Tuesday, June 26, 2018

အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစိုးရ-ပုဂ္ဂလိကအကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Image may contain: 1 person, sitting and indoor
ရန်ကုန် ဇွန် ၂၅
ပြန်ကြားရေးဝန်ကြီးဌာနနှင့်Sandhi Governance Institute တို့ ပူးပေါင်းကျင်းပသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစိုးရ-ပုဂ္ဂလိက အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း (Public-Private Partnership-PPP) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Park Royalဟိုတယ်၌ ကျင်းပသည်။
ဦးစွာ Sandhi Governance Instituteဒါရိုက်တာ ဦးခိုင်ဝင်းက ''မြန်မာနိုင်ငံမှာ PPP နဲ့ ပတ်သက် တဲ့ မူဘောင်တွေ၊ ဥပဒေတွေ မရှိသေးဘူး ဖြစ်နေတယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သုံးသပ်ချက်အရ PPP အကောင်အထည်ဖော်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာန တွေမှာ စွမ်းဆောင်ရည်နည်းနေသေးတယ်။ PPP ယူနစ်ကို စနစ်တကျဖွဲ့စည်းထားတာ မရှိသေးဘူး၊ ဒါကြောင့် အလုပ်ရုံဆွေးနွေးပွဲကနေ PPP နဲ့ သက်ဆိုင်တဲ့ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ မူဘောင်တွေ ပေါ်လာမယ်လို့ မျှော်လင့်တယ်၊ အစိုးရရဲ့ PPP စီမံခန့်ခွဲမှု၊ စွမ်းရည် တက်လာဖို့ သက်ဆိုင်ရာဝန်ကြီးဌာနကနေ အထောက်အပံ့ ပေးနိုင်မယ့် ဖိလစ်ပိုင်ကလို PPP စင်တာတွေ ပေါ်ပေါက် လာမယ်လို့ မျှော်လင့်တယ်၊ အဲဒီရည်ရွယ်ချက်နဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ်'' ဟု ပြော သည်။
ပိုပြီးဖွံ့ဖြိုးတိုးတက်မယ်
ဆက်လက်ပြီး ဦးခိုင်ဝင်းက ''နိုင်ငံတော်အစိုးရပိုင်းက လည်း အခုလိုမူဘောင်တွေချမှတ်ပြီး စနစ်တကျပိုပြီး လုပ်နိုင်မယ်ဆိုရင် ထိရောက်တဲ့ PPP စီမံကိန်းတွေ ပေါ် လာမှာဖြစ်ပါတယ်၊ အချိန်တိုအတွင်းမှာ ဖိလစ်ပိုင်နိုင်ငံမှာ ငါးနှစ်၊ ခြောက်နှစ်အတွင်း ၃၅ ဘီလီယံလောက်ရှိတဲ့ PPP စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ခဲ့တယ်၊ နည်းတဲ့ပမာဏ မဟုတ်ဘူး၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု လုပ်တဲ့အခါ မိမိနိုင်ငံရဲ့ GDP ကို အများကြီး အထောက် အပံ့ပေးနိုင်တယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးပံ့ပိုးနိုင်တယ်၊ လမ်းတံတား၊ လျှပ်စစ်မီးတွေ ကောင်းသွားတဲ့အတွက် ဆက်ပြီးရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာ မယ်၊ အလုပ်အကိုင်တွေ ပိုပြီးဖန်တီးပေးနိုင်တဲ့အတွက် တိုင်းပြည်စီးပွားရေး ပိုပြီးဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်''ဟု သုံးသပ်ပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပရာ ဖိလစ် ပိုင်နိုင်ငံမှ PPP ပညာရှင် Professor Andre Palacios က အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ရေး အတွက် လိုက်နာရမည့် အခြေခံအချက်များနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက်Sandhi Governance Instituteဒါရိုက်တာ ဦးခိုင်ဝင်းက မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ လိုအပ်ချက်များ၊ ရင်ဆိုင်ရမည့် ပြဿနာ များနှင့် အခွင့်အလမ်းများကို ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ၏ မေးမြန်းချက် များကို ပြန်လည်ဖြေကြားကြကာ အစုအဖွဲ့လိုက်ဆွေးနွေး ကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ပထမအကြိမ်အဖြစ် နေပြည်တော်၌ မေ ၂၄ ရက်က ကျင်းပခဲ့ပြီး ယခုဒုတိယအကြိမ်ကို ရန်ကုန်မြို့၌ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အကျိုးတူပူးပေါင်း
အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း သည် ယခင်က အစိုးရတစ်ခုတည်းကသာ လုပ်ကိုင်ခဲ့ပြီး ပုဂ္ဂလိကအား ဝင်ရောက်လုပ်ကိုင်ခွင့်မပြုခဲ့သည့် လျှပ်စစ် ထုတ်လုပ်ရေး၊ လျှပ်စစ်ဖြန့်ဖြူးရေး၊ ရေဖြန့်ဖြူးရေး၊ လမ်း/တံတားတည်ဆောက်ရေးလုပ်ငန်းများ အစရှိသည့် ကြီးမားသည့် အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများတွင် ပုဂ္ဂလိကကို ရင်းနှီးမြှုပ်နှံခွင့်ပြုပြီး လုပ်ကိုင်ခွင့်ပေးခြင်း၊ နိုင်ငံတော်ပိုင် လျှပ်စစ်ထုတ်လုပ်သည့် ဓာတ်အားပေး စက်ရုံများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသည့် လုပ်ငန်းများ၊ မြို့တော်ရေပေးဝေရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ ရောင်းချခြင်းကို ခေါ်ဆိုခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-ရီမီသန့်၊ ဓာတ်ပုံ- ဇော်ရဲထွဋ်

No comments:

Post a Comment