Thursday, May 31, 2018

လေပြင်းတိုက်ခတ်မှုကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိ စားသောက်ဆိုင်များ ပြိုလဲပျက်စီး

Image may contain: one or more people, sky, mountain, ocean, beach, outdoor and nature
ကွမ်းခြံကုန်း မေ ၃ဝ
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် မေ ၂၉ ရက် နံနက်ပိုင်းက လေရော မိုးပါ ပြင်းထန်စွာ တိုက်ခတ်ရွာသွန်း ခဲ့ရာ ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်း ကျေးရွာအုပ်စုအတွင်းရှိ ဆယ်အိမ် တန်းကမ်းခြေ၌ နေ့စဉ် လာရောက် အပန်းဖြေကြသော ပြည်သူများ အတွက် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များနှင့် အပန်းဖြေ အနားယူသည့်နေရာမှထီးများ ပြိုလဲ ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆယ်အိမ်တန်းကမ်းခြေမှာ နေ့စဉ် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ပုံမှန်ရေတက်လေ့ရှိပြီး ယင်းနေ့ နံနက်ပိုင်းကတည်းက လေပြင်းထန် စွာ တိုက်ခတ်၍ မိုးရွာသွန်းခဲ့ကြောင်း သိရသည်။ ညနေ ၃ နာရီခန့်တွင် ရေတက်လာပြီး လှိုင်းလုံးများ ပိုမိုကြီးမားလာကာ လေရောမိုးပါ ပြင်းထန်စွာ တိုက်ခတ်ရွာသွန်းမှု ကြောင့် ပြိုလဲပျက်စီးခဲ့သည့် စားသောက်ဆိုင်မှ ပစ္စည်းများကို ဆယ်အိမ်တန်း ကျေးရွာအတွင်း ပြောင်းရွှေခဲ့ရကြောင်း ရွှေဂျွန်းပျံ စားသောက်ဆိုင်မှ ကိုအေးနိုင်က ပြောသည်။
''နှစ်စဉ် မိုးဦးကျကာလရောက်ပြီ ဆိုရင် လေတိုက်၊ မိုးရွာတဲ့အတွက် ကြောင့် ဆိုင်တွေ ဖရိုဖရဲဖြစ်နေကျ ဆိုပေမယ့် ဒီနှစ်က လေပြင်း၊ မိုးရွာ အကြမ်းဆုံးဖြစ်တာပါ၊ လေတိုက်၊ မိုးရွာ စဖြစ်တာကတော့ မေ ၂၈ ရက် ကတည်းကပါ၊ ဒါပေမယ့် မနေ့က ဖြစ်စဉ်ကတော့ မိုးရောလေပါ တအား တိုက်ခတ်ရွာသွန်းလို့ ကမ်းခြေက စားသောက်ဆိုင် အလုံး ၄ဝ ပျက်စီး ခဲ့ပါတယ်၊ ညနေ ၄ နာရီမှာတော့ အပြင်းထန်ဆုံးပါ၊ ရေပြန်ကျချိန် ညနေ ၆ နာရီမှာ လေတိုက်တာ ငြိမ်သွားပြီး မိုးရွာတာပါ ရပ်သွား ပါတယ်၊ ရွာထဲက ဘုန်းကြီးကျောင်း ရှေ့က သစ်ကိုင်းတွေကတော့ နည်းနည်းပါးပါး ကျိုးကျတယ်၊ ကမ်းခြေက စားသောက်ဆိုင်တွေကို ရွာထဲ ပြောင်းရွှေ့နေကြပါတယ်၊ ဒီနေ့တော့ လေရောမိုးပါ လျော့နည်း သွားပါပြီ''ဟု ပြောသည်။
၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး လူသိပိုများလာသော ဆယ်အိမ် တန်းကမ်းခြေမှာ တစ်နှစ်ပတ်လည်လုံး နေ့စဉ် လာရောက်အပန်းဖြေကြ သော ပြည်သူများဖြင့် စည်ကားလျက် ရှိသောကြောင့် ပျက်စီးခဲ့သည့် စားသောက်ဆိုင်ခန်းများကို ရက်သတ္တ တစ်ပတ်အတွင်း ပြန်လည်ပြုပြင် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ဆယ်အိမ်တန်းကမ်းခြေသာယာရေး ကော်မတီမှ သိရသည်။
''ဆိုင်တွေပြန်ဆောက်ဖို့ တစ်ပတ် အတွင်း ပြင်ဆင်ဆောက်လုပ်မှာပါ၊ ဆိုင်တန်းတွေ ရှေ့က အနားယူတဲ့ ထီးတွေကတော့ မိုးဖို့မလွယ်တော့ ပါဘူး၊ မိုးရွာပြီဆိုတော့ လှိုင်း တောက်လျှောက် လာတော့မှာပါ၊ စားသောက်ဆိုင်တွေ ပြန်လည် ပြင်ဆင် ဆောက်လုပ်ပြီးစီးပြီဆိုရင် တော့ အပန်းဖြေလာကြမယ့် ဧည့်သည်တွေကို ပြန်မျှော်ရမှာပေါ့ ဗျာ''ဟု ကိုအေးနိုင်က ပြောသည်။
ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်း ကျေးရွာအုပ်စုအတွင်း ဆယ်အိမ် တန်း၊ အလယ်ရွာ၊ ချောင်းဝနှင့် အောက်ဆိပ်ရွာအုပ်စုများ ရှိပြီး ဆယ်အိမ်တန်း ကျေးရွာတွင် အိမ်ထောင်စု ၂၈ဝ ကျော်နှင့် လူဦးရေ ထောင်ကျော်ရှိကာ အသက်မွေးဝမ်း ကျောင်းအဖြစ် ရေလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြု ကြကြောင်း သိရသည်။ ဆယ်အိမ် တန်းကျေးရွာကို ဖြတ်သန်းပြီး ကမ်းခြေတည်ရှိရာဖြစ်သော အဆိုပါ ဆယ်အိမ်တန်း ကမ်းခြေရှိ စားသောက်ဆိုင်တန်းများ၌ ဖွင့်လှစ် ရောင်းချသည့် နာမည်ကြီး ငါးသလောက်အိုးမှောက်နှင့် ကဏန်း၊ ပုစွန်အစားအစာများမှာ လာရောက် အပန်းဖြေ လည်ပတ်ကြသည့် ဧည့်သည်များအတွက် အကြိုက်ဖြစ် စေပြီး နှစ်ခြိုက်စွာ စားသုံးကြကြောင်း လည်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ-ပွင့်သစ္စာ

No comments:

Post a Comment