Sunday, May 27, 2018

နိုင်ငံတကာမြင်ကွင်း


Image may contain: 5 people, people smiling

ရဲရင့်လင်းလက်

(မေ ၁၈ ရက်မှအဆက်)

မလေးရှားပြည်သူတွေက ဖွံ့ဖြိုးတိုးတက်မှု ဖန်တီးရေးကုမ္ပဏီ (1MDB)ရဲ့ အကျင့်ပျက်လာဘ်စားမှု အရှုပ်တော်ပုံဟာ မလေးပြည်သူတွေရဲ့ ဂုဏ်သိက္ခာအပေါ် စော်ကားတဲ့လုပ်ရပ်လို့ ယူဆတာမို့လို့ အခုလို မြန်မြန်ဆန်ဆန် စစ်ဆေးမှုတွေ ပြုလုပ်လာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပါတယ်။ အကျင့်ပျက်လာဘ် စားမှုအရှုပ်တော်ပုံအတွက် တာဝန်ယူ စစ်ဆေးရမယ့်အဖွဲ့အစည်း နှစ်ရပ်ကတော့ အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေး အဖွဲ့နဲ့ ရွေးကောက်ပွဲကော်မရှင်ပါ။ ဒါပေမယ့် ဒီအဖွဲ့အစည်းနှစ်ရပ်လုံးဟာ နိုင်ငံရေးအရ ဘက်လိုက်မှုတွေ ရှိနေတယ် လို့ မလေးပြည်သူတွေကြားမှာ ကျယ်ကျယ် ပြန့်ပြန့် ယူဆထားကြတာပါ။

မဟာသီယာက သတင်းမီဒီယာတွေကို ပြောကြားရာမှာ ''တချို့ဌာန အကြီးအကဲ တွေက ရာထူးကနေ ဆင်းပေးရမှာပါ၊ ဒီဌာနအကြီးအကဲတွေဟာ ကမ္ဘာကနေ အကျင့်ပျက်ခြစားတယ်လို့ သတ်မှတ် ထားတဲ့ ဝန်ကြီးချုပ်ကို ဒီလိုအကျင့်ပျက် လာဘ်စားလို့ရအောင် အားပေး အားမြှောက်လုပ်ခဲ့တာပါ''လို့ ပြောကြား ခဲ့ပါတယ်။ မဟာသီယာက သူတို့အစိုးရ အဖွဲ့အနေနဲ့ လက်စားချေတာမျိုးလုပ်ဖို့ ကြိုးစားမှာမဟုတ်ဘဲ တရားဥပဒေစိုးမိုးရေး ကို ပြန်အသက်သွင်းနိုင်ဖို့ကိုပဲ ဆောင်ရွက် သွားမှာပါလို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ မဟာသီယာက သူဝန်ကြီးချုပ်ဖြစ်လာခဲ့ရင် လူထုအကြားရေပန်းမစားဖြစ်နေတဲ့ အခွန် (Goods and Services Tax-GST)ကို ဖျက်သိမ်းပြီး မူလကျင့်သုံးခဲ့တဲ့ အရောင်း ခွန်ကိုပဲ ပြန်ကျင့်သုံးမယ်လို့ ကတိပြုထား တဲ့အတွက် မဟာသီယာရဲ့ ဝန်ကြီးချုပ် အဖြစ် ပထမဆုံး ရုံးတက်တဲ့ဓာတ်ပုံတွေ၊ ဗီဒီယိုတွေဟာ လူမှုမီဒီယာတွေမှာ ချက်ချင်း ဆိုသလို ပျံ့နှံ့ခဲ့ပါတယ်။ မဟာသီယာက သူဦးဆောင်ခဲ့တဲ့ မျှော်လင့်ချက်မဟာမိတ် အဖွဲ့ဝင် ပါတီသုံးခုရဲ့ အကြီးအကဲတွေကို အစိုးရအဖွဲ့ရဲ့ အရေးကြီးတဲ့ ဝန်ကြီးဌာန သုံးနေရာမှာ ဝန်ကြီးတွေအဖြစ် ခန့်အပ်ခဲ့ ပါတယ်။

