Saturday, June 23, 2018

YBS-Airport Shuttle Bus အမည်ဖြင့် လေဆိပ်-ဆူးလေ လွန်းပြန်ယာဉ်လိုင်းသစ် စတင်ပြေးဆွဲ

Image may contain: one or more people, sky and outdoor

ရန်ကုန် ဇွန် ၂၂
ရန်ကုန်မြို့နေ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရန် YBS-Airport Shuttle Busအမည်ဖြင့် လေဆိပ်-ဆူးလေ ယာဉ်လိုင်းအသစ်ကို ယနေ့တွင် ယာဉ်အစီးရေ ၃ဝ ဖြင့် စတင်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း Omni Focusကုမ္ပဏီမှ သိရသည်။
အဆိုပါ ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ''ဒီနေ့မှာ စတင်ပြေးဆွဲတာပါ၊ ပထမဆုံးရက်ဖြစ်တဲ့အတွက် ယာဉ် စီးခ အခမဲ့ ပြေးဆွဲပေးတာပါ၊ လေဆိပ်-ဆူးလေ လွန်းပြန်ယာဉ် အနေနဲ့ ပြေးဆွဲမှာဖြစ်တဲ့အတွက် ယာဉ်လမ်းကြောင်းမှာရှိတဲ့ မှတ်တိုင် အားလုံး ရပ်မှာမဟုတ်ပါဘူး၊ သတ်မှတ် ထားတဲ့ မှတ်တိုင်တွေမှာပဲ ရပ်မှာဖြစ် ပါတယ်၊ စုစုပေါင်းရပ်မယ့်မှတ်တိုင် ၁၈ ခုပဲ ရှိပါတယ်၊ ယာဉ်စီးခကတော့ ပုံသေ ကျပ် ၅ဝဝ ဖြစ်ပါတယ်'' ဟု ပြောသည်။
ဆက်လက်၍ ၄င်းက ''လေဆိပ်အနီး မှာ နေထိုင်တဲ့သူတွေ၊ လေဆိပ်ဝန်ထမ်း တွေနဲ့ ပြည်တွင်း ပြည်ပခရီးသည် တွေအတွက် လိုအပ်ချက်အပေါ် မူတည်ပြီး အဆင်ပြေအောင် ပြေးဆွဲ ပေးတာဖြစ်ပါတယ်၊ မှတ်တိုင်တိုင်းကို
မရပ်တဲ့အတွက် ခရီးသွားလာမှုအတွက် အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေပေါ်မူတည်ပြီး အဆင်ပြေအောင်၊ အကောင်းဆုံးပုံစံ ဖြစ်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်''ဟု ပြောသည်။
နည်းနည်းများတယ်လို့မြင်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)၏ ကြီးကြပ်မှုဖြင့် Omni Focus ကုမ္ပဏီက တာဝန်ယူပြေးဆွဲပေးခြင်းဖြစ်သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အလုပ်လုပ်ကိုင်သူ ရန်ကင်း မြို့နယ်နေ ဦးဇော်သိန်းက ''ကျွန်တော့်အနေနဲ့ကတော့ လေဆိပ်ကနေ မြန်မာပလာဇာအထိ စီးလို့ရတယ်၊ အဲဒီကနေ နောက်ထပ်တစ်ဆင့် ပြောင်းပြီး စီးရမှာပါ၊ အရင်တုန်းကတော့ လေဆိပ်ကနေ ဆယ်မိုင်ကုန်းအထိ ဟိုက်ဂျက် ကားလေးတွေကို နှစ်ရာပေးပြီးစီးရတယ်၊ အဲဒီကနေYBS ကို နှစ်ဆင့် လောက် ထပ်စီးရတာပါ၊ အခုတော့ အဆင်ပြေသွားပါပြီ၊ ဒါပေမယ့် နောက်ရက် တွေကျရင်တော့ ယာဉ်စီးခက ပုံသေ ငါးရာကျပ်ဆိုတော့ နောက်တစ်ဆင့် ကားပြောင်းစီးရမယ့် သူတွေအတွက်ကတော့ နည်းနည်းများတယ်လို့ မြင်ပါ တယ်၊ ကျွန်တော်တို့လို အမြဲတမ်းစီးမယ့် လေဆိပ်ဝန်ထမ်းတွေအတွက် ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး ကတ်စနစ်နဲ့လုပ်ပေးရင် ပိုကောင်းမှာပါ''ဟု ပြောသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးရှိ ကြံခင်းစုရပ်ကွက်နေ ဦးကျော်မြင့်က ''အရင်တုန်းကဆိုရင် လေဆိပ်ကနေ ဆယ်မိုင်ကုန်း၊ ဆယ်မိုင်ကုန်းကနေတစ်ဆင့် မြို့ထဲကို အဆင်ပြေတဲ့ ကားစီးပြီးသွားရတာပါ၊ နှစ်ဆင့်၊ သုံးဆင့်လောက်စီးမှ မြို့ထဲကိုရောက်ပါတယ်၊ အခုလိုပြေးဆွဲပေး တော့ တော်တော်အဆင်ပြေသွားပါတယ်၊ ယာဉ်စီးခ ပုံသေ ငါးရာကျပ် ဆိုတာကတော့ ကျွန်တော်တို့လို လေဆိပ်နားမှာနေတဲ့သူတွေအတွက် အဆင်ပြေပါတယ်၊ လမ်းတက် လမ်းဆင်းတွေအတွက်ကတော့ အနည်းငယ် များမယ်လို့မြင်ပါတယ်''ဟု ပြောသည်။
