Thursday, May 31, 2018

လီဗာပူးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင်တစ်ဦးဖြစ်လာတဲ့ ဖာဘင်ဟို

Image may contain: 1 person, smiling, standing
လီဗာပူးအသင်းဟာ မိုနာကိုကွင်းလယ်ကစားသမား ဖာဘင်ဟိုကို ပြောင်းရွှေ့ကြေး ပေါင် ၄၄ သန်းနဲ့ စာချုပ် ချုပ်ဆိုခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၂၄ နှစ် အရွယ်ရှိ ဘရာဇီးကွင်းလယ်ကစားသမား ဖာဘင်ဟိုဟာ ကနဦးအနေနဲ့ ပေါင် ၃၉ သန်းဖြင့် သဘောတူညီခဲ့တာ ဖြစ်ပြီး ကျန်ရှိသည့် ပြောင်းရွှေ့ကြေးကို ဖာဘင်ဟိုရဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ထပ်ပေးမယ်လို့လည်း သိရပါတယ်။
လီဗာပူးအသင်းအနေနဲ့ ဖာဘင်ဟိုကို ခေါ်ယူလိုက် ခြင်းဟာ လက်ရှိကွင်းလယ်ကစားသမား အမ်မရီကန် နေရာမှာ အစားထိုးဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး ဖာဘင်ဟိုဟာ ဇူလိုင် ၁ ရက်မှာ လီဗာပူးအသင်းကို ရောက်ရှိလာမယ့်လို့ လည်း သိရပါတယ်။
ကွင်းလယ်ကစားသမား အမ်မရီကန်ရဲ့ စာချုပ် သက်တမ်းဟာ အခုနွေရာသီအပြောင်းအရွှေ့ကာလမှာကုန်ဆုံးမှာဖြစ်တာမို့ အမ်မရီကန်ဟာ အီတလီစီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကွင်းလယ်ပိုင်းရော ခံစစ်ပိုင်း မှာပါ ကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်တဲ့ ဖာဘင်ဟိုကို ခေါ်ယူဖို့ လီဗာပူးအသင်းနည်းပြ ကလော့အနေနဲ့ စီစဉ် ခဲ့တာလည်း ဖြစ်ပါတယ်။
ကွင်းလယ်ကစားသမား ဖာဘင်ဟိုဟာ ၂ဝ၁၃ ခုနှစ် မှာ ပေါ်တူဂီကလပ် ရီယိုအေးဗီးအသင်းကနေ မိုနာကို အသင်းကို အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂ဝ၁၆-၂ဝ၁၇ ဘောလုံးရာသီမှာ မိုနာကိုအသင်းနဲ့အတူ ပြင်သစ်ပထမတန်းဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။
ဖာဘင်ဟိုရဲ့ ခြေစွမ်းပိုင်းထက်မြက်မှုတွေကြောင့် မိုနာကိုအသင်းက ၂ဝ၁၅ ခုနှစ်မှာ အမြဲတမ်းစာချုပ် တစ်ရပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစလို့ ဖာဘင်ဟိုရဲ့ မိုနာကိုအသင်းအတွက် စွမ်းဆောင်ပေးခဲ့မှုတွေကလည်း သိသိသာသာ ရှိလာခဲ့ပါတယ်။ ၂ဝ၁၇-၂ဝ၁၈ ဘောလုံး ရာသီမှာလည်း မိုနာကိုအသင်းနဲ့အတူ ၄၇ ပွဲ ပါဝင်ကစား ပေးခဲ့ပြီး ရှစ်ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။
မိုနာကိုအသင်းကို ဖာဘင်ဟို ရောက်ရှိလာချိန်မှစလို့ လီဗာပူးအသင်းကို မပြောင်းရွှေ့မီအထိ မိုနာကို အသင်းနဲ့အတူ ပြိုင်ပွဲအရပ်ရပ်မှာ ၂၂၅ ပွဲအထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၂၉ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
ပြင်သစ်ပထမတန်းပြိုင်ပွဲတွင် မိုနာကိုအသင်း အမှတ် ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ကွင်းလယ်ကစားသမား ဖာဘင်ဟိုကတော့ ရုရှားနိုင်ငံမှာ ကျင်းပမယ့် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဘရာဇီး အသင်းနဲ့အတူ ပါဝင်ခွင့်မရရှိခဲ့ပါဘူး။
ငွေကြယ်

No comments:

Post a Comment