Tuesday, May 1, 2018

အဆောက်အအုံ၊ လမ်း၊ တံတား၊ မြို့ပြအိမ်ရာများနှင့် ကျေးလက်လမ်းများကို နှစ်စဉ် တိုးတက်ဖွံ့ဖြိုးအောင် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန

Image may contain: 1 person, sitting
သတင်းဆောင်းပါး - နိုင်လင်းကြည်
ဆောက်လုပ်ရေးဝန်ကြီးဌာနသည် နိုင်ငံသားများအားလုံး လူနေမှုဘဝမြှင့်တင်စေမည့် သင့်လျော်ကောင်းမွန်သော အိမ်ရာများတွင် နေထိုင်နိုင်ရန်၊ ကျေးလက် လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်တို့ကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ရည်မှန်းချက်ထားဆောင်ရွက် လျက်ရှိရာတွင် မူဝါဒပိုင်းသည် အဓိက အရေးပါလျက်ရှိပြီး အဆိုပါမူဝါဒများမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိ ပြည်သူ တစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်အတွက် လမ်းများ၊ တံတား များ၊ လူနေထိုင်ရန် အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာစေရန်၊ တိုင်းဒေသကြီး၊ ပြည်နယ် များအလိုက် လမ်း၊ တံတားနှင့် မြို့ပြဒေသများ အချိုးညီ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြန်မာ နိုင်ငံ၏ GDPတိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် သယ်ယူပို့ဆောင်ရေး စရိတ်အား အနည်းဆုံး လျှော့ချနိုင်ရန်၊ သွားလာမည့် အချိန်အတိုဆုံး ဆောင်ရွက်နိုင် ရေးအတွက် လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက် ရန် ဆောင်ရွက်ခြင်းနှင့် အတားအဆီးများ ဖယ်ရှားရန်၊ နိုင်ငံသားများအားလုံး လူနေမှု ဘဝ မြှင့်တင်စေမည့် သင့်လျော်ကောင်းမွန် သော အိမ်ရာများတွင် နေထိုင်နိုင်ရန်၊ ကျေးလက် လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက် ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်း ဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်တို့ပင် ဖြစ်သည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာတွင် ရည်မှန်းချက်နှင့် တာဝန် ဝတ္တရားများအဖြစ် ၂ဝ၃ဝ ပြည့်နှစ်တွင် လက်ရှိကီလိုမီတာ ၄၂ဝဝဝ ကျော်ရှိ လမ်းများ ကို ASEAN Class III ( ၁၈ ပေအကျယ် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း) အဆင့် အနည်းဆုံးရောက်ရှိရေး၊ ၂ဝ၃ဝ ပြည့်နှစ် တွင် တံတားများအားလုံး ၂၄ ပေအကျယ် နှစ်လမ်းသွားRC သံကူကွန်ကရစ်တံတား၊ PC ကြိုတင်အားဖြည့် ကွန်ကရစ်တံတား၊ သံပေါင်တံတားအဆင့် အနည်းဆုံးရောက်ရှိ ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။
