Tuesday, May 1, 2018

နိုင်ငံတော်နှင့် ပြည်သူများ၏အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေးမျှော်မှန်းချက်ကို ဦးထိပ်ထား၍ ဆောင်ရွက်နေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန

Image may contain: 1 person, smiling, standing
ခင်ရတနာ
နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေးမျှော်မှန်းချက်(Vision)ကို ဦးထိပ်ထား၍ ဆောင်ရွက်နေသည့် ဝန်ကြီးဌာန ဖြစ်သည့်အားလျော်စွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ပြီး မူကြီးငါးရပ်အပေါ် အခြေခံလျက် ''လွတ်လပ်၍ တက်ြ<ွကပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ'' ကို လက်တွေ့အကောင်အထည်ဖော်လျက်ရှိပါသည်။
လက်ရှိအစိုးရတာဝန်ယူပြီးချိန်မှ စတင်ကာ နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးခဲ့ပြီး အကောင်အထည်ဖော်ရာတွင် ချဉ်းကပ် ဆောင်ရွက်ပုံများကို ပြောင်းလဲခဲ့ပါသည်။
ပြည်သူကိုဗဟိုပြုသည့် သံတမန်ဆက်ဆံ ရေးကို အစဉ်အလာအရ ချစ်ကြည်ရင်းနှီး သည့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေးအတွက်သာမက အနီး အဝေးတွင်ရှိသည့် ကမ္ဘာ့နိုင်ငံများ အားလုံး နှင့်လည်း ချစ်ကြည်ရင်းနှီးမှုပြန်လည် တည်ဆောက်ရေး၊ အာဆီယံနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများတွင် တက်ကြွစွာပါဝင်ပြီး နိုင်ငံတော်၏ အကျိုးစီးပွားသာမက ဒေသ အကျိုးစီးပွားအတွက်လည်း ဆောင်ကြဉ်း ပေးနိုင်ရေး၊ မိမိတို့နိုင်ငံ၏ အခြေအနေနှင့် ဦးစားပေးလိုအပ်ချက်များနှင့်အညီ ကုလ သမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအားလုံး နှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ဆောင် ချက် များစွာရှိပြီး ယခုအစိုးရ၏ ဒုတိယ တစ်နှစ်တာသည် စိန်ခေါ်မှုများစွာ၊ နိုင်ငံတကာ မျက်နှာစာပေါ်တွင် ဖြေရှင်းပေးရမှုများစွာ ကိုလည်း ပြုလုပ်ခဲ့သည်ကို မြင်တွေ့ရသည့် အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ဆောင် ချက်များနှင့် မကြာသေးမီက ဖွဲ့စည်း တည်ထောင်ထားခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များကို သိရှိနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုလုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်နေသလဲ ဆိုတာ သိလိုပါတယ်ရှင့်။
ဖြေ။ ။ နိုင်ငံခြားရေးဝန်ကြီး ဌာနကနေ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်း ရေး၊ ပြည်သူများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီကူးပြောင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေမှာ လိုအပ်တဲ့ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု တွေ ရရှိရေးနဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကြိုးပမ်းဖြေရှင်းတဲ့နေရာမှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရရှိရေးအတွက် နိုင်ငံတကာနဲ့ ထိတွေ့ဆက်သွယ်ပြီး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။
သံတမန်တွေအနေနဲ့ မိမိတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သာမက ကမ္ဘာ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ကူညီပံ့ပိုးပေးနိုင် ကြဖို့နဲ့ မိမိတို့နိုင်ငံရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်း ရာမှာ ပြည်တွင်း အမြင်နဲ့သာမက ပြည်ပ အမြင်ကိုလည်း ထည့်သွင်းစဉ်းစားတဲ့ ပုံစံမျိုးနဲ့ ပြောင်းလဲချဉ်းကပ်ပါတယ်။ ပြည်သူဗဟိုပြု သံတမန်ရေးချဉ်းကပ်မှုနဲ့အညီ နှစ်နိုင်ငံ ချစ်ကြည်ရေးမြှင့်တင်ရာမှာ အစိုးရချင်း ဆက်ဆံရေးသာမက ပြည်သူချင်းဆက်ဆံရေး ကို မြှင့်တင်ရေး၊ ပြည်သူများအကျိုး ကာကွယ် မြှင့်တင်ရေးနဲ့ မိမိတို့ ရည်မှန်းချက်များ အောင်မြင်ဖို့êကြိုးပမ်းရာမှာ ပြည်သူတွေရဲ့ စုပေါင်းအင်အားကို အသုံးပြုဆောင်ရွက်နေပါ တယ်။
မေး။ ။ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဒုတိယ တစ်နှစ်တာအတွင်းမှာ ဘယ်လိုလုပ်ငန်းတွေ ကို ဦးစားပေးလုပ်ငန်းတွေအဖြစ် သတ်မှတ် ဆောင်ရွက်နေပါသလဲရှင့်။
ဖြေ။ ။ ကမ္ဘာ့နိုင်ငံတွေအားလုံးနဲ့ ချစ်ကြည်ရင်း နှီးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင် ဖို့၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေ ကနေ နည်းပညာနဲ့ ဘဏ္ဍာငွေတွေ ကူညီပံ့ပိုး မှုတွေ ရရှိစေဖို့၊ ပြည်ပကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှုတွေကို မြှင့်တင်ဖို့၊ နိုင်ငံတကာနဲ့ ဒေသ ဆိုင်ရာအဖွဲ့အစည်းတွေမှာ တက်ြ<ွကစွာ ပါဝင် ဖို့၊ နိုင်ငံတကာ မျက်နှာစာမှာ မိမိတို့နိုင်ငံနဲ့ လူမျိုးတို့ရဲ့ ပုံရိပ်တွေ ပြန်လည်မြင့်တက်လာ စေဖို့၊ လူ့အခွင့်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနဲ့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတွေမှာ တိုးမြှင့် ပါဝင်ဖို့၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံသားဟောင်းတွေရဲ့ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ဖို့စတာတွေကို ဦးစား ပေးအနေနဲ့ ဒုတိယတစ်နှစ်တာအတွင်းမှာ ဆောင်ရွက်ခဲ့ပါတယ်။
ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် ကျွမ်းကျင်တဲ့ သံတမန်တွေ လိုအပ်တာမို့ သံတမန်ဝန်ထမ်းတွေကို အင်အားတိုးချဲ့ ခန့်အပ်တာ၊ သံတမန်တွေရဲ့ စွမ်းဆောင်ရည် ကို မြှင့်တင်တာတွေနဲ့ ပြည်ပမှာရှိတဲ့ မြန်မာ သံရုံးတွေမှာ သံတမန်အဆင့်နဲ့ညီတဲ့ လုပ်ငန်း တာဝန်ကို ဆောင်ရွက်နိုင်ကြဖို့ စီမံအုပ်ချုပ်မှု ဆိုင်ရာ လိုအပ်တဲ့ ဖြည့်ဆည်းပံ့ပိုးမှုတွေကို သိသိသာသာ တိုးမြှင့်ပြုလုပ်ထားခဲ့ပါတယ်။
