Saturday, June 23, 2018

ပြည်သူများထံသွားရောက်၍ ပူးပေါင်းပါဝင်

Image may contain: text

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပပြီးစီးသွားပြီဖြစ်သည်။ မေလ ၁၄ ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် အဋ္ဌမပုံမှန်အစည်းအဝေးသည် ဇွန်လ ၂ဝ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပြီ။ လွှတ်တော်အစည်းအဝေး ကာလအတွင်း နိုင်ငံတော်နှင့်အများပြည်သူအကျိုးစီးပွားကို အလေးထား ရှေးရှု၍ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်များအား ထိန်းကျောင်းတည့်မတ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကာလအတွင်း ကြယ်ပွင့်ပြမေးခွန်း ၁ဝ၉ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၂၄၅ ခု ဖြေကြားခြင်း များ၊ အရေးကြီးအဆို တစ်ခု၊ ဝမ်းနည်းကြောင်း အဆိုတစ်ခုအပါအဝင် အဆို ၁၃ ခု တင်သွင်းနိုင်ခဲ့သည်။ ဆွေးနွေးရန် အဆိုလေးခု ကျန်ရှိ သည်။ ယခုအစည်းအဝေးကာလအတွင်း ဥပဒေကြမ်း ၃၇ ခု ဆွေးနွေး ဆောင်ရွက်ခဲ့ပြီး ဥပဒေကြမ်း ၁၄ ခုကို အတည်ပြုနိုင်ခဲ့ကာ ဥပဒေကြမ်း ၂၃ ခု ဆက်လက် ဆောင်ရွက်ရန်ရှိသည်။ ထို့အပြင် ဂုဏ်ပြုဝမ်းမြောက် ကြောင်း သဝဏ်လွှာ ၁၈ စောင်ကို မှတ်တမ်းတင်ခြင်း၊ ကတိသစ္စာပြုခြင်း၊ သက်တမ်းတိုးခြင်း၊ တာဝန်ပေးအပ်ခြင်း၊ ခန့်အပ်ခြင်း၊ အစားထိုးလဲလှယ် ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကာလအတွင်း ကော်မတီအစည်းအဝေးများ အကြိမ် ၁ဝဝ ပြုလုပ်နိုင်ခဲ့သည်။ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များအတွက် လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်း စာစောင်များ ထုတ်ဝေနိုင်ခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များ သိရှိလို သည့်သတင်းအချက်အလက် မေးမြန်းမှုများအနက် ၄၈ ချက် ရှာဖွေပေး နိုင်ခဲ့ပြီး ဆောင်ရွက်ဆဲ ၁၅ ချက်ရှိသည်။ အစည်းအဝေးတွင် ဥပဒေကြမ်း များကို ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့နိုင်ခဲ့သည်။
ဒီမိုကရေစီစနစ်၏ အသက်သွေးကြောဖြစ်သည့် လွှတ်တော် လုပ်ငန်းစဉ်များ မှန်ကန်စွာလည်ပတ်နိုင်ရေးသည် လွှတ်တော်ကိုယ်စား လှယ်များအပေါ်တွင် မူတည်သည်။ မဲဆန္ဒရှင်ပြည်သူများအား ကိုယ်စား ပြု၍ ဥပဒေပြုရေးမဏ္ဍိုင် ခိုင်မာအားကောင်းအောင် လွှတ်တော်ကိုယ်စား လှယ်များက ဆောင်ရွက်ကြရသည်။ ဥပဒေပြုသူများပီပီ ဥပဒေ၊ နည်း ဥပဒေများကို စံနမူနာပြ လေးစားလိုက်နာကြသူများအဖြစ် အစဉ်အမြဲ တည်ဆောက်နေသူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရသည်။
ယခုအခါ လွှတ်တော်အစည်းအဝေးများ ရပ်နားလိုက်ပြီဖြစ်၍ အစည်းအဝေးများ ရပ်နားထားစဉ်ကာလအတွင်း ပြည်သူလူထု၏ ယုံကြည်အားကိုး လေးစားတန်ဖိုးထားရသူများဖြစ်အောင် ပြုမူပြောဆို နေထိုင်သွားကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မှာကြားထားသည်။ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေကြသူများပီပီ ပြည်သူလူထုအား ဒီမိုကရေစီအလေ့အကျင့်ကောင်းများကို လေးစား လိုက်နာရန် ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် အတွေ့အကြုံ၊ ပညာ၊ ဗဟုသုတနှင့် ဆင်ခြင်တုံတရား တို့ ပေါင်းစပ်ပြီး ဆောင်ရွက်မှသာ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရလဒ်ကောင်းများပေါ်ထွက်လာမည် ဖြစ်သည်။
သို့ဖြစ်ရာ လွှတ်တော်များရပ်နားထားစဉ်ကာလအတွင်း မဲဆန္ဒရှင် ပြည်သူများထံသို့ အရောက်သွား၍ ပြည်သူ့အသံကို အလေးထားမှတ်သား နားထောင်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် စေတနာအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပါတီစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲများမထားဘဲ ပြည်သူ့ အကျိုးကို ဦးထိပ်ပန်ဆင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့အကျိုးပြုကြ လိမ့်မည်ဟု ယုံကြည်ပါသည်။ ။

No comments:

Post a Comment