၂ဝ၃ဝ ပြည့်နှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃ဝ ကျော်သည် စနစ်ကျနသောမြို့ပြ Urban Planningအဖြစ် အကွက်ချတည်ဆောက်ပြီးဖြစ်သည့် မြို့များဖြစ်ရေးနှင့် အဆိုပါမြို့များအားလုံးတွင် အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာများမှ တည်ဆောက်မည့် အိမ်ခန်းပေါင်း တစ်သန်း တည်ဆောက်ပြီးစီးရေး၊ ၂ဝ၃ဝ ပြည့်နှစ် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး၏ ၈ဝ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ ၏ ၉ဝ ရာခိုင်နှုန်းအပေါ် ရာသီမရွေး သွားလာနိုင်သည့် ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် နှစ်စဉ်အဆင့်မြှင့်တင် ဆောင်ရွက်သွားမည့် အစီအစဉ်များလည်း ချမှတ်ထားသည်။
၂ဝ၃ဝ ပြည့်နှစ် မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်လမ်းမိုင် စုစုပေါင်း ၅၅၅ဝဝ ကျော် အား Class A အဆင့်ရှိလမ်းမိုင် ၂၅၆ဝဝ ကျော်ကို ၁၂ ပေအကျယ် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း၊ Class B အဆင့်ရှိ လမ်း မိုင် ၁၇၃ဝဝ ကျော်ကို ၁၂ ပေအကျယ် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း သို့မဟုတ် ကျောက်လမ်း၊ Class Cအဆင့်ရှိ လမ်းမိုင် ၁၂၅ဝဝ ကျော်ကို ၁၂ ပေအကျယ် ကျောက်လမ်း သို့မဟုတ် အမာခံလမ်းအဖြစ် ဆောင်ရွက်သွားရန်လည်း ရှိနေသည်။
မဟာဗျူဟာ၊ နည်းဗျူဟာအနေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက အစီအစဉ် များ ချမှတ်ထားပြီး နိုင်ငံတော်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ လုပ်ငန်းများအနက်မှ ဖြစ်နိုင်ခြေရှိသည့် လုပ်ငန်းအချို့ကို Public Private Partnership(PPP) Program စနစ်ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ နိုင်ငံ တကာအကူအညီDevelopment Partner များဖြစ်သည့် JICA, ADB, WB, KOICA, TICAစသည့် အဖွဲ့အစည်းများနှင့် အလှူ ရှင်များ၏ ကူညီထောက်ပံ့ငွေ(ွGrant)၊ ချေးငွေ(Loan)များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့လည်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူတစ်ရပ်လုံး၏ လူနေမှုဘဝ အဆင့်အတန်း မြင့်မားရေး အတွက် အိမ်ရာကဏ္ဍ၊ လမ်းတံတားကဏ္ဍ စသည့် ကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
သို့ရာတွင် နောက်ပိုင်းနှစ်များတွင်မူ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ထိန်းသိမ်းကွပ်ကဲရေးအပိုင်း သီးသန့်သာ လုပ်ဆောင်တော့မည်ဖြစ်ကြောင်းလည်း သိရ သည်။
ယင်းအချက်နှင့် စပ်လျဉ်းပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က ''ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေနဲ့ နောက်ပိုင်းမှာ လုပ်ငန်း တွေကို ကိုယ်တိုင်မဆောင်ရွက်တော့ဘဲ (ွRegulatory Body) ထိန်းသိမ်းကွပ်ကဲတဲ့ အဖွဲ့ ဖွဲ့စည်းပြီး လိုအပ်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ နည်းပညာပိုင်းနဲ့ အရည်အသွေးပိုင်းတွေ မှန်ကန်ပြည့်မီဖို့ ကြပ်မတ်ဆောင်ရွက်မယ်၊ အဂတိကင်းရှင်းစွာ နဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါ တယ်၊ လုပ်ငန်းတွေကိုတော့ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်များက