နိုင်ငံတကာဆက်ဆံရေးကြိုးပမ်းမှုတွေ ကနေသိသာတဲ့ အောင်မြင်မှုတွေ ရနေတဲ့ အချိန် ရခိုင်ပြည်နယ် နယ်ခြားစောင့်လုံခြုံရေး တပ်တွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့အချိန်ကစပြီး ဒုက္ခသည်အမြောက် အမြား တိမ်းရှောင်မှုဖြစ်ပေါ်လာခဲ့ပါတယ်။ သတင်းမီဒီယာတွေကနေ ချဲ့ကားထိုးနှက်မှု တွေ လွန်လွန်ကဲကဲလုပ်ဆောင်ခဲ့တဲ့အတွက် နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံအပေါ် ဖိအားပေးဝေဖန်မှုတွေနဲ့ အထင်အမြင်လွဲမှား မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်ပြီး အမှန်အတိုင်းဝေဖန်သုံးသပ်ပြရမယ်ဆိုရင် အစိုးရသက်တမ်း ပထမတစ်နှစ်ခွဲ ကာလမှာ သိသာထင်ရှားတဲ့ တိုးတက်အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် ဒုတိယနှစ်ဝက်ပိုင်းမှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါ တယ်။ ဒါကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက စိန်ခေါ်မှုတွေ၊ ဖိအားတွေကို နိုင်ငံတကာ မျက်နှာစာတွေမှာ တုံ့ပြန်ဖြေရှင်းတာတွေ အပြင် မြေပြင်မှာ လက်တွေ့တိုးတက်မှုပြ နိုင်ဖို့êကြိုးပမ်းပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေးကို ပိုတိုးတက်ကောင်းမွန်အောင် အထူးအာရုံစိုက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။
မေး။ ။ လက်ရှိအစိုးရလက်ထက် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍမှာရော ဘယ်လို ပြောင်းလဲမှုတွေနဲ့ စိန်ခေါ်မှုတွေ ရှိလာပါသလဲ ရှင့်။
ဖြေ။ ။ ကျွန်တော်တို့အစိုးရလက်ထက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ကို တွဲဖက်တာဝန်ယူထားတဲ့အတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စ တွေမှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညှိနှိုင်း ဆောင်ရွက်ပေးနိုင်မှုအခန်းကဏ္ဍက ပိုပြီး မြင့်မားလာခဲ့ပါတယ်။ အရပ်သားအစိုးရသစ် တာဝန်ယူလာခဲ့တဲ့အပေါ် ကမ္ဘာ့နိုင်ငံတွေက ကြိုဆိုထောက်ခံအားပေးလာခဲ့ပါတယ်။ ဒီမို ကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ ပိုအောင်မြင်ဖို့ အစိုးရသက်တမ်း ပထမ တစ်နှစ်ခွဲကာလမှာ ပံ့ပိုးကူညီမှုတွေ၊ အကူ အညီ ကမ်းလှမ်းမှုတွေ တစ်ဟုန်ထိုးတိုးတက် များပြားလာခဲ့တာဟာ နိုင်ငံတကာဆက်ဆံရေး ကဏ္ဍအတွက် ထူးခြားတဲ့ ပြောင်းလဲတိုးတက် မှုဖြစ်ပါတယ်။
ဒုတိယနှစ်မှာလည်း စိန်ခေါ်မှုတွေ ကြီးကြီး မားမား ကြုံတွေ့နေရသည့်တိုင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းမှုအောင်မြင်ဖို့ ဆက်လက် အားပေးကူညီတာတွေကို ကမ္ဘာ့နိုင်ငံအများ အပြားရဲ့ ကတိကဝတ်တွေ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက ကမ္ဘာ့ အသိုင်းအဝိုင်းအတွင်း တာဝန်သိနိုင်ငံ တစ်နိုင်ငံအနေနဲ့ ရပ်တည်ဖို့ လိုအပ်တဲ့အတွက် နိုင်ငံတကာစံနှုန်းတွေနဲ့ လျော်ညီအောင် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာအသိုင်း အဝိုင်းရဲ့ သဘောထားအမြင်တွေကို အလေး ထားဆောင်ရွက်ဖို့ရှိပါတယ်။ တစ်ဖက်မှာ လည်း ပြည်တွင်းအခြေအနေ လိုအပ်ချက် တွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ဖို့ရှိနေတဲ့ အတွက် ဟန်ချက်ညီညီနဲ့ ဖြေရှင်းနိုင်ဖို့ဆိုတာ ကျွန်တော်တို့ဌာနရဲ့ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။
မေး။ ။ ကမ္ဘာ့နိုင်ငံတွေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးအနေအထား တိုးတက်ပြောင်းလဲ မှုတွေ အကြောင်းကိုလည်း သိပါရစေ။
ဖြေ။ ။ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေး အခြေအနေဟာ အစိုးရသစ်တက်ပြီးခါစ ကနေ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှု စတင်ပေါ်ပေါက်တဲ့ အချိန်ကာလနဲ့ အဲဒီကာလနောက်ပိုင်းအခြေအနေဆိုပြီး နှစ်ပိုင်းခွဲရှုမြင်ဖို့တော့ လိုအပ်ပါ တယ်။
ပထမအနေအထားကတော့ အစဉ်အလာ အရ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး တွေကို ဆက်လက်ခိုင်မာစေဖို့ တိုးမြှင့်တည်ဆောက်နိုင်ခဲ့တဲ့အပြင် ဖွံ့ဖြိုးရေး မိတ်ဖက်သစ် နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ အနောက် ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပြန်လည် မြှင့်တင်တည်ဆောက်နိုင်ခဲ့ပါတယ်။
ပထမနှစ်အတွင်း အမေရိကန်ပြည်ထောင်စု ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက် ခဲ့တဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ်ချမှတ် ထားတဲ့ စီးပွားရေးအရ ပိတ်ဆို့ကန့်သတ် မှုတွေ အားလုံးကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ အလားတူပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ပိုမို ခိုင်မာစေနိုင်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေ အကြား ချစ်ကြည်ရင်းနှီးမှုအပြင် အပြန်အလှန် နားလည်ယုံကြည်မှုကိုလည်း တည်ဆောက် နိုင်ခဲ့ပါတယ်။
ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာခဲ့တဲ့ အကျိုးဆက်အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဥရောပ သမဂ္ဂက ၁၉၉၁ ခုနှစ်ကစတင်ပြီး နှစ်စဉ် တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုမူကြမ်း တင်သွင်းမှု ကို ၂ဝ၁၆ ခုနှစ်မှာ အဆုံးသတ်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့တာဟာ ပထမနှစ်အတွင်း ထူးခြားတဲ့အောင်မြင်တိုးတက်မှုလို့ ဆိုနိုင်ပါ တယ်။
ဒါပေမဲ့ အစိုးရသက်တမ်း ဒုတိယနှစ် အတွင်းမှာတော့ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံ နိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ချစ်ကြည် ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ပိုပြီးခိုင်မာအောင် တိုးမြှင့်နိုင်ခဲ့ပေမယ့် ရခိုင်ပြည်နယ်အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူတွေအများအပြား တိမ်းရှောင်မှုတွေ ဖြစ်လာခဲ့ရတဲ့အတွက် အထင်အမြင်လွဲမှားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါ တယ်။ ဒါကြောင့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ နွေးထွေးမှုတွေ လျော့ကျလာ ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး ကို အစဉ်တစိုက် အားပေးထောက်ခံခဲ့ကြတဲ့ နိုင်ငံတွေအနက်ကနေ စိန်ခေါ်မှုတွေနဲ့ ရှုပ်ထွေးနက်နဲမှုတွေကို နားလည်မှုပေးနိုင်တဲ့ နိုင်ငံတွေနဲ့တော့ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက် နေတာတွေ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါ တယ်။