ပီနန်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ လင်ဂွါအန်း (Lim Guuan Eng)ဟာ ဘဏ္ဍာ ရေးဝန်ကြီး ဖြစ်လာမှာပါ။ ဘဏ္ဍာ ရေးဝန်ကြီးတာဝန်ဟာ နာဂျစ်ရာဇတ် ဝန်ကြီးချုပ်တာဝန်မယူခင် ထမ်းဆောင်ခဲ့တဲ့ ရာထူးတာဝန်ပါ။ ဖွံ့ဖြိုးတိုးတက်မှုဖန်တီးရေး ကုမ္ပဏီ (1MDB) ကိစ္စမှာ သူ့ကို ဆန့်ကျင် ခဲ့တဲ့အတွက် နာဂျစ်ရာဇတ်က ရာထူးကနေ ဖြုတ်ခဲ့တဲ့ ဒုတိယဝန်ကြီးချုပ်ဟောင်း မူဟီဒင်ယာဆင် (Muhyiddin Yassin) က သြဇာအာဏာကြီးတဲ့ ပြည်ထဲရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်မှာပါ။ မျှော်လင့်ချက် မဟာမိတ်အဖွဲ့က ဥပဒေရေးရာပြောင်းလဲမှု တွေဆောင်ရွက်ဖို့ ရှိပါတယ်။ အရေးကြီးတဲ့ ဥပဒေရေးရာပြောင်းလဲမှုကတော့ ဝန်ကြီးချုပ် တွေနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ ရာထူး သက်တမ်းကို သက်တမ်းနှစ်ဆက်ထက် ပိုခွင့်မပြုတဲ့ဥပဒေကို ပြဋ္ဌာန်းဖို့ပါ။ စီးပွားရေး ဆိုင်ရာ မူဝါဒတွေမှာတော့ အစိုးရအဖွဲ့သစ်က ဘယ်လောက်အတိုင်းအတာအထိ ပြုပြင် ပြောင်းလဲမှုတွေလုပ်မလဲဆိုတာက ရှင်းရှင်း လင်းလင်း မရှိသေးပါဘူး။

မျှော်လင့်ချက်မဟာမိတ်အဖွဲ့ရဲ့ အခွန်နဲ့ လောင်စာဆီ အစိုးရထောက်ပံ့မှုဆိုင်ရာ ပြုပြင် ပြောင်းလဲမှု ပြန်ရုပ်သိမ်းရေးမူဝါဒတွေ ကြောင့် အစိုးရအဖွဲ့သစ်ဟာ ဘတ်ဂျက်လိုငွေ ကြုံတွေ့ရနိုင်တယ်လို့ ချေးငွေပြန်ပေးဆပ် နိုင်စွမ်းကို သတ်မှတ်ဆုံးဖြတ်ပေးတဲ့ ကမ္ဘာ့ အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်တဲ့ Fitch Rating ကပြောကြားခဲ့ပါတယ်။ မဟာသီယာရဲ့ အစိုးရသစ်လက်ထက်မှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ ကိစ္စကလည်း လူအများက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ကိစ္စပါ။ နာဂျစ်ရာဇတ်အစိုးရလက်ထက်မှာ တရုတ်နိုင်ငံနဲ့ ချုပ်ဆိုခဲ့တဲ့ လုပ်ငန်းစီမံကိန်းတွေရဲ့ စည်းကမ်း ချက်တွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင် ပြောင်းလဲရမယ်လို့ မဟာသီယာက ခိုင်ခိုင် မာမာ ရပ်တည်ပြောကြားခဲ့တာပါ။ မဟာ့ မဟာ လုပ်ငန်းစီမံချက်ကြီးတွေအတွက် တရုတ်နိုင်ငံဆီက ချေးယူခဲ့တဲ့ ချေးငွေတွေ ကို ပြန်မပေးဆပ်နိုင်ခဲ့ရင် အမျိုးသားအချုပ် အခြာအာဏာအပေါ် ထိပါးလာမယ့်အရေး အပေါ် မဟာသီယာက သတိပေးပြောဆိုခဲ့ တာပါ။

တချို့ လေ့လာသုံးသပ်မှုတွေကတော့ မဟာသီယာရဲ့ ဒီရပ်တည်ချက်ဟာ သူအစဉ် အဆက် ကိုင်စွဲခဲ့တဲ့ မလေးအမျိုးသားတွေ ရဲ့ အမျိုးသားရေးအကျိုးစီးပွားကာကွယ်ရေး မူဝါဒနဲ့ခံယူချက် တစ်ထပ်တည်းပါပဲလို့ ထောက်ပြကြပါတယ်။ နယ်ချဲ့ဗြိတိသျှခေတ် အုပ်ချုပ်ရေးကို ဝေဖန်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ မျက်မှောက်ခေတ် တရုတ်နိုင်ငံနဲ့ စီးပွားရေး ဆက်ဆံမှုတွေအပေါ် ဝေဖန်တဲ့နေရာမှာပဲ ဖြစ်ဖြစ် မဟာသီယာဟာ အမျိုးသားရေး စိတ်ဓာတ် ပြင်းပြင်းထန်ထန်နဲ့ ပြောဆို လုပ်ကိုင်ခဲ့တယ်လို့ ယူဆကြတာပါ။

