Thursday, May 31, 2018

(၅) နှစ်မြောက် ရခိုင်အမျိုးသားနေ့အခမ်းအနား စစ်တွေ၊ မြောက်ဦး၊ ပေါက်တောနှင့် မောင်တောတို့၌ ကျင်းပ

Image may contain: 8 people, people smiling, people standing and wedding
စစ်တွေ မေ ၃ဝ
(၅) နှစ်မြောက် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို ယနေ့တွင် ရခိုင် ပြည်နယ် စစ်တွေမြို့၊ မြောက်ဦးမြို့ ပေါက်တောမြို့နှင့် မောင်တောမြို့တို့၌ ကျင်းပသည်။
စစ်တွေမြို့၌ ရခိုင်အမျိုးသားနေ့ကို နံနက် ၇ နာရီတွင် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးရင်ပြင်၌ ကျင်းပရာ ရခိုင်သမိုင်းသုတေသီ စာရေးဆရာကြီး ဦးမောင်ဗသိန်းက ရခိုင်အပြော သဒ္ဒါကျမ်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ဦးလှဝင်းက ရခိုင်အပြောသဒ္ဒါပါရဂူ(Ph.D)ဘွဲ့ ကျမ်းပြုသူ ဒေါက်တာ စန္ဒာဌေး (လက်ထောက်ကထိက မြန်မာစာဌာန စစ်တွေတက္ကသိုလ်)၏ ကိုယ်ရေး အကျဉ်းကိုဖတ်ကြားကာ ဒေါက်တာ စန္ဒာဌေးအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ သည်။
ဆက်လက်၍ စစ်တွေမြို့(ပုသိမ်)ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တပဏ္ဍိတ က ရခိုင်အမျိုးသားနေ့နှင့် ပတ်သက် ၍ သြဝါဒမိန့်ကြားပြီး ရခိုင် အမျိုးသားနေ့ကျင်းပရေး ကော်မတီ ကိုယ်စား ဦးစိုးနိုင်က ပွဲတော်ကျင်းပရ ခြင်းအကြောင်းကို ရှင်းလင်းပြောကြား သည်။
အခမ်းအနားသို့ စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
မြောက်ဦးမြို့၌ ရခိုင်အမျိုးသားနေ့ အခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် မင်္ဂလာ အောင်မြေနန်းသာကန် ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ အတွင်း ကျင်းပသည်။
အခမ်းအနားတွင် ရခိုင်အမျိုးသား နေ့အတွက် ပါတီ၊ လူမှုရေးအသင်း အဖွဲ့များမှ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာကို ဆရာဦးထွန်းလှိုင်က ဖတ်ကြားသည်။ ထို့နောက် မင်္ဂလာ အောင်မြေနန်းသာကန်ကျောင်းတိုက် ဆရာတော်က ရခိုင်အမျိုးသားနေ့ ဆိုင်ရာ သြဝါဒကို မြွက်ကြားချီးမြှင့်ကာ ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဦးဆောင်သူ ဦးထွန်းနေမင်းက ရခိုင် စာပေခေါင်းစဉ်ဖြင့် ရခိုင်သမိုင်း၊ ရခိုင် စာပေနှင့်ကျောက်စာများအကြောင်း သိကောင်းစရာများကို ဂုဏ်ပြု ဟောပြောသည်။
ယင်းအခမ်းအနားသို့ နန်းသာကန် ကျောင်းတိုက်ဆရာတော်နှင့် ပင့်ဖိတ် ထားသော ဆရာတော်၊ သံဃာတော် များ၊ ပွဲဖြစ်မြောက်ရေးကော်မတီ ဦးထွန်းနေမင်း၊ ဦးဦးထွန်းလှိုင်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ များမှ ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြသည်။
ပေါက်တောမြို့၌ ရခိုင်အမျိုးသား နေ့ အခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင် ပေါက်တောမြို့နယ်ခန်းမ ၌ ကျင်းပသည်။
ယင်းအခမ်းအနားတွင် သဘာပတိ က အဖွင့်အမှာစကားပြောကြားပြီး ရခိုင်အမျိုးသားနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောကြား သည်။
ထို့နောက် ရခိုင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနှင့် စပ်လျဉ်း၍ ဆရာတော်ဦးတေစိန္တက ရှင်းလင်း ပြောကြားခြင်း၊ ရခိုင်အမျိုးသမီးငယ် အဖွဲ့က ရခိုင်ယိမ်းအကဖြင့် ကပြ ဖျော်ဖြေခြင်း၊ ရခိုင်အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြပွဲ၊ ရခိုင်သီချင်း အဆိုပြိုင်ပွဲတို့တွင် ဆုရရှိသူ ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်သည်။
အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ပါတီအသီးသီးမှ ပုဂ္ဂိုလ်များ၊ မြို့မိ မြို့ဖများနှင့် ပြည်သူ ၃ဝဝ ခန့် တက်ရောက်ကြသည်။
မောင်တောမြို့၌ ရခိုင်အမျိုးသား နေ့အခမ်းအနားကို နံနက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပ သည်။
အခမ်းအနားတွင် ရခိုင်အမျိုးသား နေ့ ကျင်းပရေးအဖွဲ့မှ သဘာပတိ ဦးအောင်ညွန့်သာက ရခိုင်အမျိုးသား နေ့ကျင်းပရခြင်းနှင့် ပတ်သက်၍ ဟောပြောပြီး မောင်တောမြို့ အမှတ် (၁) အခြေခံပညာအလယ်တန်း ကျောင်းခွဲမှ ကျောင်းသူများက ရခိုင်ရိုးရာယိမ်းအကဖြင့် လည်း ကောင်း၊ ရခိုင်မင်္ဂလာစည်တော် အဖွဲ့က ယိမ်းအကဖြင့်လည်းကောင်း ကပြဖျော်ဖြေကြသည်။
အဆိုပါ အခမ်းအနားသို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ ရခိုင်အမျိုးသားနေ့ ကျင်းပ ရေးအဖွဲ့နှင့် ဒေသခံ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။
ရခိုင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံမှာ ၂ဝ၁၄ ခုနှစ် ဧပြီ ၂၇ ရက်မှ မေ ၁ ရက်အထိ ကျောက်ဖြူမြို့၌ ငါးရက်ကြာကျင်းပသည့် ရခိုင် အမျိုးသားညီလာခံက ရခိုင်ဘုရင် စန္ဒသူရိယမင်းလက်ထက် မဟာမြတ် မုနိရုပ်ရှင်တော်မြတ်ကြီး သွန်းလုပ် ပြီးစီးသည့် မဟာသက္ကရာဇ် ၁၂၃ ခုနှစ် ကဆုန်လပြည့်နေ့ကို ရခိုင် အမျိုးသားနေ့အဖြစ် နှစ်စဉ်ကျင်းပ နိုင်ရေးအတွက် တညီတညွတ်တည်း သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)၊
မြောက်ဦး ခရိုင်(ပြန်/ဆက်)၊
ပေါက်တောမြို့နယ်(ပြန်/ဆက်)၊
နိုင်လင်းကြည်၊ ဇင်ဦး၊
ဓာတ်ပုံ-သက်လွင်စိုး
(မောင်တောခရိုင်ပြန်/ဆက်)

No comments:

Post a Comment