ကမ္ဘာ့နိုင်ငံတွေအားလုံးနဲ့ ချစ်ကြည်ရင်းနှီး မှုတွေ မြှင့်တင်နိုင်ဖို့ အခြေခံလိုအပ်ချက် ဖြစ်တဲ့ နှစ်နိုင်ငံအကြား နိုင်ငံတော်အကြီး အကဲတွေ၊ အဆင့်မြင့်ကိုယ်စားလှယ်တွေရဲ့ ချစ်ကြည်ရေးခရီးတွေ အပြန်အလှန်သွား ရောက်ရေးအတွက် ဝန်ကြီးဌာနက သံတမန် ဆက်သွယ်ရေးအတွက်ရော၊ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုတွေအတွက်ပါ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ပြီး ချစ်ကြည်ရေး ခရီးစဉ်တွေ ဘက်ညီမျှတစေဖို့ စနစ်တကျနဲ့ စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
မေး။ ။ အစိုးရသက်တမ်း နှစ်နှစ်တာကာလ အတွင်းမှာ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ သွားရောက်ခဲ့တဲ့ ခရီးစဉ် တွေကို ပြောပြပေးပါရှင့်။
ဖြေ။ ။ နိုင်ငံတော်သမ္မတအနေနဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံအပြင် အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ ဂျပန် နိုင်ငံတွေကို ချစ်ကြည်ရေးခရီးစဉ်တွေ သွားရောက်ခဲ့ပါတယ်။ အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့အတွက် ရုရှားနိုင်ငံနဲ့ အာရှ-ဥရောပ ထိပ်သီးအစည်း အဝေးတက်ရောက်ဖို့အတွက် မွန်ဂိုလီးယား နိုင်ငံ၊ နတ်ရွာစံ ထိုင်းဘုရင်မင်းမြတ်ရဲ့ တော်ဝင်ဈာပနအခမ်းအနားတက်ရောက်ဖို့ ထိုင်းနိုင်ငံကိုလည်း သွားရောက်ခဲ့ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုရင် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အမေရိကန်ပြည် ထောင်စု၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အီတလီ နိုင်ငံနဲ့ ဗာတီကန်မြို့ပြနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ဥရောပသမဂ္ဂဌာနချုပ်တည်ရှိရာ ဘယ်လ်ဂျီယံ နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သြစတြေးလျနိုင်ငံတွေကို တရားဝင်ခရီးစဉ်တွေအဖြစ် သွားရောက်ခဲ့ပါ တယ်။
ဒါ့အပြင် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လာအိုနိုင်ငံမှာ ကျင်းပတဲ့ (၂၈)ကြိမ်မြောက်နဲ့ (၂၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်း အဝေးတွေ၊ အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ Outreach Summit Between BRICS and BIMSTEC Partners၊ ဘရူနိုင်းနိုင်ငံမှာ ကျင်းပတဲ့ ဘရူနိုင်းဘုရင်ရဲ့ နန်းစံသက် နှစ် (၅ဝ)ပြည့် ရွှေရတုအခမ်းအနား၊ ဖိလစ်ပိုင် နိုင်ငံမှာ ကျင်းပတဲ့ အကြိမ်(၃ဝ)မြောက်နဲ့ (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးများနဲ့ ဆက်စပ်အစည်းအဝေးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၊ ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်တဲ့ APECခေါင်းဆောင်များနှင့် ASEAN ခေါင်းဆောင်များအကြား အလွတ် သဘောဆွေးနွေးပွဲ၊ အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက်ဆက်ဆံရေး (၂၅)နှစ်ပြည့် ထိပ်သီးအစည်းအဝေးနဲ့ အိန္ဒိယ နိုင်ငံရဲ့ (၆၉)နှစ်မြောက် အမျိုးသားနေ့ အခမ်း အနား၊ သြစတြေးလျနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်း အဝေး စတာတွေကို တက်ရောက်ခဲ့ပါတယ်။
မေး။ ။ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ကမ္ဘာ့ နိုင်ငံအသီးသီးက ဧည့်သည်တော်တွေနဲ့ လာရောက်မှုအခြေအနေတွေကိုလည်း ပြောပြ ပေးစေလိုပါတယ်။
ဖြေ။ ။ မြန်မာနိုင်ငံကို စင်ကာပူ၊ အိန္ဒိယ၊ လာအို၊ ဖိလစ်ပိုင်၊ မွန်ဂိုလီးယား၊ ကမ္ဘောဒီး ယား၊ ဗီယက်နမ်တို့က နိုင်ငံခေါင်းဆောင်တွေနဲ့ ပုပ်ရဟန်းမင်းကြီးHis Holiness Pope Francisတို့ရဲ့ ချစ်ကြည်ရေးခရီးစဉ်တွေ၊ တရုတ်၊ အီတလီ၊ ကနေဒါ၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဗြိတိန်၊ ဟန်ဂေရီ၊ အမေရိကန်၊ နော်ဝေ၊ ယူကရိန်း၊ လူဇင်ဘတ်၊ နယ်သာလန်၊ ပြင်သစ်၊ ချက်၊ တူရကီနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီး အဆင့် ချစ်ကြည်ရေးခရီးစဉ်တွေနဲ့ တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဥရောပသမဂ္ဂ၊ ဘူတန်၊ သီရိ လင်္ကာ နိုင်ငံတို့က အဆင့်မြင့်ကိုယ်စားလှယ် တွေရဲ့ ခရီးစဉ်တွေအပါအဝင် ပြည်ပကနေ တရားဝင်လာရောက်တဲ့ ခရီးစဉ် ၅ဝ ကျော်ကို အောင်မြင်စွာနဲ့ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေးတွေ မြှင့်တင်ပေးဖို့ စီစဉ်ပေးခဲ့ ပါတယ်။
မေး။ ။ နိုင်ငံတကာနဲ့ ချစ်ကြည်ရေးခရီးစဉ် တွေကနေ ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို လည်း သိပါရစေ။
ဖြေ။ ။ ချစ်ကြည်ရေးခရီးစဉ်တွေကနေ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ၊ ချေးငွေ တွေ၊ နည်းပညာနဲ့ ဘဏ္ဍာငွေ အကူအညီတွေ ရရှိလာခဲ့ပါတယ်။ အစိုးရသက်တမ်း နှစ်နှစ် အတွင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို နိုင်ငံတော်သမ္မတရဲ့ ခရီးစဉ်တစ်ကြိမ်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ခရီးစဉ် သုံးကြိမ်တိုင်သွားရောက်ခဲ့ပြီး ချစ်ကြည်ရေး အလေးထားမှုကို ပြသနိုင်ခဲ့ပါတယ်။ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပေကျင်းမြို့မှာ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက ကျင်းပ ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံရေး ပါတီများ၏ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲကိုလည်း တရုတ်အစိုးရရဲ့ အထူး ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ခြင်း အားဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်တွေအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့ လူမှုဘဝဖွံ့ဖြိုးဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ် နိုင်ငံဘက်က တရုတ်ယွမ်သန်း ၁ဝဝဝ အကူ အညီပေးအပ်ဖို့ သဘောတူခဲ့ကြတာဟာ ချစ်ကြည်ရေးခရီးစဉ်တွေကနေ ရရှိတဲ့အကျိုး ရလဒ်တစ်ခု ဖြစ်ပါတယ်။