တာဝန်ယူဆောင်ရွက်သွားဖို့ စီစဉ်ဆောင်ရွက် ထားပါတယ်''ဟု ပြောကြားခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ဦးစီးဌာန ငါးခုဖြင့် ဖွဲ့စည်းထားပြီး ယခင်က အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ဟူသည့် လေးဌာနသာ ရှိခဲ့ရာမှာ နောက်ပိုင်းနှစ်များတွင် မြို့ပြဒေသ ဖွံ့ဖြိုးမှု နှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုပါ ဦးစားပေးလုပ်ဆောင်ရန်အတွက် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကို ထပ်မံတိုးချဲ့ဖွဲ့စည်း ခဲ့ခြင်းကြောင့် ဦးစီးဌာန ငါးခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအောက် တွင် ဦးစီးဌာန ငါးခုရှိသည့်အနက် အဆောက် အဦဦးစီးဌာနမှာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတို့မှ အဆောက်အအုံ များကို တည်ဆောက်ခဲ့မှုများရှိခဲ့သည်။
အဆောက်အဦဦးစီးဌာန၏ မူလ တာဝန်ယူရမည့် Construction Industry Development အတွက် လိုအပ်သည့် Construction Manualများ ရေးဆွဲထုတ်ပြန် ခဲ့ကြောင်းလည်း သိရသည်။ ယခုနှစ်ထဲတွင် Myanmar National Building Code ကို မြန်မာဘာသာပြန်ဆို၍ တစ်နိုင်ငံလုံး ဖြန့်ဝေ သွားရန်ရှိပြီး ၂ဝ၁၈ ခုနှစ် ဧပြီလမှ စတင်ကာ အဆောက်အဦဦးစီးဌာနအနေဖြင့် အဆောက် အဦများကို ကိုယ်တိုင် ဆောက်လုပ်တော့မည် မဟုတ်ဘဲ Regulatory Body အနေဖြင့်သာ ပြောင်းလဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ပြောင်းလဲဆောင်ရွက်ရန် Regulation များနှင့် Standard and Specification များကို ရေးဆွဲသွားရန်ရှိ ကြောင်း သိရသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အစိုးရသစ်လက်ထက် နှစ်နှစ်တာကာလ အတွင်း သိသာထင်ရှားစွာ တိုးတက်မှုရှိခဲ့သည့် ကဏ္ဍများတွင် လမ်း၊ တံတားကဏ္ဍသည် အဓိကကဏ္ဍမှ ပါဝင်နေသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လမ်း၊ တံတားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နှစ်နှစ်တာကာလအတွင်း ဦးစားပေးဆောင် ရွက်ခဲ့ရာတွင် ယခင်က လမ်းလုံးဝမပေါက် သည့် ဒေသများတွင် လမ်းများဖောက်လုပ်နိုင် ခြင်းကြောင့် သိသိသာသာ တိုးတက်မှုများ ရှိခဲ့ကြောင်း သိရသည်။
ဥပမာအားဖြင့် ကချင်ပြည်နယ်တွင် ငြိမ်းချမ်းပြီးဒေသများဖြစ်သည့် ပူတာအို အထက်ပိုင်းဒေသများတွင် ယခင်က နောင်မွန်း မှ ပူတာအို၊ ပန်နန်းဒင်မှ ပူတာအိုကို လေးညအိပ် ငါးရက်ကြာသွားရသည့် ခရီးကို နှစ်နှစ်တာကာလအတွင်းမှာ နောင်မွန်းမှ ပူတာအိုအထိ ကားလမ်းဖောက်လုပ်ပြီးစီးခဲ့သည့်အပြင် ပန်နန်းဒင်အထိ ကားလမ်း ဖောက်ပေးနိုင်ခြင်းကြောင့် နေ့ချင်းပြန် သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်း မိုင် ၂၂ဝ ရှိသည့် လမ်းမကြီးကိုလည်း နှစ်နှစ်တာကာလအတွင်း အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ရာ လမ်းချဲ့နိုင်ခဲ့သည့်အပြင် ကွန်ကရစ်လမ်းများ၊ ကတ္တရာလမ်းများ အဖြစ် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခင်က တစ်ညအိပ်၊ နှစ်ညအိပ် သွားရသည့်လမ်းကို ယခုနှစ်ထဲတွင် နေ့ချင်းပေါက် သွားနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်လကျော်က တံတားငါးစင်း ဖျက်ဆီးခံရပြီး ယင်းသို့ဖျက်ဆီးခံခဲ့ရသည့် တံတားအားလုံးကိုလည်း တစ်လအတွင်း ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။ မြစ်ကြီးနားမှ ပူတာအိုသို့ ကားငယ်လေးများဖြင့် နေ့ချင်း ပေါက် သွားလာနိုင်ပြီး ကားကြီးများမှာမူ ဆွမ်ပရာဘွမ်တွင် တစ်ညအိပ်ကာ သွားလာ နိုင်ပြီဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်ကိုကြည့်မည်ဆိုပါက ကယားပြည်နယ်၏ လမ်းဦးစီးဌာနပိုင် လမ်း များကို ၉၅ ရာခိုင်နှုန်းအထိ ကတ္တရာလမ်း အဆင့်မြှင့်တင်ပေးနိုင်ခဲ့သည်။ ကယား ပြည်နယ်နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထား သည့် BP 13, မယ်စဲ့ ကုန်သွယ်ရေးလမ်းကြောင်း တစ်လမ်းလုံးကိုလည်း ၁၈ ပေ ကတ္တရာလမ်း အဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လာမည့် အနာဂတ်လမ်းများကိုလည်းBP 10 နှင့် ဖောက်မည့် လမ်းကြောင်းများရှိကြောင်းနှင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် သိသာ ထင်ရှားတိုးတက်မှုများကို တွေ့ရှိရမည် ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်သည် ပြည်နယ်၏ ရပ်တည်မှု အခြေအနေအရ East – West Corridor ဟု ခေါ်သည့် ဗီယက်နမ်နိုင်ငံ ဒါနန်းမှစပြီး လာအိုနိုင်ငံ-ထိုင်းနိုင်ငံတို့ကို ဖြတ်ကာ မြန်မာနိုင်ငံအတွင်းသို့ မြဝတီကနေ ဝင်လာကာ ကော့ကရိတ်-ဘားအံမှတစ်ဆင့် ရန်ကုန်-ပုသိမ်-ငရုတ်ကောင်းတို့ကို ဖြတ်မည့် East – West Corridor ပေါ်တွင် ရှိနေ သည့်အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင် သည့် အလားအလာများလည်း ရှိနေပြီဖြစ် သည်။
ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ကော့ကရိတ်-မြဝတီလမ်းကို AC လမ်းအဖြစ် အဆင့်မြှင့်တင်ပြီး ADB၏ အကူအညီဖြင့် အိန္ဒု-ကော့ကရိတ်လမ်းကို အဆင့်မြှင့်တင် လျက်ရှိကြောင်း သိရသည်။
ဆက်လက်ပြီးလည်း Secondary လမ်း များကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် AC လမ်း အဖြစ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်နေသည့် တစ်ဆက်တည်းမှာပင် ကရင်ပြည်နယ်၏ ကျေးလက်လမ်းများကို Pilot Project များနှင့် ဆောင်ရွက်ထားသည့်အတွက် ကရင်ပြည်နယ် သည် သိသာထင်ရှားစွာ ဖွံ့ဖြိုးတိုးတက်လာပြီး အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အလားအလာကောင်းသည့် ပြည်နယ် တစ်ခုဖြစ်လာမည်ဖြစ်သည်။