မကြာခင် အသက် ၉၃ နှစ် ပြည့်တော့ မယ့် မဟာသီယာဟာ ဗြိတိန်နိုင်ငံရဲ့ ပဉ္စမမြောက် ဂျော့ဘုရင်လက်ထက်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကိုလိုနီခေတ် လွတ်လပ်ရေးကြိုးပမ်းမှုခေတ်က မွေးဖွားပေး ခဲ့တဲ့ နောက်ဆုံးလက်ကျန် နိုင်ငံရေးသမား တွေထဲက တစ်ဦးပါ။ တရုတ်နိုင်ငံအပေါ် ဝေဖန်မှုတွေပြုလုပ်ခဲ့ပေမယ့် မဟာသီယာဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ တစ်ခုတည်းသော ရပ်ဝန်း၊ တစ်ခုတည်းသော လမ်းကြောင်း (OBOR)ကို ထောက်ခံပါတယ်။ ဒီတစ်ခု တည်းသောရပ်ဝန်း၊ တစ်ခုတည်းသော လမ်းကြောင်း (OBOR) ကို အကြောင်းပြုပြီး ရင်းနှီးမြှုပ်နှံမှုအများအပြားရမယ့် နိုင်ငံတွေ ထဲမှာ မလေးရှားနိုင်ငံလည်း ပါပါတယ်။ ဒါပေမယ့်လည်း မဟာသီယာက တောင်တရုတ် ပင်လယ်ပြင်မှာ ပြုလုပ်နေတဲ့ တရုတ်နိုင်ငံရဲ့ စစ်ရေးတိုးချဲ့မှုတွေကိုတော့ ဆန့်ကျင်သတိ ပေးခဲ့တာပါ။ မီဒီယာကို ပြောကြားခဲ့တဲ့ မဟာသီယာရဲ့ မှတ်ချက်က တိုတိုနဲ့ ထိရောက် ပါတယ်။ ''စစ်သင်္ဘောဆိုတာ စစ်သင်္ဘောတွေ ကို ဖိတ်ခေါ်မှာပါ''တဲ့။

မလေးရှားနိုင်ငံရဲ့ ဒီသမိုင်းအချိုးအကွေ့ မှာ အများက စိတ်ဝင်တစား စောင့်ကြည့်နေ တာက အန်ဝါအီဗရာဟင်ရဲ့ နိုင်ငံရေး ကံကြမ္မာပါ။ အန်ဝါအီဗရာဟင်ကို ၂ဝ၁၄ ခုနှစ်မှာ နိုင်ငံရေးတိုက်ကွက်ဖော်ပြီး လိင်တူ ဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကျဉ်း ချခဲ့တာပါ။ ဆေးရုံမှာ အန်ဝါအီဗရာဟင်က မဟာသီယာရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းကျိန်နေတာကို ကြည့်နေတဲ့ပုံဟာ လူမှုမီဒီယာကွန်ရက်မှာ အတော်ကြီးကို ပျံ့နှံ့သွားခဲ့တာပါ။ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ မှာ ခွဲစိတ်မှုပြုလုပ်ပြီးကတည်းက မဟာ သီယာဟာ ဆေးရုံမှာ တက်နေခဲ့ရတာပါ။ အန်ဝါအီဗရာဟင် ဦးဆောင်တဲ့ Parti Keadilan Rakyat (PKR) ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦး ပြန်ပြောပြချက်အရ မဟာသီယာက ဝန်ကြီးချုပ်အသစ်အဖြစ် ကျမ်းကျိန်တဲ့အခါ အန်ဝါအီဗရာဟင်ဟာ အပျော်ကြီးပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။ မဟာသီယာက အန်ဝါအီဗရာဟင်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကလွှတ်ပေး ပြီး (အခုတော့ အန်ဝါအီဗရာဟင်ဟာ ထောင် က လွတ်လာပါပြီ) နိုင်ငံရေးမှာ ပါဝင်ခွင့် ပေးမယ်လို့ ကတိပေးထားတဲ့အတွက် တစ်ချိန် မှာ အန်ဝါအီဗရာဟင်ဟာ မလေးရှားနိုင်ငံရဲ့ အဋ္ဌမမြောက် ဝန်ကြီးချုပ်ဖြစ်လာမယ်လို့ မျှော်လင့်နေကြတာပါ။ အန်ဝါအီဗရာဟင် ဟာ ဝန်ကြီးချုပ်မဖြစ်ခင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အမတ်အဖြစ် ရွေးချယ်ခံရဖို့တော့ လိုပါတယ်။