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့ ပူးတွဲဦးဆောင်တဲ့ (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲ ယန္တရားကိုလည်း သုံးကြိမ်တိုင် ကျင်းပနိုင်ခဲ့ပါတယ်။ ဒီလိုဆွေးနွေး ခဲ့မှုကြောင့် နယ်စပ်ဒေသတွေ တည်ငြိမ် အေးချမ်းရေးနဲ့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံက အပြုသဘော ဆောင်တဲ့ အကူအညီတွေပေးအပ်ဖို့နဲ့ နယ်နိမိတ်ဆိုင်ရာကိစ္စရပ်တွေ ပူးတွဲဖြေရှင်းဖို့ အထောက်အကူဖြစ်စေခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အရေးပါတဲ့ အိမ်နီးချင်း နိုင်ငံ အိန္ဒိယကိုလည်း နိုင်ငံတော်သမ္မတက အာဆီယံပြင်ပ ပထမဆုံးချစ်ကြည်ရေးခရီး အဖြစ် သွားရောက်ခဲ့သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း အစိုးရသက်တမ်း နှစ်နှစ်တာအတွင်း နှစ်ကြိမ်သွားရောက်ခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုနီးကပ်ခိုင်မာစေခဲ့ သလို အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ခဲ့ပါတယ်။
စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်ဆိုရင် အစိုးရသစ် လက်ထက်မှာ ပထမဆုံးလာရောက်တဲ့ နိုင်ငံ့ အကြီးအကဲဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း စင်ကာပူနိုင်ငံကို ချစ်ကြည်ရေး သွားရောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံသို့လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပထမဆုံး တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေရဲ့အကျိုး ပိုမိုကာကွယ် မြှင့်တင်ရန် ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဗီယက်နမ် နိုင်ငံနဲ့လည်း နိုင်ငံ့ခေါင်းဆောင်တွေ ချစ်ကြည်ရေးခရီးစဉ် အပြန်အလှန်သွားရောက် ခဲ့ပြီး ဘက်စုံမဟာဗျူဟာမြောက်ဆက်ဆံရေး အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘရူနိုင်းနိုင်ငံနဲ့လည်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးနိုင်ခဲ့ပြီး ဂျပန်နိုင်ငံကိုလည်း နိုင်ငံတော်သမ္မတရော၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပါ တရားဝင် ခရီးတွေ သွားရောက်လို့ အစဉ်အလာအရ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကို မြှင့်တင်နိုင်ခဲ့တဲ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ခရီးစဉ်မှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ အမျိုးသားပြန်လည်ရင်ကြား စေ့ရေးလုပ်ငန်းစဉ်အတွက် ငါးနှစ်အတွင်း ဂျပန်ယန်း ဘီလီယံ ၄ဝ အကူအညီပေးဖို့၊ မြို့ပြနဲ့ကျေးလက် ဟန်ချက်ညီညီဖွံ့ဖြိုး တိုးတက်ရေးအတွက် ဂျပန်အစိုးရရဲ့ အထောက်အပံ့တွေနဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ မှုတွေ အားလုံးပေါင်းပြီး ငါးနှစ်အတွင်း ဂျပန်ယန်း ဘီလီယံ ၈ဝဝ ပေးအပ်သွားဖို့ သဘောတူညီမှုတွေ ရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးမှာ အစဉ် တစိုက် အားပေးထောက်ခံခဲ့ကြတဲ့ မိတ်ဖက် သစ် နိုင်ငံတွေနဲ့လည်း ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ကို တိုးမြှင့်နိုင်ဖို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ ၂ဝ၁၇ ခုနှစ် မေလမှာ ဥရောပ သမဂ္ဂဌာနချုပ်တည်ရှိတဲ့ ဘယ်လ်ဂျီယံနိုင်ငံ၊ အီတလီနိုင်ငံ၊ ဗာတီကန်မြို့ပြနိုင်ငံနဲ့ ဗြိတိန် နိုင်ငံတွေကို တရားဝင်ခရီးစဉ်သွားရောက်ခဲ့ပါတယ်။
ခရီးစဉ်တွေမှာ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလ အတွင်း ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စ အပေါ် ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်နေတာ တွေကို ရှင်းလင်းပြောကြားခွင့်ရခဲ့တဲ့အတွက် မြန်မာနိုင်ငံအပေါ် နားလည်မှုမြှင့်တင်နိုင်ခဲ့ပါတယ်။ အီတလီခရီးစဉ်အတွင်း မြန်မာ နိုင်ငံနဲ့ ဗာတီကန်မြို့ပြနိုင်ငံ (Holy See)တို့ အကြား သံတမန်အဆက်အသွယ် ထူထောင် နိုင်ခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံကို ပထမဆုံး ချစ်ကြည်ရေးခရီးစဉ်အဖြစ် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလက အောင်မြင်စွာ လာရောက် ခဲ့ခြင်းဟာ သမိုင်းဝင်ထူးခြားမှုတစ်ရပ်လည်း ဖြစ်ပါတယ်။
မေး။ ။ နိုင်ငံတကာဆက်ဆံရေး တိုးတက် စေဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကိုလည်း သိပါရ စေရှင့်။
ဖြေ။ ။ ကမ္ဘာ့နိုင်ငံတွေနဲ့ သံတမန်ဆက်သွယ် မှုတွေ တိုးချဲ့နိုင်ဖို့နဲ့ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံ တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးချင်း ဆွေးနွေးမှု ယန္တရားတွေ တိုးချဲ့တည်ထောင်ခဲ့ပါတယ်။ နှစ်နှစ်တာအတွင်း မော်လ်တာနိုင်ငံ၊ အီကွေဒေါ နိုင်ငံ၊ မာရှယ်ကျွန်းစုနိုင်ငံ၊ လိုက်ဘေးရီးယား နိုင်ငံ၊ ဂီနီနိုင်ငံတွေနဲ့ ဆေးရှဲလ်နိုင်ငံ၊Holy See (ဗာတီကန်မြို့ပြနိုင်ငံ)တွေနဲ့ သံတမန် ဆက်သွယ်မှုတွေ တိုးချဲ့ထူထောင်နိုင်ခဲ့ပါ တယ်။ ကမ္ဘာ့နိုင်ငံ ၁၉၃ နိုင်ငံအနက် သံတမန်အဆက်အသွယ် ထူထောင်ပြီးတဲ့နိုင်ငံ ၁၂၁ နိုင်ငံအထိ ရှိလာခဲ့ပါတယ်။ လာမယ့်နှစ် တွေမှာ ကာရေဗီယံနိုင်ငံတွေ၊ လက်တင် အမေရိကနိုင်ငံတွေနဲ့လည်း ပိုမိုခင်မင်ရင်းနှီး မှုရရှိလာအောင် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး မြင့်မားအောင် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
ချစ်ကြည်ရင်းနှီးပြီးဖြစ်တဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ အစိုးရအနေနဲ့ သြစတြေးလျ၊ ဆွစ်ဇာလန်၊ အက်စတိုးနီးယား၊ နယူးဇီလန်၊ ကိုလံဘီယာစတဲ့ နိုင်ငံတွေနဲ့ နိုင်ငံခြားရေး ဆွေးနွေးမှု ယန္တရားတွေ (Foreign Office Consultations)ကို ထူထောင်ဖို့ ဆောင်ရွက် ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဂျပန်၊ ဥရောပ သမဂ္ဂတို့နဲ့လည်း လူ့အခွင့်အရေးဆွေးနွေး မှုတွေ နှစ်စဉ်ကျင်းပနိုင်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့လည်း နှစ်နိုင်ငံအကြား မိတ်ဖက်ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ ဒီလို နိုင်ငံခြားရေးဆွေးနွေးမှုတွေ နှစ်စဉ်ပြုလုပ်ခြင်း အားဖြင့် သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်နိုင်ဖို့ အများ ကြီး အကျိုးရှိစေမယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာမျက်နှာစာတွေမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအပေါ်မှာရော ဘယ်လိုတုံ့ပြန် မှုတွေကို ဆောင်ရွက်ခဲ့ပါသလဲ။