လက်ရှိ ပြည်သူ့အစိုးရလက်ထက်တွင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်သည် ဦးစားပေးနံပါတ်(၁) ပြည်နယ်များဖြစ်ပြီး ချင်းပြည်နယ်မြောက်ဘက် အစွန်ဆုံးဖြစ် သည့် ကျီခါး-တွန်းဇံမှတစ်ဆင့် တီးတိန်- ဖလမ်း-ဟားခါး-မတူပီ-အစွန်ဆုံးဖြစ်သည့် ပလက်ဝ၊ ကျီခါးမှ ပလက်ဝအထိ တောင်- မြောက်လမ်းကြီးကို ငါးနှစ်အတွင်း ပေါက်အောင် ဖောက်လုပ်ရန်စီစဉ်ထား ကြောင်း၊ ယခုအခါ ကျီခါးနှင့် တွန်းဇံ၊ တွန်းဇံနှင့် တီးတိန်ကြားတွင် လိုအပ်သည့် လမ်း၊ တံတားများကို အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။
နတ်ဇန်တံတားကိုလည်း ဖွင့်လှစ်ပေး နိုင်ခဲ့ပြီး လမ်း၊ တံတားများကိုလည်း ငါးနှစ်တာ ကာလအတွင်းမှာ ကတ္တရာလမ်းအဖြစ် အဆင့် မြှင့်တင်သွားမည်ဖြစ်သည်။ ဟားခါးနှင့် မတူပီ လမ်းပိုင်းကိုလည်း အချို့နေရာများတွင် ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း စသည်ဖြင့် နှစ်နှစ်တာအတွင်း သိသာထင်ရှားစွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မတူပီ-ပလက်ဝ လမ်းပိုင်းကို နှစ်နှစ် တာအတွင်းမှာ မြေသားလမ်းအဆင့် ပေါက်အောင် ဖောက်လုပ်နိုင်ခဲ့ပြီး ချင်း ပြည်နယ်အတွင်းရှိ ကျေးရွာချင်းဆက် ကျေးလက်လမ်းများကို လာမည့်သုံးနှစ် အတွင်း တိုးတက်အောင် ဆောင်ရွက်ရန်ရှိ ကြောင်း သိရသည်။
ကလေး-ဖလမ်း-ဟားခါးလမ်း ၁၂၄ မိုင်ကို World Bank အကူအညီ ဒေါ်လာ သန်း ၆ဝ ဖြင့် အဆင့်မြှင့်တင်သွားမည်ဖြစ်သည့်အပြင် ဂျပန်နိုင်ငံJICA ဖွံ့ဖြိုးရေး အေဂျင်စီ အကူအညီဖြင့်လည်း ဟားခါး- ဂန့်ဂေါ လမ်းအပိုင်း မိုင် ၈ဝ ကို အဆင့်မြှင့်တင် လျက်ရှိသည်။
ချင်းပြည်နယ်၏ လမ်း၊ တံတား ကဏ္ဍများသည် နှစ်နှစ်တာအတွင်း တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သကဲ့သို့ လာမည့်သုံးနှစ် တာကာလအတွင်းမှာလည်း ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် ဆက်သွယ်မည့် ဆာဆီချောက်-ထန်တလန် လမ်းမကြီးကို နှစ်နှစ်တာ ကာလအတွင်း ဖောက်လုပ်နိုင်ခဲ့ပြီး သုံးနှစ်တာကာလအတွင်း အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သည်။
ကယားပြည်နယ်နှင့် မွန်ပြည်နယ်ရှိ လမ်းဦးစီးဌာနပိုင်လမ်းများကို ၉ဝ ရာခိုင်နှုန်း ကျော် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ ပြီးဖြစ်သည်။Secondaryလမ်းများကိုလည်း ကတ္တရာလမ်းအဆင့်အထိ တိုးမြှင့်ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ စစ်တွေ- ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တောအထိ ၉၄ မိုင်ခန့်ရှိသော လမ်းကို ယခင်က မောင်တောသွားမည်ဆိုပါက စက်လှေဖြင့်သာ သွားခဲ့ရသည်။ သို့ရာတွင် ယခု ဤလမ်းမကြီးပေါ်ရှိ ရသေ့တောင်တံတား အပါအဝင် တံတား ငါးစင်းကို ဖွင့်လှစ်လိုက် ခြင်းအားဖြင့် စစ်တွေမှ မောင်တောအထိ ကားနှင့် လေးနာရီကျော်ဖြင့် သွားလာနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။
