်းကျောင်း(နေပြည်တော်)မှ သင်တန်းသား သင်တန်းသူများ၏ ကျောက်စိမ်း၊ ကျောက်မျက်၊ ပယင်း ထုတ်ကုန် အချောထည်ပစ္စည်းများ လာရောက်ပြသ ရောင်းချလျက်ရှိပြီး ငွေကျပ်သိန်း ၁ဝဝ တန်ဖိုးခန့် ရောင်းချပြီးဖြစ်ကြောင်း သိရသည်။
ကျောက်မျက်ရတနာသင်တန်းကျောင်း (နေပြည်တော်) ကျောင်းအုပ်ကြီး ဦးသောင်းကြည်က ''သင်တန်းကျောင်းက ကလေး သုံးဦးနဲ့ ဆရာ တစ်ဦး ပူးပေါင်းပြီး ထုတ်လိုက်တဲ့ ကျောက်ကပ်ပန်းချီကားကို ငွေကျပ် ၃၅ သိန်း ပေးဝယ်သွားပါတယ်၊ အဲဒီနေ့ကဆို တစ်ရက်တည်းနဲ့ တခြား ပန်းချီကားအသေးနဲ့ဆို ငွေကျပ်သိန်း ၄ဝ နဲ့ ၉ဝဝဝဝ ဖိုး ရောင်းရပါတယ်၊ လုပ်ငန်းရှင်ကြီး တွေကလည်း အားပေးကြသလို ကလေးတွေက လည်း ကြိုးစားကြပါတယ်၊ သင်တန်းကျောင်း ကနေ ထုတ်လုပ်တဲ့ ထုတ်ကုန်ပစ္စည်းအမျိုး ပေါင်း ၃၅ဝ ကျော်ရှိပါတယ်၊ လက်ရာ မြောက်တဲ့၊ ဈေးကွက်ဝင်တဲ့ ဒီထုတ်ကုန်တွေကို သင်တန်းသား သင်တန်းသူတွေက သင်တန်း ကာလ ခုနစ်လပြည့်တဲ့အချိန်မှာ ထုတ်လုပ် နိုင်တာဖြစ်ပါတယ်၊ အခု (၅၅)ကြိမ်မြောက် ပြပွဲမှာဆိုရင် သင်တန်းကျောင်းက ကလေး တွေထုတ်တဲ့ ပစ္စည်းတွေဟာ သိန်း ၁ဝဝ ဖိုးနီးပါးလောက် အရောင်းထွက်ခဲ့သလို ဈေးကွက်ကိုလည်း ထိုးဖောက်နိုင်ခဲ့ပါတယ်'' ဟု ပြောသည်။
အလုပ်အကိုင်များ ရရှိစေရန်
ကျောက်မျက်ရတနာသင်တန်းကျောင်း (နေပြည်တော်)ကို ၂ဝ၁၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ ပြီး သင်တန်းကျောင်း၏ အဓိက ရည်ရွယ် ချက်မှာ အခြေခံလူတန်းစားများ အလုပ် အကိုင် အခွင့်အလမ်းများရရှိစေရန်၊ မြန်မာ နိုင်ငံ ကျောက်မျက်ရတနာ အချောထည် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ အချောထည် လုပ်ငန်းများ ထုတ်လုပ်ရောင်းချမှုများမှ ရလာ မည့် နိုင်ငံတော်အခွန်ဘဏ္ဍာများ တိုးပွားရရှိ စေရန် ရည်ရွယ်ကြောင်း သိရသည်။
ကျောင်းအုပ်ကြီး ဦးသောင်းကြည်က ''မျိုးဆက်သစ်လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးက အဓိကပါပဲ၊ အနာဂတ်ရည်မှန်းချက်ထဲမှာတော့ ဒီသင်တန်း ကျောင်းက ထူးချွန်တဲ့ကလေးတွေကို နိုင်ငံခြား ကို ပညာတော်သင်စေလွှတ်ဖို့ပါပါတယ်၊ သင်တန်းသား ၅ဝ ကို ရွှေလီ၊ ကြယ်ဂေါင်က နိုင်ငံတကာ ကျောက်စိမ်း၊ ကျောက်မျက် ကောလိပ်ကို ပညာတော်သင် သုံးနှစ်ပို့ခဲ့ပါ တယ်၊ အခုဆိုရင် သူတို့ တစ်နှစ်ပြည့်သွားပါပြီ၊ မကြာခင်မှာလည်း ယူနန်ပြည်နယ်ခွဲ ပေါင်ရှန်း တက္ကသိုလ်မှာ အခုသင်တန်းအပတ်စဉ်က ထူးချွန်တဲ့ကလေး ၁ဝ ယောက်ကို ပို့မှာဖြစ်ပါ တယ်၊ အခုသွားတက်မယ့် ကလေး ၁ဝ ယောက်က ကျောက်စိမ်းအချောထည် ထုတ်လုပ်တဲ့ ပညာတွေအပြင် နိုင်ငံခြား ဆက်ဆံရေးဘာသာ၊ ဟိုတယ်နဲ့ခရီးပညာရပ် စတဲ့ပညာရပ် လေး၊ ငါးခုခန့် တွဲဖက်သင်ကြား ခွင့်ရမှာဖြစ်ပါတယ်၊ ဒီကလေးတွေက ကျောက်မျက်ပညာရှင်လည်း ဖြစ်သွားမယ်၊ ဟိုတယ်နဲ့ ခရီးပညာရှင်လည်းဖြစ်သွားမယ်။''
အလုပ်အကိုင် ချက်ချင်းရ
''နည်းပြလိုအပ်ချက်တွေရှိရင် ထူးချွန်တဲ့ သင်တန်းသားတွေကို ဒီမှာပဲ ဝန်ထမ်းပြန်ခန့် ပေးလိုက်ပါတယ်၊ အလုပ်အကိုင် ချက်ချင်းရ သွားတာပေါ့၊ ဒီသင်တန်းက ဆင်းသွားတဲ့ ကလေးတွေက မန္တလေး၊ မြစ်ကြီးနား၊ ဖားကန့်၊ မိုးကုတ် ဒေသတွေမှာ ဒီကသင်ပေးလိုက်တဲ့ ဘာသာရပ်တွေနဲ့ သူတို့ လုပ်ငန်းခွင်မှာ လက်တွေ့အကောင်အထည်ဖော်ပြီး သူတို့ ကိုယ်တိုင် ဆိုင်တွေထောင်တယ်၊ အစုအဖွဲ့ တွေဖွဲ့ပြီး လုပ်ကိုင်နေတာတွေ တွေ့ခဲ့ရပါ တယ်၊ သင်တန်းကျောင်းက သင်ပေးလိုက်တဲ့ ကလေးတွေတင် အလုပ်အကိုင်အခွင့်အလမ်း ရတာမဟုတ်ဘဲနဲ့ အဲဒီကလေးတွေက သူတို့ သူငယ်ချင်းတွေနဲ့ပါ ပြန်လုပ်ရင်းနဲ့ ဆင့်ပွား ပညာရပ်တွေ ထပ်ပြီးတော့ ကမ်းလှမ်းနိုင်ခဲ့ပါ တယ်၊ အဲဒီအပြင် ကုမ္ပဏီတွေက လိုအပ် ချက်ရှိလာပြီဆိုရင် ချိတ်ဆက်ပြီးတော့ ဒီက ကလေးတွေကို ပို့ဆောင်ပေးတာရှိပါတယ်၊ ကျွန်တော်တို့ ကလေးတွေက လစာ နှစ်သိန်း၊ သုံးသိန်း၊ ငါးသိန်းလောက်ထိ ရပါတယ်၊ ဒီသင်တန်းဆင်းပြီးရင် ကလေးတွေသာ လုပ်ချင်ကိုင်ချင်စိတ်ရှိမယ်ဆိုရင် အလုပ် အကိုင် ချက်ချင်းရရပါမယ်၊ သူတို့ဆင်းတဲ့ ဘာသာရပ်နဲ့ ရတနာနယ်မြေတွေ၊ ဈေးကွက် ရှိတဲ့ မြို့တွေမှာ အလုပ်အကိုင်အခွင့်အလမ်း ချက်ချင်းရပါမယ်''ဟု ပြောသည်။
ကျောက်မျက်ရတနာသင်တန်းကျောင်း (နေပြည်တော်)တွင် အဓိကဘာသာရပ် ခုနစ်မျိုး သင်ကြားပေးလျက်ရှိပြီး ပူးတွဲ အထောက်အကူပြု ဘာသာရပ်အနေဖြင့် အင်္ဂလိပ်အခြေခံ စကားပြော၊ တရုတ်အခြေခံ စကားပြော၊ ကွန်ပျူတာအခြေခံနှင့် ပန်းချီ ဒီဇိုင်းအခြေခံများကိုပါ သင်ကြားပေးလျက်ရှိ ကြောင်း၊ သင်တန်းကာလမှာ အခြေခံ လေးလ နှင့် အဆင့်မြင့် လေးလ စုစုပေါင်း ရှစ်လဖြစ် ကြောင်း သိရသည်။
လက်ရာမီ
ကျောင်းအုပ်ကြီး ဦးသောင်းကြည်က ''ကလေးတွေကို သီအိုရီပိုင်းနည်းနည်း၊ လက်တွေ့ပိုင်းများများ သင်ပါတယ်၊ နည်းနည်းသင် များများလုပ် သင်ပေးတဲ့ အတွက် ကလေးတွေ ချက်ချင်းတတ်ပါတယ်၊ ပြပွဲမှာရောင်းပေးနေတဲ့ လက်ပန်းထိမ်၊ စက် ပန်းထိမ်ကနေ ထုတ်တဲ့ လက်ဝတ်ရတနာတွေ ဆိုရင် သူများတွေ သုံး၊ လေးနှစ် လေ့ကျင့် ထားတဲ့ လက်ရာကို ကလေးတွေရဲ့ လက်ရာက သွားမီပါတယ်။''
သင်ကြားလျက်ရှိ
''အခုအပတ်စဉ်မှာ အမျိုးသား ၈၉ ဦး၊ အမျိုးသမီး ၆၁ ဦး စုစုပေါင်း ၁၅ဝ ကို သင်ကြားပို့ချပေးနေပါတယ်၊ ကွန်ပျူတာပန်းပု သင်တန်းမှာ ၁၉ ဦး၊ လက်ပန်းပုသင်တန်းမှာ ၂၅ ဦး၊ စက်ပန်းထိမ်သင်တန်းမှာ ၂ဝ၊ လက် ပန်းထိမ်သင်တန်းမှာ ၁၅ ဦး၊ ကျောက်မျက်၊ ပယင်း(အပွင့်သွေး)သင်တန်းမှာ ၂၇ ဦး၊ ကျောက်စိမ်းပုတီး၊ လက်ကောက်သင်တန်းမှာ ၂၆ ဦး၊ ကျောက်ပန်းချီ၊ ဒီဇိုင်းသင်တန်းမှာ ၁၈ ဦး တက်ရောက်သင်ကြားလျက်ရှိပါတယ်၊ သင်ကြားမှု၊ နေထိုင်မှု၊ စားသောက်မှု အားလုံး အခမဲ့ဖြစ်ပါတယ်၊ အခြေခံ လေးလသင်တန်း မှာတော့ ကျွမ်းကျင်လုပ်သားနည်းပြတွေနဲ့ သင်ကြားပါတယ်၊ အဆင့်မြင့် လေးလ သင်တန်းမှာတော့ ကျွမ်းကျင်လုပ်သားနည်းပြ တွေ၊ ပြင်ပနည်းပြတွေနဲ့ သင်ကြားပါတယ်၊ ပြင်ပနည်းပြကျတော့ လက်တွေ့ ကျောက် လောကမှာ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင် တွေ၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ် တက္ကသိုလ်တွေက ဘူမိဗေဒပညာရှင်တွေ၊ ပါမောက္ခတွေ၊ ဒေါက်တာတွေ၊ ဝန်ကြီးဌာနက နည်းပြတွေ၊ ဒီဇိုင်းပညာရှင်တွေ လာရောက် သင်ကြားပေးပါတယ်။''
အဆင့်မြှင့်တင်
''အခုလောလောဆယ် ဒီသင်တန်း ကျောင်းကြီး မှတ်ပုံတင်ခွင့်ရရှိရေး ဆောင်ရွက် နေပါတယ်၊ နောက်တစ်ဆင့် ကောလိပ် အဆင့်မြှင့်တင်နိုင်ဖို့ ဆောင်ရွက်သွားပါမယ်၊ ပြီးရင်တော့ မြန်မာနိုင်ငံ ကျောက်မျက် တက္ကသိုလ်အဆင့်အထိ ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ပြီး ကြိုးစားနေပါတယ်'' ဟု ပြော သည်။
ဇွန် ၂၆ ရက်တွင် ကျောက်စိမ်း အတွဲ အမှတ် ၂၃ဝ၁ မှ ၃၄၅ဝ အထိ အတွဲပေါင်း ၁၁၅ဝ တွဲကို ဆက်လက်ရောင်းချသွားမည်ဖြစ် ကြောင်း သိရသည်။
ကျော်သူထက်(သတင်းစဉ်)

No comments:

Post a Comment