Tuesday, May 1, 2018

လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုတွင်အဓိကအကျဆုံးဖြစ်သည့် ဇုန်(B)အားအပြီးသတ်ငြှိမ်းသတ်

Image may contain: sky, mountain, outdoor and nature
ရန်ကုန် ဧပြီ ၃ဝ
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံမီး ကို အပြီးသတ်ငြှိမ်းသတ်နိုင်ရန် ဧပြီ ၂၉ ရက်မှစတင်၍ ဇုန်လေးဇုန် ခွဲခြား သတ်မှတ်ကာ တစ်နေ့လျှင် တစ်ဇုန်နှုန်းဖြင့် ငြှိမ်းသတ်ဆောင်ရွက်လျက်ရှိရာ ဇုန်(A)အား အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ပြီး ယနေ့တွင် ဇုန်(B)အား ဆက်လက် ငြှိမ်းသတ်လျက်ရှိသည်။ ဇုန်(B)သည် ဇုန်လေးဇုန်(A, B, C, D) များထဲ တွင် အဓိကအကျဆုံးနှင့် ထုထည်အကြီးမားဆုံး ဇုန်တစ်ခုဖြစ်ရာ ယင်းဇုန်အား အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့ပါက အမှိုက်ပုံ မီးလောင်မှုဖြစ်စဉ် ပြီးသလောက် ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမြတ်သူက ပြောကြားသည်။
''လက်ရှိမီးငြှိမ်းသတ်တဲ့ အခြေအနေကတော့ မနေ့ကစပြီး ဇုန်လေးဇုန် ခွဲခြားသတ်မှတ်ပြီး အပိုင်းလိုက်ပုံစံ ပြန်ပြောင်းငြှိမ်းသတ်ပါတယ်၊ မနေ့က အပိုင်း(A) ငြှိမ်းသတ်ပြီးသွားပါပြီ၊ ဒီနေ့ကတော့ (B)အပိုင်းကို ဆောင်ရွက် နေပါတယ်၊ ဒီအပိုင်းကတော့ ဇုန်လေးဇုန်ထဲမှာ အဓိကအကျဆုံး ထုထည် အကြီးမားဆုံးဇုန် ဖြစ်ပါတယ်၊ ဒီနေ့မှာ အရန်အဖွဲ့တွေလည်း ဒီမှာ လာငြှိမ်း သတ်ရတယ်၊ အဖွဲ့လေးဖွဲ့စလုံး ဇုန်(B)ကို ငြှိမ်းသတ်နေပါတယ်၊ အမှိုက်ပုံက တောင်လိုဖြစ်နေတယ်၊ အမြင့် ၁၅ ပေလောက်ရှိတော့ ထုထည်ကြီးမားပြီး အခက်အခဲတော့ အနည်းငယ်ရှိပါတယ်၊ စက်ယန္တရားသုံးစီးနဲ့ ဆောင်ရွက်နေ တယ်၊ ပိုက်ခေါင်း ၃၅ ခေါင်းနဲ့ မီးသတ်အင်အား ၄၅ဝ နဲ့ လုပ်နေတော့ ဒီအမှိုက်ပုံကို ညဥ့်နက်တဲ့အထိ လုပ်ရမှာဖြစ်ပါတယ်၊ ဒီဇုန်အောင်မြင်သွားရင် တော့ ပြီးသလောက်ရှိပြီလို့တောင် ပြောလို့ရပါတယ်၊ တစ်နေ့ကို တစ်ဇုန် ပြီးအောင် ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပြီးအောင် ဆောင်ရွက် မှာပါ၊ တောင်လိုဖြစ်နေတဲ့ အမှိုက်ပုံတွေအထဲမှာ မီးခိုးငွေ့လိုဖြစ်နေတဲ့အတွက် ပိုပြီးပြင်းထန်မယ့် အနေအထားရှိတော့ Bio Foamဆေးရည်သုံးဖို့ စီစဉ်ထား ပါတယ်၊ ဆေးရည် ၁ဝ ပီပါလောက်တော့ မှာထားတယ်၊ တပ်ဖွဲ့ဝင်တွေက လည်း ရက်တွေ ရှည်လာတဲ့အခါကျတော့ ကြိုးစားပြီး ဆောင်ရွက်နေပါတယ်၊ ကျွန်တော်တို့တာဝန်ယူထားတဲ့အပိုင်းကို အမြန်ဆုံး ငြိမ်းစေချင်ပါတယ်''ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက ရှင်းပြသည်။
ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို စီမံချက်အသစ် ပြန်လည်ရေးဆွဲကာ ဇုန် လေးဇုန် အပိုင်းလိုက် ခွဲခြားဆောင်ရွက်နေမှုသည် ယနေ့ ဇုန်(B) ငြှိမ်းသတ်မှု အပါအဝင် ပြီးစီးမှုရာခိုင်နှုန်း ၆ဝ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီဖြစ်ကြောင်း၊ ပြည်ပပညာရှင်များ၏ နည်းပညာအကူအညီ၊ အကြံပြုချက်၊ ဆွေးနွေးချက်များ သည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၏ နည်းပညာ၊ အကြံပြုချက်၊ ဆွေးနွေး ချက်များနှင့် တစ်ထပ်တည်းကျပါကြောင်း၊ အမှိုက်ပုံမြေပြင်အခြေအနေအရ Bio Foam ဆေးရည်အား လိုအပ်သည့်နေရာများတွင်သာ အသုံးပြုမည် ဖြစ်ပြီး ရေအားကိုသာ အဓိက အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ဇုန်(A)ကို အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့သလို ဇုန်(C)မှလည်း သုံးပုံတစ်ပုံခန့်ငြှိမ်းသတ်နိုင်ခဲ့ပြီးဖြစ်ရာ ဇုန်(B)ငြှိမ်းသတ်မှုပြီးစီးပါက သတ်မှတ်ထားသည့် တစ်ဇုန် တစ်ရက်နှုန်း လေးရက်နှင့် အပြီးသတ်ငြှိမ်းသတ်မှု အောင်မြင် မည်ဖြစ်ကြောင်း ဦးမြတ်သူက ဆက်လက်ပြောသည်။
အမှိုက်ပုံမီးငြှိမ်းသတ်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေ သည့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တိုင်းအကူတပ်ဖွဲ့ ခွဲမှူး ဒုတိယရဲမှူးကြီးယုနိုင်က ''မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကို တစ်တပ်တစ်အား ကူညီပေးဖို့ လုံခြုံရေးဆောင်ရွက်ဖို့ လာရောက်ခြင်း ဖြစ်ပါတယ်၊ လက်ရှိအခြေအနေမှာတော့ ရဲတပ်ဖွဲ့အင်အား ၂၂၅ ယောက်နဲ့ မီးသတ်အဖွဲ့ကိုကူညီပေး နေပါတယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရေသယ်ယာဉ်သုံးစီးနဲ့ လာရောက်ဆောင်ရွက်တာ ဖြစ်ပါတယ်၊ ဇုန်လေးဇုန်ခွဲ လုပ်တာ မနေ့ကဆို ဇုန်(A)ပြီးသွားပါပြီ၊ မနေ့က ည ၁၂ နာရီလောက်မှ အပြီးသတ်နိုင်ပါတယ်၊ ဒီနေ့က ဇုန်(B)ဆောင်ရွက်နေပါတယ်၊ ဇုန်(B)က ဇုန်တွေထဲမှာ မီးခိုး အထွက်ဆုံးနေရာပါ၊ အပြီးသတ်ဆောင်ရွက်နိုင်မယ်လို့လည်း ထင်ပါတယ်၊ ပြည်သူလူထုတွေ စိုးရိမ်နေမှုတွေ ကိုလည်း ကျွန်တော်တို့ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ တွေ ပူးပေါင်းပြီး ကြိုးစားဆောင်ရွက်နေပါတယ်'' ဟု ပြောသည်။