ရသေ့တောင်-ဘူးသီးတောင်လမ်း အပိုင်း မြေသားလမ်းကိုလည်း ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်သွားရန်ရှိ ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၏ အဓိကဝင်ပေါက်ဖြစ် သည့် မင်းဘူး-အမ်း-စစ်တွေ လမ်းပိုင်းသည် ယခင်က ၁၅ နာရီ၊ ၁၆ နာရီကြာမျှ သွားခဲ့ရ ပြီး နှစ်နှစ်တာကာလအတွင်း တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် အကျိုးရလဒ်ကြောင့် ယခုဆိုလျှင် ၁၁ နာရီခန့်ဖြင့် မင်းဘူးမှ စစ်တွေအထိ သက်သောင့်သက်သာ သွားလာ နိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါလမ်းပေါ်တွင်ရှိသော တံတား အားလုံးကို ကွန်ကရစ်တံတားအဖြစ် သုံးနှစ် အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယင်း လမ်းမကြီးပေါ်တွင်ရှိသော လမ်းအကွေ့ အကောက်များကို ပြုပြင်မည်ဆိုလျှင် သုံးနှစ် အတွင်း မင်းဘူးမှ အမ်းအထိ မောင်းချိန် ကိုးနာရီအောက်ဖြင့် ရောက်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
JICA အကူအညီဖြင့် တောင်ကုတ်-သံတွဲ၊ တောင်ကုတ်-ကျောက်ဖြူလမ်းပိုင်း များကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့သကဲ့သို့ World Bank အကူအညီဖြင့် ငသိုင်းချောင်း- ဂွလမ်းကို ဒေါ်လာသန်း ၂ဝ ဖြင့် အဆင့် မြှင့်တင်ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။
ရန်ကုန်မှ သံတွဲ-ငပလီကို မောင်းချိန် ကိုးနာရီဖြင့် သွားလာနိုင်အောင် နှစ်နှစ် အတွင်း ဆောင်ရွက်နိုင်ခဲ့သည့်အပြင် နောက် သုံးနှစ်အတွင်းတွင် ဆက်လက် အဆင့်မြှင့်တင် လိုက်မည်ဆိုပါက ရန်ကုန်မှ သံတွဲအထိ ခုနစ် နာရီဝန်းကျင်ဖြင့် သွားလာနိုင်မည်ဖြစ်သည်။
ရှမ်းပြည်နယ်တွင်လည်း နှစ်နှစ်တာ ကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဆက်သွယ်သော လမ်းများကို ၁၈ ပေကျယ် ကတ္တရာလမ်းများ အဖြစ် တော်တော်များများ ဖောက်လုပ်ပေး နိုင်ခဲ့သည်။ အချို့နေရာများတွင် ၁၂ ပေ အကျယ် ကတ္တရာလမ်းဖောက်လုပ်နိုင်ခဲ့သည့် အတွက် ရှမ်းပြည်နယ်အတွင်းရှိ လမ်းများ မှာလည်း သိသိသာသာ တိုးတက်လာခဲ့ ကြောင်း သိရသည်။
ဂျာမနီနိုင်ငံ Kf W အထောက်အပံ့ဖြင့် ရှမ်းပြည်နယ်အတွင်း လမ်းကိုးလမ်း စုစုပေါင်း ကီလိုမီတာ ၉ဝ ကို ကျေးလက်လမ်းအနေဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ Pilot Project ဖြင့် ကျေးလက်လမ်း ၁၈ လမ်း ဖောက်လုပ်ပေးနိုင်ခဲ့သည်။
ကျန်တိုင်းဒေသကြီး ခုနစ်ခုတွင်လည်း နှစ်နှစ်တာကာလအတွင်း တံတားကြီးပေါင်း ၂၈ စင်း၊ ပြည်ထောင်စုလမ်းမကြီး ၁၄၄ လမ်း တွင် ကွန်ကရစ်လမ်း ၄ဝ၅ မိုင်၊ ကတ္တရာလမ်း ၁ဝ၁၂ မိုင်၊ နိုင်လွန်ကတ္တရာ ၅၄၄ မိုင်ကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ သိသာထင်ရှားသည့် တိုးတက်မှုမှာ တနင်္သာရီ တိုင်းဒေသကြီးတွင် မလွှဲတောင်ကျော်ပြီး ထားဝယ်-မြိတ်-ကော့သောင်းအထိ နေ့ချင်း ပေါက် သွားနိုင်သည့် လမ်းမကြီးများဖြစ်နေပြီ ဖြစ်ပြီး တချို့လမ်းများမှာမူ AC လမ်းများ အထိ အဆင့်မြှင့်တင်နိုင်ခဲ့ကြောင်းသိရသည်။