ဖြေ။ ။ အစိုးရတာဝန်စတင်ယူရစဉ်ကတည်း က နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ရခိုင်အရေး ကိစ္စကြောင့် နိုင်ငံတကာမျက်နှာစာမှာ ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုတွေကို ဦးစားပေးကိုင်တွယ် ခဲ့ပါတယ်။ ပြည်တွင်းအမြင်သာမက နိုင်ငံ တကာအမြင်နဲ့ ပေါင်းစပ်သုံးသပ်ပြီး ရေရှည် တည်တံ့မယ့် ဖြေရှင်းမှုမျိုး ရရှိစေနိုင်ဖို့အတွက် ဒေါက်တာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒီတိုးတက်မှုတွေ အတွက် အီးယူကနေ နှစ်စဉ်တင်သွင်းနေတဲ့ မြန်မာ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အဆို မူကြမ်းကို အဆုံးသတ်ခဲ့တဲ့အပြင် အမေရိကန်ပြည်ထောင်စုကလည်း ၂ဝ၁၆ ခုနှစ် စက်တင်ဘာလမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ကန့်သတ်မှုတွေ အားလုံးကို ဖယ်ရှားပေးခဲ့ပါတယ်။
ဒီလိုနိုင်ငံတကာဆက်ဆံရေးတွေ အခြေ အနေကောင်းမွန်လာချိန်မှာ ရခိုင်ပြဿနာကို ကမ္ဘာက အာရုံစိုက်လာစေဖို့ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ တစ်ကြိမ်၊ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့မှာ တစ်ကြိမ် ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် နေရပ်တိမ်းရှောင်ထွက်ပြေးမှုတွေ ဖြစ်လာပြီး နိုင်ငံတကာက အထင်အမြင်လွဲမှား မှုတွေ၊ ဖိအားပေးဝေဖန်မှုတွေ တစ်ကျော့ ပြန်ခံစားခဲ့ရပြီး နိုင်ငံတော်အကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို ထိပါးလာနိုင်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ပြည်တွင်း ပြည်ပမျက်နှာစာ အသီးသီးမှာ ကာကွယ် တုံ့ပြန်ရှင်းလင်းတာ၊ ဖြစ်ရပ်မှန်အခြေအနေ တွေ အသိပေးကာ ချဉ်းကပ်စည်းရုံးတာ တွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ရပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှာ နေပြည်တော်ကို သံတမန်တွေ ဖိတ်ကြားပြီး ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်လို့ မိန့်ခွန်း တစ်ရပ် ပြောကြားခဲ့ပါတယ်။ (၇၂)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင် တက်ရောက်ခဲ့ပြီး မူဝါဒရေးရာမိန့်ခွန်းပြောကြား ခဲ့တဲ့အပြင် လုံခြုံရေးကောင်စီမှာလည်း ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ စပ်လျဉ်းလို့ ဆုံးဖြတ်ချက်အဆိုတင်သွင်းဖို့ ကြိုးပမ်းခဲ့ ခြင်းကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းနဲ့ နယူးယောက်မြို့ မှာရှိတဲ့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်တို့က တုံ့ပြန်ရှင်းလင်းပြောကြားမှုတွေကို လုံခြုံရေး ကောင်စီမှာ လုပ်ဆောင်ခဲ့ပါတယ်။ လုံခြုံရေး ကောင်စီကနေ အဆိုမူကြမ်းဆုံးဖြတ်ချက် ချမှတ်ဖို့ ကြိုးပမ်းမှုကို တားဆီးနိုင်ခဲ့ပါတယ်။
၂ဝ၁၇ ခုနှစ် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာလည်း အိုအိုင်စီကနေ မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်းတင်သွင်း ခဲ့ရာမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က တုံ့ပြန်ပြောကြားကန့်ကွက်ခြင်း၊ တူညီဆန္ဒဖြင့် အတည်မပြုနိုင်စေရန် မဲခွဲရန် တောင်းဆို ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလမှာ ဂျီနီဗာမြို့ ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီမှာလည်း အိုအိုင်စီက မြန်မာ နိုင်ငံဆိုင်ရာ အထူးအစည်းအဝေး ခေါ်ယူပြီး ရခိုင်ပြည်နယ်ကိစ္စအပေါ် အဆိုမူကြမ်း တင်သွင်းခဲ့ရာမှာလည်း တူညီဆန္ဒဖြင့် အတည်မပြုနိုင်စေရန် မြန်မာနိုင်ငံရဲ့ မိတ်ဖက်နိုင်ငံတွေကို ချဉ်းကပ်စည်းရုံးပြီး မဲခွဲဆုံးဖြတ်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်လည်း လူ့အခွင့်အရေးကောင်စီ နှစ်စဉ်ပုံမှန်အစည်းအဝေး၏ အဆင့်မြင့် ဆွေးနွေးမှုကဏ္ဍသို့ တက်ရောက်ခဲ့ပြီး ရခိုင် ပြည်နယ်ကိစ္စနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြား ခဲ့ပါတယ်။ ဒီနှစ်မှာ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းဦးဆောင်တဲ့ အဖွဲ့ကလည်း အစည်းအဝေးကာလအတွင်း Side Event တစ်ခုကျင်းပ၍ မြန်မာနိုင်ငံအပေါ် ပိုမို နားလည်မှုရှိစေရန် ရှင်းလင်းပြောကြားခဲ့ပါ တယ်။ လူ့အခွင့်အရေးကောင်စီမှာ အီးယူ ကနေ တင်သွင်းတဲ့ မြန်မာနိုင်ငံလူ့အခွင့် အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်းအပေါ်ဆွေးနွေးရာမှာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်က အဆိုမူကြမ်းပါ အချုပ်အခြာအာဏာကို တိုက်ရိုက် ခြိမ်းခြောက်ရာရောက်တဲ့ စာပိုဒ်တွေကို ထောက်ပြခဲ့ပြီး မူကြမ်းကို လက်မခံနိုင်ကြောင်း ပြတ်သားစွာနဲ့ပယ်ချခဲ့ရပါတယ်။
မေး။ ။ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး ဒေသတွင်းမျက်နှာစာမှာရော ဘယ်လို ကြိုးပမ်းဆောင်ရွက်ခဲ့ရပါလဲ။
ဖြေ။ ။ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက် တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ဖွဲ့စည်းခဲ့တဲ့Dr. Surakiart Sathirathai ခေါင်းဆောင်တဲ့ အကြံပေးအဖွဲ့နဲ့လည်း ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေအနက် ဘင်္ဂလားဒေရှ့်နိုင်ငံနဲ့ ဆက်ဆံရေးဆိုင်ရာ ကိစ္စများနဲ့ အာဆီယံအပါအဝင် ဒေသတွင်း နိုင်ငံများနဲ့ ဆက်ဆံရေးဆိုင်ရာ အကြံပြုချက် တွေကို အကောင်အထည်ဖော်ဆောင်ရွက် နေပါတယ်။
ရခိုင်ပြည်နယ်ကနေ တိမ်းရှောင်သွားသူ တွေကို ပြန်လည်စိစစ်လက်ခံရေး အစီအစဉ် တစ်ရပ် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီနောက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ဆက်လက်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ပူးတွဲ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့Terms of Reference ကို ၂ဝ၁၇ ဒီဇင်ဘာ ၁၉ နဲ့ တိမ်းရှောင်သွားသူ တွေကို ဘင်္ဂလားဒေ့ရှ့်နိုင်ငံကနေ ပြန်လည် ခေါ်ယူရေးအတွက် လက်တွေ့အစီအစဉ် (Physical Arrangement)ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
ဒေသတွင်းအဆင့်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ က မနီလာမြို့မှာကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ လည်းကောင်း၊ ၂ဝ၁၈ ခုနှစ် မတ်လမှာ ဆစ်ဒနီမြို့မှာ ကျင်းပတဲ့ အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးမှာ လည်းကောင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များနဲ့ ရခိုင်ပြည်နယ် ကိစ္စအပါအဝင် စိန်ခေါ်မှုများရဲ့ သိမ်မွေ့နက်နဲမှုတွေကို ရှင်းလင်းပြောကြား ခဲ့ပါတယ်။ စိန်ခေါ်မှုတွေ ဖြေရှင်းနိုင်ဖို့ မြန်မာ အစိုးရရဲ့ ဦးဆောင်ကြိုးပမ်းအားထုတ်မှု လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့နဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးကိစ္စတွေမှာ အပြုသဘော ပါဝင် ကူညီပံ့ပိုးဖို့ ဆွေးနွေးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ ဗြိတိန်နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အခြားပြည်ပနိုင်ငံတွေက အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့တွေကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က လက်ခံတွေ့ဆုံခဲ့စဉ်မှာလည်း မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု အောင်မြင်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေအတွက် ဆက်လက်ကူညီပံ့ပိုးရေးနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ရှင်းပြခဲ့ပါ တယ်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးကိုယ်တိုင်လည်း ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ စင်ကာပူမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေနဲ့ နေရပ်စွန့်ခွာ သူတွေ ပြန်လည်စိစစ်လက်ခံရေးအတွက် လုပ်ငန်းစဉ်တွေကို အလွတ်သဘော ပြောကြား ခဲ့ပါတယ်။ အစည်းအဝေးအပြီးမှာ အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ် စေရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်များကိုလည်း အာဆီယံဝန်ကြီးတွေက ထောက်ခံကြောင်း အပြုသဘော ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး အဖြစ် မှန်၊ အခြေအနေမှန်တွေ သိနိုင်ဖို့ နိုင်ငံခြား ရေးဝန်ကြီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက်တို့ကို တည်ထောင်ပြီး စဉ်ဆက် မပြတ်သတင်းအချက်အလက်တွေ ထုတ်လွှင့် ပေးနေသလို ပြည်ပမှာရှိတဲ့ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေကနေလည်း တာဝန်ကျရာနိုင်ငံတွေမှာ ထပ်ဆင့်ဖြန့်ဝေ တာ၊ သံရုံးအကြီးအကဲတွေက ရှင်းလင်း ပြောကြားတာတွေ ပြုလုပ်နေပါတယ်။
မေး။ ။ ပြည်ပရောက် မြန်မာနိုင်ငံသားအကျိုး စီးပွားတွေကို ကာကွယ်ရေးကိစ္စရပ်တွေမှာရော အစိုးရလက်ထက်အတွင်း ဘယ်လိုဆောင်ရွက် မှုတွေ လုပ်ဆောင်ပေးခဲ့ပါလဲ။
ဖြေ။ ။ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မြန်မာ သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေကနေ ပြည်သူကိုဗဟိုပြုတဲ့ သံတမန်ရေးနည်းလမ်းကို အသုံးပြုပြောင်းလဲခဲ့ပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားဟောင်း တွေ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေး ကို အလေးထားလုပ်ဆောင်ပေးခဲ့ပါတယ်။ ပြည်ပရောက် မြန်မာတွေဘက်ကလည်း မိမိ နိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကူညီ ဆောင်ရွက်နိုင်စေဖို့ ပြည်ပြန်ဝင်ခွင့်ပိုမိုလွယ်ကူ ချောမွေ့စေရေးအပါအဝင် လိုအပ်တဲ့ အကူ အညီတွေကိုပေးနေပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းတွေ ပြည်ပြန်ဝင်နိုင်ဖို့ လူမှုရေးဗီဇာတွေနဲ့ပတ်သက်ပြီး ဖြေလျှော့မှု တွေလည်း လုပ်ပေးခဲ့ပါတယ်။
မြန်မာသံရုံးတွေဟာ ဝန်ထမ်းအင်အား၊ ဘဏ္ဍာငွေအင်အား အကန့်အသတ်တွေ ကြားကနေ ပြည်ပရောက် မြန်မာအလုပ်သမား တွေ အကျိုးခံစားခွင့်၊ တရားမဝင်အလုပ် သမားတွေ တရားဝင်လုပ်ကိုင်ခွင့် စတာတွေ အတွက် သက်ဆိုင်ရာအိမ်ရှင်နိုင်ငံတွေနဲ့ ညှိနှိုင်းပြီးဆောင်ရွက်နေပါတယ်။ ထိုင်းနိုင်ငံ မှာ အလုပ်သမားအရေး ပိုမိုကူညီနိုင်ဖို့ သံရုံးရဲ့ ဝန်ထမ်းအင်အားတွေတိုးမြှင့်ပြီး သက်သေခံလက်မှတ်ထုတ်ပေးရေး စခန်းတွေ ကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပြည်ပမှာ သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ကြုံလာရင်လည်း လျော်ကြေးရရှိအောင်၊ လေယာဉ်စရိတ် ခက်ခဲနေရင်လည်း နိုင်ငံသို့ ပြန်လာနိုင်အောင်စသည်ဖြင့် လုပ်ဆောင်ပေး ခဲ့သလို အကြောင်းကြောင်းနဲ့ ပြစ်ဒဏ်ကျ ခံပြီး လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား ရေလုပ်သားတွေကို ပြန်လည်ခေါ်ယူတာ၊ အင်ဒိုနီးရှားကျွန်းတွေပေါ် ရောက်နေတဲ့ လူကုန်ကူးခံရသူ မြန်မာရေလုပ်သားတွေကို ပြန်လည်ခေါ်ယူပေးတာတွေအပြင် နစ်နာ ခဲ့ရတဲ့ လုပ်အားခတွေ ပြန်လည်ရရှိဖို့အတွက် ဆောင်ရွက်တာတွေကိုလည်း ထိထိ ရောက်ရောက် လုပ်ကိုင်နိုင်ခဲ့ပါတယ်။ မြန်မာ နိုင်ငံသားတွေကို ထိုင်း-မြန်မာနယ်စပ်ရှိ ယာယီစခန်းတွေကနေ မိမိတို့ဆန္ဒအလျောက် ပြန်လာလိုသူတွေကို ခေါ်ဆောင်ပေးခဲ့တဲ
့ အပြင် ပြန်လည်ဝင်ရောက်လိုသူတွေကို စိစစ် လက်ခံပြီး နေရာချထားဖို့ ထိုင်းအစိုးရနဲ့ ညှိနှိုင်းနေပါတယ်။
မေး။ ။ နိုင်ငံခြားရေးဝန်ကြီး ဌာနကနေ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်နိမိတ်သတ်မှတ်ရေး ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆောင်ရွက်နေမှု ကိုလည်း သိပါရစေ။
ဖြေ။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အရင်အစိုးရ အဆက်ဆက်ကနေ ဆောင်ရွက် နေခဲ့ပြီး မပြီးပြတ်သေးတဲ့ နယ်နိမိတ်ကိစ္စ တွေကို ပြီးပြတ်အောင် ဆောင်ရွက်ခြင်းမှ သည် နောင်လာနောက်သားများအတွက် ကောင်းမွန်တဲ့အမွေအနှစ်တွေ ပေးလိုပါ တယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးအကောင်းဆုံးအချိန် ရောက်ရှိ နေချိန်မှာ နယ်နိမိတ်တိုင်းတာသတ်မှတ်တဲ့ကိစ္စဟာ ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စအဖြစ် လမ်းညွှန်ထားတာရှိပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၂ဝ၁၆ ခုနှစ် ဇွန်လက သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ နှစ်နိုင်ငံ အကြား ရပ်တန့်နေတဲ့ နယ်နိမိတ်တိုင်းတာရေး ကိစ္စရပ်တွေကို ဆောလျင်စွာ စတင်ဆောင်ရွက် ဖို့ နှစ်ဘက်သဘော တူညီခဲ့ပါတယ်။
မြန်မာ-အိန္ဒိယ နယ်နိမိတ် နာဂဒေသမှာ နယ်နိမိတ်မှတ်တိုင်အမှတ်(၁၄၅) နဲ့ (၁၄၆) အကြား နယ်နိမိတ်သွယ်တန်းမှု မထင်ရှား တဲ့အတွက် ပြဿနာဖြစ်ပွားနေတာကို တား ဆီးရန်နဲ့ ပိုမိုရှင်းလင်းထင်ရှားစေဖို့ ထပ်တိုး မှတ်တိုင်တွေ စိုက်ထူတာကို ၂ဝ၁၇ ခုနှစ် မတ်လမှာ နှစ်နိုင်ငံပူးတွဲဆောင်ရွက်ခဲ့ပါတယ်။ မပြီးပြတ်သေးတဲ့ ကဘော်ချိုင့်ဝှမ်း နယ်နိမိတ် မှတ်တိုင် ကိုးတိုင်ကိစ္စကိုလည်း ဖြေရှင်းဖို့ အိန္ဒိယဘက်က အဆိုပြုချက်ကို ပူးတွဲကွင်းဆင်း တိုင်းတာနေပြီး နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။
မြန်မာ-လာအို နယ်နိမိတ်မြစ်ကူးတဲ့ ချစ်ကြည်ရေးတံတား တည်ဆောက်ခဲ့ပြီး မြစ်အတွင်း နယ်နိမိတ်အမှတ်အသားကို တံတားပေါ်မှာ မှတ်တမ်းတင်ဖို့ နှစ်နိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးအဆင့် အစည်းအဝေးမှာ သဘောတူညီမှုရရှိခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နတ်မြစ်မြောက်ဘက်ကုန်းပိုင်း နယ်နိမိတ် စာချုပ် ၁၉၉၈ ကို အတည်ပြုတဲ့ စာချွန်လွှာနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နတ်မြစ်နယ်နိမိတ် ဖြည့်စွက် အခြေပြစာချုပ် ၂ဝဝ၇ ကိုလည်း ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလမှာ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်ဖက်သဘောတူလက်မှတ် ရေးထိုးထား ပါတယ်။
မေး။ ။ နိုင်ငံခြားရေးဝန်ထမ်းတွေ စွမ်းဆောင် ရည်မြင့်မားရေးအတွက် ဆောင်ရွက်မှုတွေကို လည်း သိပါရစေရှင့်။
ဖြေ။ ။ နိုင်ငံခြားရေးမူဝါဒတွေကို အကောင် အထည်ဖော်တဲ့နေရာမှာ စွမ်းရည်ထက်မြက် တဲ့ သံတမန်ကောင်းတွေ လိုအပ်တဲ့အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေဖို့ ဝန်ကြီးဌာနနဲ့ အခြားဝန်ကြီးဌာနက အရာ ထမ်း၊ အမှုထမ်းတွေကို သင်တန်းတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ပေးအပ်နေပါတယ်။ သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း၊ အင်္ဂလိပ် စာနဲ့ နိုင်ငံခြားရေးရာ ကျွမ်းကျင်မှုသင်တန်း တွေကို ပြည်တွင်း ပြည်ပက ကျွမ်းကျင်သူတွေ ဖိတ်ကြားပြီး သင်တန်းနဲ့ အလုပ်ရုံဆွေးနွေးပွဲ ၁၂ ခု ကျင်းပပေးခဲ့ပါ တယ်။ အရာထမ်းသစ် ၅ဝ အတွက် အဆင့်မြင့်သံတမန်ရေးရာနဲ့ နိုင်ငံတကာရေးရာ ဘာသာရပ်တွေ လေ့ကျင့် ပေးခဲ့ပြီး အခြေခံသံတမန်ရေးရာကျွမ်းကျင်မှု သင်တန်း သုံးကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၆ဝ၃ ဦး ပို့ချပေးခဲ့ပါတယ်။
မေး။ ။ မြန်မာသံတမန်ဝန်ထမ်းတွေရဲ့ လုပ်ငန်း တာဝန်တွေကို ပိုပြီးထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ အစီအစဉ်တွေ လုပ်ဆောင်ခဲ့ တာရှိပါသလားရှင့်။
ဖြေ။ ။ မြန်မာသံတမန်ဝန်ထမ်းတွေ လုပ်ငန်း တာဝန်တွေကို အပြည့်အဝအလေးထား အာရုံစိုက်ဆောင်ရွက်ကြဖို့နဲ့ လုပ်ငန်းခွင် အဆင်ပြေချောမွေ့စေဖို့ ပြည်ပမှာရှိတဲ့ မြန်မာ သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံး ၁၃ ရုံးမှာ သံရုံးဝန်ထမ်း တွေနဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအာမခံ ထားရှိခွင့်တွေ လုပ်ဆောင်ပေးခဲ့လို့ စုစုပေါင်း ၄၄ ရုံးရှိတဲ့နေရာမှာ ၁၉ ရုံးက ဝန်ထမ်းတွေနဲ့ မိသားစုတွေအတွက် ကျန်းမာရေးအာမခံတွေ ထားရှိပေးနိုင်ခဲ့ပါတယ်။ သံရုံးဝန်ထမ်း သားသမီးတွေအတွက် ပညာသင်စရိတ်ကို ပံ့ပိုးပေးဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်ခဲ့တဲ့အတွက် ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ရာမှာ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်ကစပြီး နိုင်ငံခြားမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း တွေရဲ့ အသက်ငါးနှစ်ကနေ ၁၈ နှစ်အထိ သားသမီးတွေရဲ့ ပညာသင်စရိတ်အတွက် ကျောင်းလခရဲ့ သုံးပုံနှစ်ပုံကို ထောက်ပံ့ပေး နိုင်ခဲ့တာဟာလည်း ထူးခြားတဲ့ တိုးတက်မှု တစ်ခုဖြစ်ပါတယ်။
ပြည်ပမှာရှိတဲ့ မြန်မာသံရုံးတွေကို သံတမန်ဂုဏ်သိက္ခာအဆင့်နဲ့အညီ တင့်တယ် လှပစေဖို့ သက်တမ်းကြာမြင့်နေတဲ့ နိုင်ငံတော်ပိုင် သံရုံး၊ အဖွဲ့ရုံး အဆောက်အအုံတွေကို မွမ်းမံ ထိန်းသိမ်းတာ၊ အသစ်ပြန်လည် တည်ဆောက် တာတွေ ပြုလုပ်နေပါတယ်။
မေး။ ။ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်း ထားတာတွေ့ရပါတယ်။ တိုးချဲ့ဖွဲ့စည်းဖြစ်ခဲ့ ရတဲ့ အကြောင်းကိုလည်း ရှင်းပြပေးစေလို ပါတယ်။
ဖြေ။ ။ အရပ်သား အစိုးရတက်လာပြီးတဲ့ နောက် နိုင်ငံတကာအသိုက်အဝန်းက ကူညီပံ့ ပိုးမှုတွေတိုးမြှင့်ဖို့ စိတ်ဝင်စားလာပါတယ်။ ပြည်ပက ကိုယ်စားလှယ်အဖွဲ့တွေ အပြန် အလှန်လာရောက်မှုကလည်း တစ်ရှိန်ထိုး များပြားလာပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်းတာဝန်တွေ များလာခဲ့ပါ တယ်။ နိုင်ငံတကာ မျက်နှာစာတိုင်းမှာလည်း ဖိအားပေးဝေဖန်မှုတွေကို အမြင့်ဆုံးရင်ဆိုင် နေရတဲ့ အချိန်ဖြစ်နေပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း တွေကို ဆောင်ရွက်နိုင်ဖို့ နိုင်ငံခြားရေးမူဝါဒ နဲ့အညီ အားဖြည့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့အတူ ပူးပေါင်းပြီး နိုင်ငံတကာရေးရာ ကိစ္စရပ်တွေကို နိုင်ငံရေးရှုထောင့်အပြင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ရှုထောင့်ကလည်း ခြုံငုံသုံးသပ် ညှိနှိုင်းဆောင်ရွက်ဖို့အတွက် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ တိုးချဲ့တည်ထောင်ခဲ့ပါတယ်။