မဟာသီယာရဲ့ လက်ရှိအခန်းကဏ္ဍဟာ အန်ဝါအီဗရာဟင်အတွက် ဝန်ကြီးချုပ် နေရာကို ခေတ္တယာယီထိန်းထားပေးတဲ့ ပုဂ္ဂိုလ်သဘောမျိုးပါပဲ။ လိင်တူဆက်ဆံ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ထဲ ထည့်လိုက်တဲ့ ၁၉၉၈ ခုနှစ်အထိ အန်ဝါ အီဗရာဟင်ဟာ မဟာသီယာရဲ့ ဒုတိယ ဝန်ကြီးချုပ်ဖြစ်ခဲ့တာပါ။ နှစ်ပေါင်းများစွာ ရန်သူတော်တွေ ဖြစ်ခဲ့ပေမယ့် မဟာသီယာနဲ့ အန်ဝါအီဗရာဟင်ဟာ အာဃာတ အမုန်း တရားတွေကို ဘေးဖယ်ပြီး နာဂျစ် ရာဇတ်ရဲ့ အာဏာအလွဲသုံးစားလုပ်၊ အကျင့်ပျက် လာဘ်စားတာကို တိုက်ဖျက် ဖို့အတွက် လက်တွဲဆောင်ရွက်ခဲ့ကြတာပါ။ အန်ဝါအီဗရာဟင်ကို မှန်းထားတာထက် စောပြီး အကျဉ်းထောင်ကနေ လွှတ်ပေးခဲ့ပေမယ့် မဟာသီယာက နာဂျစ်ရာဇတ် လက်ထက်မှာ တိုင်းပြည်ကရခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ကုစားဖို့ သူ့အနေနဲ့ ဝန်ကြီးချုပ်တာဝန်မှာ နှစ်နှစ်၊ သုံးနှစ် လောက် ထမ်းဆောင်ဖို့ လိုအပ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ အန်ဝါအီဗရာဟင်ရဲ့ ဇနီးဖြစ်တဲ့ ဝဲန်အဇိုင်းဇဝဲန်အသ်မိုင်းရယ်လ် (Wan Azizah Wan Is mail)က ဒုတိယ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်နေတာပါ။

စဉ်းစားထားတဲ့ အစီအစဉ်ကတော့ ဝဲန်အဇိုင်းဇဝဲန်အသ်မိုင်းရယ်လ်က အမတ် အဖြစ်က နုတ်ထွက်ပြီး ကြားဖြတ် ရွေးကောက်ပွဲကတစ်ဆင့် အန်ဝါအီဗရာ ဟင်က ဒုတိယဝန်ကြီးချုပ်တာဝန်ကို လွှဲပြောင်းထမ်းဆောင်ရမှာပါ။ မွေးရာပါ ခေါင်းဆောင်ဗီဇအစွမ်းသတ္တိတွေ ပါလာ တဲ့ မဟာသီယာနဲ့ အန်ဝါအီဗရာဟင်တို့ ဟာ ရန်သူတော်တွေ ဖြစ်ခဲ့ကြပေမယ့် လည်း တိုင်းပြည်ရဲ့ သမိုင်းလမ်းကြောင်း သစ်အတွက် မဖြစ်နိုင်ဘူးလို့ ထင်မှတ်ခဲ့တဲ့ လက်တွဲပူးပေါင်းမှုကို ဆောင်ရွက်ကြရ တော့မှာပါ။ ရှေ့လာမယ့် လူတွေမှာ မလေးပြည်သူတွေကရော၊ ကမ္ဘာ့ပြည်သူ တွေကပါ ပြဇာတ်ဆန်တဲ့ မလေးရှား နိုင်ငံရေးအလှည့်အပြောင်းကို စိတ်ဝင် တစား စောင့်ကြည့်နေကြမှာပါ။ ဖြစ်ပေါ် လာတော့မယ့် သမိုင်းသစ်အတွက် မလေး ပြည်သူတွေ ရင်ခုန်စိတ်လှုပ်ရှားနေတာ ကတော့ အထူးတလည် ပြောစရာ မလိုတော့ပါဘူး။ ။

No comments:

Post a Comment