BOT လမ်းပိုင်းများကို ယခင်က ဝန်ကြီး ဌာနက ကြီးကြပ်မှုအားနည်းသည့်အတွက် BOT လမ်းပိုင်းများမှာ ပြည်သူများ၏ ငြိုငြင်မှု များရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် နှစ်နှစ်တာကာလအတွင်း ဝန်ကြီးဌာနအနေ ဖြင့် BOT Task Force ဖွဲ့စည်းပြီး BOT လမ်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ခဲ့ သည်။ လက်ရှိတွင်မူ BOT လမ်းများသည် အချို့နေရာများမှာ လေးလမ်းသွားအထိ အဆင့်မြှင့်တင်ပြီး ရန်ကုန်-မန္တလေး လမ်းမ ကြီးကိုလည်း လေးလမ်းသွားအထိ အဆင့် မြှင့်တင်ပေးနိုင်ခဲ့သည်။
ယနေ့တွင် ဘုရားကြီး-ကျိုက်ထို၊ ကျိုက်ထို-သထုံတို့တွင် AC လေးလမ်းသွား များအဖြစ် ဆောင်ရွက်နိုင်ခဲ့သည်။ မန္တလေး- လားရှိုး လမ်းတွင်ရှိသော ဂုတ်တွင်းတွင် မော်တော်ကားတစ်စီးပျက်ပါက ကားများ အချိန်အတော်ကြာ စောင့်ဆိုင်းနေရသည့် အတွက် ကမ္ဘာကျော် ဂုတ်ထိပ်တံတားနှင့် အပြိုင် Cable Stayed တံတားကြီးကို BOT ကုမ္ပဏီကို တည်ဆောက်ရန် တာဝန်ပေးထား ခဲ့ပြီး ယင်းကုမ္ပဏီမှ ၎င်း၏ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁ဝဝ ကျော်နှင့် ယခုနှစ်ထဲတွင် ဆောက်လုပ်တော့မည်ဖြစ်သည်။ ယင်း တံတားကြီးပြီးသွားပါက ဂုတ်တွင်းထဲတွင် ဝင်၊ ထွက်သွားလာရသည့် အချိန် ၄၅ မိနစ် ကျော် သက်သာသွားမည်ဖြစ်သည်။
ဆက်လက်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တစ်နိုင်ငံလုံးရှိ မြို့ပေါင်း ၃၃ မြို့ကို Urban Planningအပြီးသတ်ရေးဆွဲဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ Urban Planning နှင့်ပတ်သက်ပြီး ပြန်လည်ပြုပြင်ရေးဆွဲရမည့် မြို့များကိုလည်း လက်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ဝန်ကြီးချုပ်များနှင့် ညှိနှိုင်းပြီး ပြန်လည်ရေးဆွဲ လျက်ရှိသည်။
ဂျပန်နိုင်ငံJICA၊ ကိုရီးယားနိုင်ငံ KOICA တို့နှင့်ပူးပေါင်း၍ ရန်ကုန်- ဟံသာ ဝတီ-ပဲခူးစင်္ကြံလမ်းနှင့် ရန်ကုန်အနောက် တောင်ပိုင်းဖွံ့ဖြိုးရေး (Master Plan) ရေးဆွဲ ခြင်းနှင့် Yangon Region Master Plan ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
အိမ်ရာကဏ္ဍအနေဖြင့် ၂ဝ၃ဝ ပြည့်နှစ် အထိ အိမ်ရာ တစ်သန်း ဆောင်ရွက်ရန်ရှိပြီး နှစ်နှစ်တာကာလအတွင်း စုစုပေါင်းအိမ်ရာ ကဏ္ဍကို ၁ဝ၉၂၄ ခန်း ဆောင်ရွက်ခဲ့ကာ ၁ဝဝ ရာခိုင်နှုန်းပြီးစီးသည့် အခန်းပေါင်း ၅၇၄၈ ခန်းဖြစ်သည်။ အခန်းပေါင်း ၅၁၇၆ ခန်းကျော်သည် ၇ဝ ရာခိုင်နှုန်းပြီးစီးပြီး လာမည့်မတ်လကုန်တွင် ၁ဝဝ ရာခိုင်နှုန်း ပြီးစီးသည့် အခန်းပေါင်း ၁၅၇ဝ ရရှိမည်ဖြစ် သည်။ လာမည့် သုံးနှစ်တာကာလအတွင်း အခန်းပေါင်း ၈ဝဝဝ ကျော် ဆောက်လုပ်ရန် လည်း ရှိနေသည်။ PPP စနစ်ဖြင့် ဌာနမှ အခန်းပေါင်း ၄ဝဝဝ ကျော်၊ ကုမ္ပဏီများဘက်မှ အခန်းပေါင်း ၆ဝဝဝ ကျော် စုစုပေါင်းအခန်း ပေါင်း ၁ဝဝဝဝ ကျော် ထွက်လာနိုင်ရန်လည်း ဆောင်ရွက်သွားရန်ရှိနေကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် အဆင့်မီ အမြန်လမ်းမကြီး တည်ဆောက်နိုင်ရန်Median Shoulder တိုးချဲ့ခြင်း၊ Raised Median မှ Depressed Median သို့ ပြောင်းလဲ၍ ယာဉ်အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်နိုင်ခဲ့သည်။