သို့ပေမယ့် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမိုးအကာတစ်ခုတည်းအောက်မှာ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေတဲ့အပြင် နိုင်ငံခြားရေး ဝန်ကြီးဌာနဘတ်ဂျက်နဲ့ ဝန်ထမ်းဖွဲ့စည်းပုံ အင်အားကနေ ဖွဲ့စည်းဆောင်ရွက်နေပါတယ်။ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနဟာ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ စီးပွားရေးဦးစီးဌာန လုပ်ငန်း တွေအပြင်၊ အာဆီယံ၊ ဘင်းမ်စတက်၊ မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် အစရှိတဲ့ ဒေသတွင်းနဲ့ ဒေသခွဲဆိုင်ရာအဖွဲ့ အစည်းများ ဆိုင်ရာ ကိစ္စရပ်တွေ၊ ပြည်ပနိုင်ငံတွေနဲ့ စီးပွားရေးဆက်ဆံရေးကိစ္စတွေကို အလေးပေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တွေနဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေမှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပါဝင်လှုပ်ရှားမှု တွေကိုလည်း သိပါရစေ။
ဖြေ။ ။ မြန်မာနိုင်ငံဟာ အာဆီယံ၊ ဘင်းမ် စတက်၊ မဟာမဲခေါင်ဒေသခွဲ ပူးပေါင်းဆောင် ရွက်မှုအစီအစဉ်၊ ဧရာဝတီ-ကျောက်ဖယား-မဲခေါင်စီးပွားရေးဆောင်ရွက်မှု မဟာဗျူဟာ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်၊ မဲခေါင်-ဂျပန်၊ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၊ မဲခေါင်မြစ် အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအစီ အစဉ်စတဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေမှာ တက်ကြွစွာပါဝင်လျက်ရှိပါတယ်။ ပူးပေါင်း ပါဝင်တဲ့နေရာမှာလည်း မြန်မာနိုင်ငံနဲ့ ပြည်သူ တွေရဲ့ အကျိုးစီးပွားသာမက ဒေသတွင်း အကျိုးစီးပွား မြှင့်တင်ရေးအတွက်လည်း ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဖနောင်ပင်မြို့မှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ လ ၁ဝ ရက်နေ့က ကျင်းပခဲ့တဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် ရဲ့ ဒုတိယအကြိမ် နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး အကျိုးဆက်အနေနဲ့ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အောက်မှာ ၂ဝ၁၇ ခုနှစ်အတွက် မြန်မာ နိုင်ငံက စီမံကိန်း ၁ဝ ခုကို အကောင်အထည် ဖော်ဖို့ အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ သန်း လက်ခံရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ အဖွဲ့ဝင် ခုနစ်နိုင်ငံပါတဲ့ ဘင်းမ်စတက်အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှာလည်း တက်ကြွစွာနဲ့ ပါဝင်နေပါတယ်။ အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ၂ဝ၁၆ ခုနှစ်က ကျင်းပတဲ့ BIMSTEC-BRICS Outreach Summit နဲ့ ဘင်းမ်စတက် ခေါင်းဆောင်တွေ သီးသန့်ဆွေးနွေးပွဲတွေ ကိုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး တက်ရောက်ခဲ့ပါတယ်။ နီပေါ နိုင်ငံမှာ ၂ဝ၁၇ ခုနှစ် သြဂုတ်လက ကျင်းပတဲ့ (၁၅) ကြိမ်မြောက် ဘင်းမ်စတက်နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
ဝန်ကြီးဌာနဟာ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ က မိတ်ဖက်နိုင်ငံပေါင်း ၅၁ နိုင်ငံနဲ့ အဖွဲ့ အစည်းနှစ်ခုပါဝင်တဲ့ အာရှ-ဥရောပ(ASEM) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် အောင်အောင်မြင်မြင်နဲ့ လက်ခံကျင်းပနိုင်ခဲ့ပြီး မြန်မာသံတမန်တွေရဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ ရခိုင် ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး အလွတ်သဘော အစည်းအဝေးတစ်ရပ် ကျင်းပပြီး ရှင်းလင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေး သိမ်မွေ့တဲ့ စိန်ခေါ်မှုတွေအပေါ် နိုင်ငံတကာ ရဲ့ နားလည်မှုကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ဒေသတွင်းက နိုင်ငံပေါင်း ၄၈ နိုင်ငံ ပါဝင် တက်ရောက်ခဲ့တဲ့ တတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ရေညီလာခံကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလမှာ အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပပေးနိုင်ခဲ့ပါတယ်။
မေး။ ။ နိုင်ငံခြားဆက်ဆံရေးနဲ့ပတ်သက်ပြီး ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေနဲ့ ဖြည့်စွက် ပြောကြားလိုတာတွေကိုလည်း နိဂုံးချုပ်အနေနဲ့ ပြောကြားပေးပါရှင့်။
ဖြေ။ ။ ရခိုင်ပြဿနာနဲ့ပတ်သက်ပြီး နိုင်ငံ တကာ အသိုင်းအဝန်းအနေနဲ့ ဝေဖန်ပြစ်တင် ရှုတ်ချခြင်းနဲ့ အမုန်းတရားပွားစေမယ့် ပြောဆို မှုတွေထက် ပြဿနာဖြေရှင်းရာမှာ ကူညီပံ့ပိုး ပြီး အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ ဆောင်ရွက်ကြဖို့နဲ့ ပြဿနာကိုပိုမို ဆိုးရွား လာစေမယ့် လုပ်ရပ်တွေကို ရှောင်ကြဉ်ပြီး ပြဿနာဖြေရှင်းရေးကို အာရုံစိုက်ကြဖို့ ပိုမို လိုအပ်ပါတယ်လို့ ကျွန်တော်တို့အနေနဲ့ တိုက်တွန်းပြောကြားလျက်ရှိပါတယ်။
နိုင်ငံတကာမျက်နှာစာမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖြေရှင်းနိုင်ဖို့ အတွက် မြေပြင်မှာ လက်တွေ့တိုးတက်မှုကို ပြသနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခြင်းသာမက ကျွန်တော်တို့နိုင်ငံရဲ့စိန်ခေါ်မှုနဲ့ အကန့် အသတ်တွေ၊ သိမ်မွေ့နက်နဲမှုတွေကို နားလည် မှုရှိတဲ့ မိတ်ဆွေနိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုတွေ၊ ပြည်တွင်း တိုင်းရင်းသားညီအစ်ကိုမောင်နှမ တွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ စုပေါင်းအင်အား တွေကို အသုံးချခြင်းအားဖြင့် ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

No comments:

Post a Comment