Thursday, May 31, 2018

ပါရီမြို့ရှိ တူးမြောင်းနံဘေးခိုလှုံနေသော ဒုက္ခသည်များကို ရဲတပ်ဖွဲ့က နေရာရွှေ့ပြောင်း

Image may contain: 2 people, outdoor
ပါရီ မေ ၃ဝ
ပြင်သစ်နိုင်ငံ မြို့တော်ပါရီ၌ တူးမြောင်းတစ်ခုနံဘေးတွင် ရွက်ဖျင်တဲထိုးကာ ယာယီခိုလှုံလျက်ရှိကြသော ရွှေ့ပြောင်း အခြေစိုက်နေထိုင်သူ ဒုက္ခသည်ရာပေါင်းများစွာအား ရဲတပ်ဖွဲ့က ရှင်းလင်းသည့်စစ်ဆင်ရေးတစ်ရပ်ကို မေ ၃ဝ ရက်က ပြုလုပ်ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။
ပါရီအရှေ့မြောက်ဘက်ရှိ တူးမြောင်းတစ်ခု၏နံဘေးတွင် ရွက်ဖျင်တဲများထိုးကာ စခန်းချနေထိုင်လျက်ရှိနေသူ များကို ရွှေ့ပြောင်းစေရန် ရဲတပ်ဖွဲ့ဝင်များက ညွှန်ကြားခဲ့သည်။
တူးမြောင်းဘေးတစ်လျှောက် နေထိုင်လျက်ရှိကြသော ဒုက္ခသည်များကို ပါရီဒေသတစ်ဝန်း၌ ဖွင့်လှစ်ထားရှိသော စခန်း ၂ဝ ကျော်သို့ ယာယီရွှေ့ပြောင်းပေးခဲ့ကြောင်း၊ ယင်းဒုက္ခသည်များနှင့်ပတ်သက်၍ ကိုယ်ရေးအချက်အလက်များကို အာဏာပိုင်များက စိစစ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဂျရတ်ကိုလွမ်းက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြသည်။
ပါရီအရှေ့မြောက်ဘက်ရှိ ပို့ဒီလာဗီးလတ်အမည်ရှိ စခန်းအနီး၌ မေ ၃ဝ ရက် အရုဏ်တက်ချိန်တွင် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များကိုဖြန့်ကြက်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်အချို့မှာ မော်တော်ဘုတ်များဖြင့် ရောက်ရှိလာခဲ့ ကြောင်း၊ ယင်းနောက်တွင် ဒုက္ခသည်များကို ဘတ်စ်ကားများပေါ်သို့ တင်ဆောင်ကာ သက်ဆိုင်ရာ စခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။
ပို့ဒီလာဗီးလတ်စခန်း၌ ရွှေ့ပြောင်းအခြေစိုက်နေထိုင်သူ ဒုက္ခသည် ၁၅ဝဝ ခန့် နေထိုင်ခဲ့ပြီး မြို့တော်ရှိ ဒုက္ခသည် စခန်းများအနက် အကြီးဆုံးဖြစ်သည်။
ဒုက္ခသည်အများစုမှာ အာဖရိကတိုက်မှဖြစ်ကြပြီး ပို့ဒီလာဗီးလတ်စခန်း၌ ရက်သတ္တပတ်ပေါင်း အတန်ကြာမျှ နေထိုင်လာခဲ့ကြသူများ ဖြစ်ကြသည်။
အေအက်ဖ်ပီ

No comments:

Post a Comment