ဝန်ထမ်းများ အရည်အသွေး မြင့်မား စေရန် သုဝဏ္ဏသင်တန်းကျောင်းတွင် သင်တန်းပေးပြီး ပြည်တွင်း၊ ပြည်ပ ကာလရှည်၊ ကာလတို သင်တန်းများကိုလည်း တက်ရောက် စေခဲ့သည်။ ဝန်ကြီးဌာနရှိ ဓာတ်ခွဲခန်း သုံးခု တွင် သုတေသနလုပ်ခြင်း၊ Construction Materialများကို ဓာတ်ခွဲစမ်းသပ်ခြင်း ပြုလုပ် ပြီး Construction Industry တစ်ခုလုံးကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နှစ်နှစ်တာကာလအတွင်း ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ လာမည့် သုံးနှစ်တာ ကာလအတွင်းတွင်လည်း ထပ်မံပြီး ဖွံ့ဖြိုး တိုးတက်အောင် စီစဉ်ဆောင်ရွက်လျက်ရှိ သည်။ နိုင်ငံတကာနှင့် ဆက်သွယ်ရေးလမ်း ကြောင်းများဖြစ်သည့် ထားဝယ်မှ ကချာနာပူရီ အထိ ထားဝယ်ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးရေး အတွက် သုံးနှစ်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ကချင်ပြည်နယ်တွင် ဗန်းမော်-လွယ်ဂျယ်လမ်း၊ မြစ်ကြီးနား-ကမ်ပိုက်တီး လမ်းများကို အဆင့်မြှင့်တင်ပြီး တရုတ်ပြည်နှင့် စီးပွားရေးကုန်သွယ်မှု တိုးတက်လာအောင် ဆောင်ရွက်ရန်လည်းရှိသည်။
အိန္ဒိယနိုင်ငံနှင့် ဆက်သွယ်ရေးလမ်း ကြောင်းများဖြစ်သည့် ကလေး-တမူးလမ်း အပြင် ရိဒ်-တီးတိန်လမ်းအား လမ်းအူကြောင်း အသစ်ဖောက်လုပ်ပြီး ဆောင်ရွက်မည်ဖြစ် သည်။ အိန္ဒိယနိုင်ငံနှင့် ညှိနှိုင်းပြီး သုံးနှစ် အတွင်း ဆောင်ရွက်မည့်လမ်းများမှာ ရိဒ်-တီးတိန်လမ်း၊ ဆာဆီချောက်-ထန်တလန်-ဟားခါးလမ်းနှင့် ဘွေနူးမြစ်ကူးတံတားကြီး ပြီးပါက နယ်စပ်ကုန်သွယ်ရေးလုပ်နိုင်မည့် လမ်းကြောင်းအဖြစ် ဖောက်လုပ်နိုင်ရန် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းလျက်ရှိသည်။
လက်ရှိ ဆောင်ရွက်ဆဲဖြစ်သည့် ပလက်ဝ-ကလက်ဝ မြစ်ဝမှတစ်ဆင့် စစ်တွေ ရေနက်ဆိပ်ကမ်းအထိ၊ ထိုမှ မီဇူရမ်ပြည်နယ် အထိ ကုန်စည်ပို့ဆောင်နိုင်မည့် လမ်းကြောင်း များကိုလည်း ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် Public Housingများ ဖွံ့ဖြိုးတိုးတက်ရန် နှစ်နှစ်တာအတွင်း ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ သုံးနှစ်တာတွင်လည်း ဆောင်ရွက်မည့် စီမံကိန်းများရှိကြောင်း၊ အဓိကတာဝန်ယူရမည့် လမ်း၊ တံတားကဏ္ဍအနေဖြင့် နှစ်နှစ်တာ ကာလတွင် ပြည်နယ်များ၌ သိသာထင်ရှား အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်ပြီး လည်း ကျေးလက်လမ်းများကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် လမ်း၊ တံတားကဏ္ဍတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ။

No comments:

Post a Comment