Wednesday, May 2, 2018

ပဲခူးတိုင်းဒေသကြီး တိုင်းအဆင့်ကင်းထောက်အခြေခံသင်တန်းဖွင့်

Image may contain: one or more people, people standing and indoor
ရန်ကုန် မေ ၁
မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ ကင်းထောက်ပညာရပ်များကို မြို့ပြ တွင်သာမက နိုင်ငံအနှံ့ ဒေသအသီးသီး အထိ ပြည်သူများအား ကူညီ စောင့်ရှောက်ပေးနိုင်ရန် ကင်းထောက် သင်တန်းများ ဖွင့်လှစ်ပို့ချ သင်ကြား ပေးရေး အစီအစဉ်အရ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်၏ ကြီးကြပ်မှု ဖြင့် ပဲခူးတိုင်းဒေသကြီး (အနောက်) တိုင်းအဆင့်အခြေခံ ကင်းထောက် သင်တန်းဖွင့်ပွဲကို သာယာဝတီခရိုင် အုတ်ဖိုမြို့ အခြေခံ ပညာ အထက်တန်းကျောင်း၌ ဧပြီ ၂၉ ရက် နံနက် ၉ နာရီက ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် အုတ်ဖိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းနှင့် ပဲခူးတိုင်းဒေသကြီး တိုင်းပညာရေးမှူး ဦးကျော်ဆင့်တို့က အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် ကင်းထောက် ချုပ် ဒေါက်တာတင်ညိုက မြန်မာနိုင်ငံ ကင်းထောက်သမိုင်းနှင့် ၂ဝ၁၂ ခုနှစ် မှစတင်၍ မြန်မာနိုင်ငံတွင် ကင်းထောက်ပြန်လည် ဖွဲ့စည်းလာပုံ၊ ကင်းထောက်သင်တန်းများ၊ တွေ့ဆုံပွဲ များ၊ နိုင်ငံတကာ ကင်းထောက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက် မှုများ၊ ၁၆၄ နိုင်ငံမြောက် ကမ္ဘာ့ ကင်းထောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာ ပုံနှင့် ပြည်သူ့အကျိုးပြု ကင်းထောက် လှုပ်ရှားမှုများ၊ ကမ္ဘာ့ကင်းထောက် အဖွဲ့ ဦးစားပေးလုပ်ငန်းဖြစ်သည့် ငြိမ်းချမ်းရေး သံတမန်များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပုံများ၊ အုတ်ဖို မြို့နယ် ပညာရေးမှူး ဒေါ်စုစုကြည်က ကင်းထောက် သင်တန်းစီစဉ်ထားရှိမှု များကို ရှင်းလင်းတင်ပြသည်။
အဆိုပါ ကင်းထောက်သင်တန်းသို့ သင်တန်းသားများအဖြစ် ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း) ၁၄ မြို့နယ်မှ ဆရာ ဆရာမ ၇ဝ၊ အထက အုတ်ဖို၊ အထက(ခွဲ) လသာကုန်းနှင့် အလက ချမ်းမြသာမြေတို့မှ ကျောင်းသား ကျောင်းသူ ၁ဝဝ တက်ရောက်ပြီး သင်တန်းကာလ ငါးရက်အတွင်း ကင်းထောက်ကတိ ကျင့်ဝတ်နှင့် ကင်းထောက်အတတ် ပညာ၊ ရှေးဦးသူနာပြု၊ တောစခန်း ထွက်ခြင်းနှင့် ငြိမ်းချမ်းရေးသံတမန် လုပ်ငန်းများကို ကင်းထောက်ကြီးများ၊ ကင်းထောက်ဆရာများ၊ တက္ကသိုလ် ကင်းထောက် ခေါင်းဆောင်များက စာတွေ့လက်တွေ့ သင်ကြားပို့ချပေး မည်ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ ကင်းထောက် သင်တန်းများကို ပဲခူးတိုင်းဒေသကြီး အတွင်း ခရိုင် သုံးခရိုင်တွင် ပို့ချပေး ခဲ့ပြီး မကြာမီ တိုင်းလုံးကျွတ် ပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment