Sunday, May 27, 2018

သီရိလင်္ကာတွင် မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ၁၉ ဦး သေဆုံးပြီး ၁၂ဝဝဝ ကျော် ဘေးဒုက္ခကျရောက်


Image may contain: 3 people, people smiling, outdoor, water and nature
ကိုလံဘို မေ ၂၆
သီရိလင်္ကာနိုင်ငံတွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားပြီး မေ ၂၆ ရက်တွင် သေဆုံးရသူ ၁၉ ဦးထိ ရှိလာကြောင်း၊ လူပေါင်း ၁၂၈ဝဝဝ တို့ ဘေးဒုက္ခကျရောက်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဗဟိုဌာန (ဒီအမ်စီ)က ပြောကြားသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံတောင်ပိုင်း ဒေသတွင် လူပေါင်း ၅၅ဝဝဝ ခန့်ကို ဘေးကင်းရာ ဒေသများသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး လူနှစ်ဦးပျောက်ဆုံး နေသည်ဟု သတင်းရရှိကြောင်း ဒီအမ်စီ၏ပြောရေး ဆိုခွင့်ရှိသူ ဒပရာဒိပ် ကိုဒစ်ပီလီက ပြောကြားသည်။
ယင်းဒေသတွင် လာမည့်ရက်များအတွင်း မိုးသည်း ထန်စွာ ရွာသွန်းမည့်အန္တရာယ်ရှိနေသဖြင့် မြစ်ချောင်းများ နှင့် ရေကန်ကြီးများအနီးရှိ အနိမ့်ပိုင်းဒေသများ၌ နေထိုင် သူများအနေဖြင့် ဘေးကင်းလွတ်ရာ ဒေသများသို့ ရွှေ့ပြောင်းနေထိုင်ကြရန် အကြံပြုထားကြောင်း သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဗဟိုဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ရေဘေးဒုက္ခသင့်ရောက်သည့် ခရိုင်များအားလုံးသို့ ရဲတပ်ဖွဲ့ဝင်များနှင့် သီရိလင်္ကာစစ်ဘက်တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ပြီး အရေးပေါ်ကယ်ဆယ်ထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် သီရိလင်္ကာ နိုင်ငံတောင်ပိုင်း၊ မြောက်ပိုင်းနှင့် မြောက်ဘက်အလယ်ပိုင်း တို့တွင် လူနေအိမ်ခြေ ၄ဝဝဝ ကျော်တို့မှာ အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရသည်။ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများနှင့် ရေဘေးဒုက္ခသင့် ရောက်နေသည့် ပြည်သူများကို ကယ်ဆယ်ရေးလုပ်ငန်း များ အလျင်အမြန်ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို သီရိလင်္ကာသမ္မတ မေသရီပါလာ ဆီရိသေနာက မေ ၂၄ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ သည်။
သီရိလင်္ကာနိုင်ငံ အနောက်ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းပြည်နယ်နှင့် ခရိုင်အချို့တွင် လာမည့်ရက်များအတွင်း မိုးရေချိန် မီလီမီတာ ၁ဝဝ ကျော် ထိ သည်းထန်မည့် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်သည်ဟု မျှော်လင့်ရကြောင်း သီရိလင်္ကာမိုးလေဝသဌာနက ပြောကြားသည်။
လွန်ခဲ့သည့်နှစ် အနောက်တောင် မုတ်သုံရာသီကာလ အတွင်း သီရိလင်္ကာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၂ဝဝ ကျော်သေဆုံးခဲ့ကာ လူ ၇၈ ဦး ပျောက်ဆုံးခဲ့ရသည်။
ဆင်ဟွာ

No comments:

Post a Comment