''ထိန်ပင်အမှိုက်ပုံမီးလောင်တာ ၂၁ ရက်နေ့က စတင် လောင်ပါတယ်၊ ၂၃ ရက်နေ့မှာ မီးခိုးတွေ စတင်ဆိုးရွား လာတယ်၊ မြို့နယ်ရဲတပ်ဖွဲ့က စဖြစ်ဖြစ်ချင်း ၁+၅ ယောက်နဲ့ ကျွန်တော်ဦးစီးပြီးတော့ လုံခြုံရေးတွေ စတင် ဆောင်ရွက်ခဲ့ပါတယ်၊ နောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင် တွေ အင်အားတိုးမြှင့်ပြီး နေ့ရောညပါ ဆောင်ရွက်ခဲ့ပါတယ်၊ ၂၅ ရက်နေ့မှာစပြီးတော့ တိုင်းအကူတပ်ဖွဲ့ခွဲမှူး၊ မြောက်ပိုင်း ခရိုင်ကတပ်ဖွဲ့မှူးတွေနဲ့အတူ ကျွန်တော်တို့မြို့နယ်ကနေ ကျွန်တော်အပါအဝင် အင်အား ၂၅ ယောက်နဲ့ နယ်မြေ လုံခြုံရေးရော မီးငြှိမ်းသတ်ရေးမှာရော ဝိုင်းဝန်းပြီး ဆောင်ရွက်ပါတယ်၊ တိုင်းကနေ ရေသယ်ယာဉ်သုံးစီးနဲ့ မီးငြှိမ်းသတ်တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်၊ မနေ့ကစပြီး ဇုန်လေးဇုန်ခွဲပြီး မီးသတ်တပ်ဖွဲ့ဝင်တွေရော ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေရော ဇုန်(A)မှာ မီးကို ကောင်းမွန်စွာ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်'' ဟု လှိုင်သာယာ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြတ်စိုးက ပြောသည်။
မီးလာင်မှုမှ ထွက်ရှိလာသည့် မီးခိုးငွေ့များကြောင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူ နေသည့် လူနာဦးရေမှာ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး တစ်ဦးသာရှိတော့ကြောင်း၊ လက်ရှိအချိန်တွင် ပြည်သူများ အနေဖြင့် စိုးရိမ်ကြောင့်ကြမှုများ မရှိစေချင်ကြောင်းနှင့် မီးခိုးငွေ့ကြောင့် တစ်စုံတစ်ရာသံသယရှိလျှင် နီးစပ်ရာ ကျန်းမာရေး ဝန်ထမ်းနှင့်သော်လည်းကောင်း၊ လှိုင်သာယာ ပြည်သူ့ဆေးရုံသို့သော် လည်းကောင်း လာရောက်ဆေးဝါး ကုသမှုခံယူသင့်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မြတ်စိုးက ဖြည့်စွက်ပြောသည်။
''ကျွန်မက လှိုင်ယာယာဘီအိုစီမှာ နေတာပါ၊ စဖြစ်ဖြစ်ချင်း တုန်းကဆို မီးခိုးငွေ့တွေ အလုံးလိုက်တွေ့ရတယ်၊ ညှော်နံ့ တွေလည်း ရတယ်၊ ကျွန်မတို့အိမ်က သိပ်မလုံတော့ ညဘက်ဆို မီးခိုးနံ့တွေရတယ်၊ အိမ်လုံတဲ့ သူတွေကတော့ သိပ်အကြောင်းမဟုတ်ဘူး၊ အိမ်မှာက ကလေးလည်းရှိတော့ ဂရုစိုက်ရတယ်၊ ကျန်းမာရေးအနေနဲ့ ကြော်ငြာနေတာ တွေလည်း ကြားရတော့ စိုးရိမ်မိတယ်၊ ကျွန်မတို့က နီးတော့ ပိုစိုးရိမ်မိတယ်၊ ကျန်းမာရေးအခြေအနေအရ ဘာများဖြစ်မလဲလို့ အသက်ရှူမဝတဲ့ရောဂါ အခံရှိတဲ့သူ တွေဆို ပိုဆိုးတာပေါ့၊ ဒီရက်ပိုင်းတော့ အနံ့သိပ်မရတော့ ဘူး၊ မီးသတ်တပ်ဖွဲ့ဝင်တွေရော၊ တပ်မတော်သားတွေရော၊ ရဲတပ်ဖွဲ့ဝင်တွေရော အဖွဲ့အစည်းတွေအများကြီးပဲ ကြိုးစားငြှိမ်းသတ်နေတာကြားရပါတယ်၊ သူတို့ကိုလည်း ကျေးဇူးတင်ပါတယ်၊ မီးလည်းမြန်မြန်ငြိမ်းပါစေလို့ ဆုတောင်းပါတယ်'' ဟု လှိုင်သာယာမြို့နယ် ဘီအိုစီတွင် နေထိုင်သည့် ဒေါ်မို့မို့ခိုင်က ပြောသည်။
အမှိုက်ပုံမီးလောင်မှုသည် ဧပြီ ၂၃ ရက်တွင် မီးလောင်မှု အားကောင်းခဲ့ပြီး ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များသို့ မီးခိုးငွေ့များပျံ့လွင့်ခဲ့ကာ ပြည်သူများအနေဖြင့် စိုးရိမ် ကြောင့်ကြမှုများရှိခဲ့ကြသည်။ ယခုအချိန်တွင် ရန်ကုန် မြို့အတွင်းရှိ မြို့နယ်များသို့ မီးခိုးငွေ့ပျံ့လွင့်မှုနည်းပါး သွားပြီး လှိုင်သာယာမြို့နယ်အတွင်းသာ အနည်းငယ် ပျံ့လွင့်လျက်ရှိရာ ပြည်သူလူထုစိုးရိမ်ကြောင့်ကြမှုများ လျော့နည်းလာမှုများနှင့်အတူ နောက်နှစ်ရက်အတွင်း အပြီးသတ်ငြှိမ်းသတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မီးလောင်ပြင်၌ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ အတွက် အစားအသောက်၊ ရေသန့်ဘူး၊ ဆေးဝါး၊ အထောက် အကူပြုပစ္စည်းများကို နေ့စဉ် လာရောက်လှူဒါန်းလျက် ရှိရာ အလှူရှင်များအနေဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်ကာ စည်ပင်သာယာရေးဝန်ထမ်း များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အလှူပစ္စည်းများ လက်ခံသည့် ဌာနတစ်ခုကို ထိန်ပင် အဝင်ဝအနီးတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။ ထို့အပြင် နီးစပ်ရာတွင် မီးငြှိမ်းသတ်နေသော တပ်ဖွဲ့ဝင် များအား ထမင်းထုပ်၊ ရေသန့်ဘူး၊ အချိုရည် အစရှိသည် များကိုလည်း အလှူရှင်များက ကိုယ်တိုင် လှူဒါန်းနေသည် တို့ကို တွေ့ရသည်။
ထိန်ပင်အမှိုက်ပုံမီးသည် ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းမှ စတင်လောင်ကျွမ်းခဲ့ပြီး ရက်သတ္တတစ်ပတ်ကျော်ကြာ လောင်ကျွမ်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးမှ တာဝန် ရှိသူများနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းများက ဝိုင်းဝန်းငြှိမ်းသတ် လျက်ရှိကြောင်း သိရသည်။
သတင်း-အေးမင်းသူ
ဓာတ်ပုံ-ဌေးအောင်

No comments:

Post a Comment