တိုးချဲ့ပြေးဆွဲရန် စီစဉ်ထား
စတင်ပြေးဆွဲရာတွင် ယာဉ်အစီးရေ ၃ဝ ဖြင့် စမ်းသပ်ပြေးဆွဲပေးလျက်ရှိပြီး နောက်ပိုင်းတွင် ခရီးသည်စီးနင်းမှုအရ လိုအပ်ချက်များရှိပါက ယာဉ်အစီးရေ ၅ဝ အထိ တိုးချဲ့ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။
ခရီးသည်များအတွက် ဝန်ဆောင်မှုအပိုင်းကို အဆိုပါကုမ္ပဏီက တာဝန်ယူ ပြေးဆွဲပေးလျက်ရှိသော့ YBS၂ဝ၊ ၈၃၊ ၅၆ ယာဉ်လိုင်းများကဲ့သို့ ခရီးသည်များ စိတ်ကျေနပ်မှုရှိစေရန် ဝန်ဆောင်မှုများပေးသွားမည်ဖြစ်ကြောင်း ဦးထွန်းတောက်ဝင်းက ဆိုသည်။
အဆိုပါယာဉ်လိုင်း၌ ပြေးဆွဲမည့် ယာဉ်များတွင်YBSတံဆိပ် ပါရှိမည် ဖြစ်သော်လည်း ယာဉ်လိုင်းနံပါတ် မပါရှိဘဲ Airport Shuttle Bus အမည်ဖြင့် ပြေးဆွဲပေးလျက်ရှိပြီး ယင်းသို့ပြေးဆွဲရာတွင် ခရီးသည်များ၏ ခရီးဆောင်အိတ်များနှင့် လက်ဆွဲ အိတ်များအတွက် အခကြေးငွေပေးဆောင်ရန် မလိုသော်လည်း အနံ့အသက်ပြင်းသည့် အထုပ်အပိုးများနှင့် ကုန်စိမ်းကဲ့သို့ အိတ်များ၊ ခြင်းတောင်းများကို လုံးဝတင်ဆောင်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
ယနေ့ပြေးဆွဲရာတွင် သိရှိသူနည်းပါးသေးသည့်အတွက် ခရီးသည် လိုက်ပါ စီးနင်းမှုမှာလည်း နည်းပါးလျက်ရှိကြောင်း၊ စီးနင်းလိုက်ပါသူ အများစုမှာ လေဆိပ်မှတ်တိုင်မှဖြစ်ပြီး ကြားမှတ်တိုင်များမှ စီးနင်းသူ နည်းပါးနေသေး ကြောင်း Airport Shuttle Bus ယာဉ်မောင်း ဦးကျော်ကျော်ဝင်းက ဆိုသည်။
အဆိုပါ ယာဉ်လိုင်း၏ အသွားမှတ်တိုင်များအဖြစ် လေဆိပ်၊ (၈)မိုင်၊ နဝဒေး၊ ကမ္ဘာအေးဘုရား၊ လမ်းနီ၊ ဟန်မီးသစ်၊ ရွှေဂုံတိုင်၊ ဗဟန်း(၃)လမ်း၊ ကျောက်တိုင်မှတ်တိုင်၊ ယောက်လမ်း၊ ဆူးလေတို့ဖြစ်ပြီး အပြန်မှတ်တိုင် များအဖြစ် ဆူးလေ၊ ဘူတာကြီး၊ တိရစ္ဆာန်ဥယျာဉ်၊ ဗဟန်း(၃)လမ်း၊ ရွှေဂုံတိုင်၊ လမ်းနီ၊ ကမ္ဘာအေးဘုရား၊ နဝဒေး၊ (၈)မိုင်၊ လေဆိပ်တို့ ဖြစ်သည်။
အလားတူ ဖြတ်သန်းသွားလာမည့် လမ်းများမှာ လေဆိပ်အဝင်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်လမ်း၊ အလံပြဘုရားလမ်းနှင့် ဆူးလေဘုရားလမ်းတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အများပြည်သူ သယ်ယူ ပို့ဆောင်ရေးအတွက် ပြေးဆွဲ နေသည့် YBSယာဉ်လိုင်း ၉၆ လိုင်း အထိရှိပြီး ထပ်မံ၍လည်း ရန်ကုန်မြို့ရှိ ပညာရေးတက္ကသိုလ်များကို အခြေပြု၍ ယာဉ်လိုင်း အသစ်များ တိုးချဲ့ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ထံမှ သိရသည်။
သတင်း- ဇော်ကြီး၊ ဓာတ်ပုံ- ဖေဇော်

No comments:

Post a Comment