Wednesday, May 2, 2018

လှိုင်သာယာမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားတွင် အလုပ်သမား ၅ဝဝဝ ကျော် ချီတက်လမ်းလျှောက်

Image may contain: 8 people, people smiling, people standing and outdoor
ရန်ကုန် မေ ၁
လှိုင်သာယာမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ၂ဝ၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုသောအား ဖြင့် အခမ်းအနားကျင်းပရာနေရာသို့ အလုပ်သမား ၅ဝဝဝ ကျော် ချီတက်လမ်းလျှောက်ကြသည်။
စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမား ၅ဝဝဝ ကျော် သည် ယနေ့နံနက် ၇ နာရီခန့်က အဆိုပါ မြို့နယ်အတွင်းရှိ နဝဒေးမှတ်တိုင်အနီးတွင် စတင်စုဝေးကာ အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနား ကျင်းပမည့် လှိုင်သာယာမြို့နယ်(မိုးလုံလေလုံ) အားကစားရုံဝင်း အတွင်းသို့ သက်ဆိုင်ရာကဏ္ဍအလိုက် သမဂ္ဂအလံများကို ကိုင်ဆောင်ကာ ချီတက်လမ်းလျှောက်ကြသည်။
ထို့နောက် ၂ဝ၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ် သမားနေ့ အခမ်းအနားကိုစတင်ရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အလုပ်သမားနေ့ သဝဏ်လွှာအား အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဖတ်ကြားသည်။
ယင်းနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရန်ကုန်ရုံးချုပ် ဆက်ဆံရေးအရာရှိ မစ္စတာရိုရီမန်ဂိုဗန်၊ မြန်မာနိုင်ငံ လုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)ဥက္ကဋ္ဌ ဦးမောင်မောင်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသွေးစည်းညီညွတ်ရေးအတွက် ကူညီပံ့ပိုးပေး သည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက အမှာစကား ပြောကြားကြသည်။
အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ CTUMဥက္ကဋ္ဌ ဦးမောင်မောင်က ''အလုပ်သမားတွေဆိုတာ ရရှိ ပြီးသား အခွင့်အရေးတွေနဲ့ ကျေနပ်လို့မရဘူး၊ ပြောင်းလဲ နေတဲ့ လုပ်ငန်းသဘောတရားအရဆိုရင် အလုပ်ချိန်ဟာ တစ်ခုနဲ့တစ်ခု တူညီမှုမရှိတာမျိုးတွေရှိပါတယ်၊ အဲဒါမျိုး တွေကို ပြင်ဆင်ဖို့လိုမယ်၊ ကျွန်တော်တို့ဟာ အမြဲတမ်း ရုန်းကန်လှုပ်ရှားနေရမယ်ဆိုတာကို သတိပေးတဲ့ အနေနဲ့ ကျင်းပရခြင်းဖြစ်ပါတယ်''ဟု ပြောသည်။
လှိုင်သာယာမြို့နယ်ရှိSJYဖိနပ်စက်ရုံမှ အလုပ် သမား မဇင်မာစိုးက ''တစ်နှစ်တစ်ခါ လုပ်တဲ့ပွဲမှာ အလုပ် သမားတစ်ယောက်အနေနဲ့ ပါဝင်ပြီး အလုပ်သမားထု အင်အား ပြသခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်၊ အခုလို လုပ်တဲ့အတွက်ကြောင့် အလုပ်သမားတွေတစ်ဦးနဲ့ တစ်ဦး ရင်းနှီးလာကြမယ်၊ စိတ်ဓာတ်တွေ တက်ကြွလာမယ်၊ စုပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်မျိုးတွေအပြင် အလုပ်နဲ့ပတ်သက်တဲ့ ဥပဒေတွေ၊ ဗဟုသုတတွေလည်း အများကြီးရရှိပါတယ်၊ အခုဆိုရင်တိုင်းပြည်က အရက်က ထက် အများကြီး ပွင့်လင်းမြင်သာလာတယ်၊ အနည်းဆုံး လုပ်ခလစာကို ဒီထက်ပိုရဖို့ မျှော်လင့်နေတဲ့ အလုပ်သမား အများကြီးရှိပါတယ်၊ မြန်မာနိုင်ငံရဲ့ အလုပ်သမားတွေရဲ့ အားနဲ့ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ တစ်ထောင့် တစ်နေရာက အထောက်အကူပြုနိုင်ဖို့ မျော်လင့်ထားပါ တယ်''ဟု ပြောသည်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)က ကြီးမှူး၍ ခြောက်ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ပြီး အနုပညာရှင် များ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၏ သီဆိုဖျော်ဖြေမှု များ၊ ပျော်ပွဲရွှင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။
ထို့အပြင် အလုပ်သမားဥပဒေဆိုင်ရာ အသိပညာ ပြခန်းများ၊ သင့်တင့်ကောင်းမွန်သော အလုပ်အကိုင် အကြောင်းအရာ၊ အဓမ္မလုပ်အားစေခိုင်းမှုပပျောက်ရေး၊ အမျိုးသမီးအကြမ်းဖက်မှုကာကွယ်ရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမားရေး၊ လူမှုဖူလုံရေး၊ စိုက်ပျိုးရေးတို့နှင့်ပတ်သက်သည့် အသိပညာပေး ပြခန်း များကိုလည်း ဖွင့်လှစ်ပြသခဲ့သည်။
ယနေ့ အခမ်းအနားတွင် CTUM အနေဖြင့် ''ထိရောက်သော လုပ်သားဈေးကွက်စီမံခန့်ခွဲမှုမှသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုဆီသို့'' ခေါင်းစဉ်ဖြင့် ၂ဝ၁၈ ခုနှစ် အလုပ်သမားနေ့ ထုတ်ပြန် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

No comments:

Post a Comment