Saturday, June 23, 2018

အေဒင်ပင်လယ်ကွေ့အတွင်းသို့ စစ်ရေယာဉ်များ အီရန်စေလွှတ်

Image may contain: ocean, sky, outdoor, water and nature
အစ္စတန်ဘူလ် ဇွန် ၂၂
လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းမှစ၍ ယီမင်နိုင်ငံ အယ်လ်ဟူဒေဒါပြည်နယ်တွင် အစိုးရတပ်ဖွဲ့များနှင့် ဟူသီ သူပုန်များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေချိန် အတွင်း အီရန်နိုင်ငံက ဇွန် ၂၂ ရက်တွင် အေဒင်ပင်လယ် ကွေ့သို့ စစ်ရေယာဉ်နှစ်စင်းကို စေလွှတ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
အေဒင်ပင်လယ်ကွေ့သို့ အီရန်နိုင်ငံက ရဟတ်ယာဉ် တင်စစ်ရေယာဉ်တစ်စင်းနှင့် ဖျက်သင်္ဘောတစ်စင်းတို့ကို စေလွှတ်လိုက်ကြောင်း အစိုးရအာဘော်တစ်ပိုင်းဖြစ်သည့် တက်စ်နမ်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
မဟာဗျူဟာအရ အလွန်အရေးပါသည့် အေဒင် ပင်လယ်ကွေ့သည် အိန္ဒိယသမုဒ္ဒရာနှင့် ပင်လယ်နီတို့ကို ချိတ်ဆက်ထားသည်။
ဟူသီသူပုန်များနှင့် ယီမင်အစိုးရတပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဇွန် ၂ဝ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံမှ ဦးဆောင်သည့် စစ်ရေးညွန့်ပေါင်း တပ်ဖွဲ့က ထောက်ခံအားပေးသည့် ယီမင်အစိုးရတပ်ဖွဲ့များ က ဟိုဒေဒါမြို့ရှိ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကို သိမ်းယူခဲ့သည်။
ဟူသီသူပုန်များသည် ယီမင်နိုင်ငံတွင်းသို့ အီရန်နိုင်ငံ မှ လက်နက်များမှောင်ခိုတင်သွင်းမှုပြုလုပ်နေသည်ဟု နိုင်ငံတကာ အသိအမှတ်ပြုခံရသော ယီမင်အစိုးရနှင့် ယင်း၏ မဟာမိတ်တို့က စွပ်စွဲခဲ့ကြသည်။
ဆင်းရဲနွမ်းပါးသော ယီမင်နိုင်ငံသည် ၂ဝ၁၄ ခုနှစ် ကတည်းက စတင်ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့ရပြီး ရှီးယိုက်အနွယ်ဝင် ဟူသီသူပုန် များက မြို့တော်ဆာနားအပါအဝင် နိုင်ငံတစ်ဝန်းလုံးကို လွှမ်းခြုံထားခဲ့သည်။
ယီမင်နိုင်ငံတွင်း၌ လက်နက်ကိုင်ပဋိပက္ခသည် ၂ဝ၁၅ ခုနှစ်တွင် ပိုမိုအရှိန်မြင့်တက်လာပြီး ဆော်ဒီအာရေဗျ နိုင်ငံက ဦးဆောင်သည့် ဆွန်နီအာရပ်မဟာမိတ်အဖွဲ့က ဟူသီသူပုန်များကို အီရန်နိုင်ငံက ကြိုးကိုင်လှုပ်ရှားမှု၌ ပါဝင်လှုပ်ရှားသူများအဖြစ် စွပ်စွဲကာ လေကြောင်းစီးနင်း တိုက်ခိုက်မှုများ အကြီးအကျယ်ပြုလုပ်ခဲ့ပြီး ယီမင်နိုင်ငံတွင် မူလအုပ်စိုးသူများ အာဏာပြန်လည်ရရှိရေးအတွက် ရည်မှန်းချက်ထားလုပ်ဆောင်ခဲ့သည်။
ပြီးခဲ့သည့် နှစ်အနည်းငယ်က ကုလသမဂ္ဂ၏ ကမကထပြုမှုဖြင့် ကူဝိတ်နိုင်ငံတွင် ယီမင်နိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် အောင်မြင်မှု မရရှိခဲ့ပေ။
အေအက်ဖ်ပီ

No comments:

Post a Comment