Tuesday, May 1, 2018

ကွတ်ခိုင်မြို့နယ်၌ ခရီးသည်တင်မှန်လုံယာဉ် ချောက်ထဲထိုးကျ လေးဦး သေဆုံး၊ ၂၅ ဦး ဒဏ်ရာရ

Image may contain: 1 person, outdoor
မူဆယ် ဧပြီ ၃ဝ
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး-မူဆယ်ကားလမ်းမကြီးပေါ်မှ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်း ကျေးရွာအနီး မိုင်တိုင်(၂၃၆)၌ လားရှိုးဘက်မှ မောင်းနှင်လာသည့် ခရီးသည်တင်မှန်လုံယာဉ်သည် ကုန်းအဆင်းတွင် ဘရိတ်ပေါက်၍ အရှိန်လွန်ကာ လမ်း၏ဝဲဘက်ချောက်တွင်းသို့ ထိုးကျ တိမ်းမှောက်မှု ဧပြီ ၃ဝ ရက် နံနက် ၇ နာရီ မိနစ် ၄ဝ ခန့်က ဖြစ်ပွားခဲ့သည်။
အဆိုပါ ခရီးသည်တင်မှန်လုံယာဉ် ချောက်တွင်းထိုးကျ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား သုံးဦး၊ အမျိုးသမီးတစ်ဦး သေဆုံး၍ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁ဝ ဦးတို့မှာ ဒဏ်ရာများရရှိခဲ့ကြသည်။ အခင်းဖြစ်ပွားရာသို့ မူဆယ်ခရိုင်အမှတ်(၁၂၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကွတ်ခိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး ပရဟိတအသင်းများ ရောက်ရှိ၍ ကယ်ဆယ်ကူညီပြီး သေဆုံးဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၁၂၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ကွတ်ခိုင်တပ်စိတ်မှ စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သီပေါကိုလတ်

No comments:

Post a Comment