Thursday, May 31, 2018

ခြင်းအသင်း ၁၈ဝဝ ပါဝင်သည့်အကြိမ် (၉ဝ)မြောက် ဝါဆိုခြင်းအလှခတ်ပွဲတော် စတင်

Image may contain: one or more people
မန္တလေး မေ ၃ဝ
မန္တလေး မဟာမုနိဘုရားကြီးတွင် အကြိမ် (၉ဝ)မြောက် ခြင်းအသင်း ၁၈ဝဝ ပါဝင်သည့် ဝါဆိုခြင်းအလှ ခတ်ပွဲတော်ကို မေ ၃ဝ ရက်(နယုန် လပြည့်ကျော် ၁ ရက်နေ့)တွင် စတင် ကျင်းပကြောင်း သိရသည်။
ယခုနှစ် ဝါဆိုခြင်းအလှခတ်ပွဲတော် ကို နှစ်စဉ် ကျင်းပလေ့ရှိသည့်အတိုင်း နယုန်လပြည့်ကျော် ၁ ရက်မှ ဒုတိယ ဝါဆိုလပြည့်ကျော် ၁ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ည ၁၂ နာရီအထိ အလှခတ်ကစားကြမည်ဖြစ်သည်။ ယခုနှစ် ဝါဆိုခြင်းအလှခတ်ပွဲတော် တွင် မြန်မာတစ်နိုင်ငံလုံးမှ ခြင်းအသင်း ပေါင်း ၁၈ဝဝ ပါဝင်ကြောင်း ပွဲတော် ကျင်းပရေးကော်မတီထံမှ သိရသည်။
ခြင်းအလှခတ်ကစားပွဲကို တစ်နေ့ လျှင် ခြင်းအသင်း ၃ဝ တို့က တစ်သင်း လျှင်မိနစ် ၃ဝ အလှခတ်ကစားကြမည် ဖြစ်သည်။ မဟာမုနိဘုရားကြီး ခြင်း အလှခတ်ပွဲသို့ ပါဝင်ကစားလိုသည့် မြန်မာနိုင်ငံအတွင်း ခြင်းအသင်းများ ကကြိုတင်စာရင်းပေးသွင်းကြရာ ခြင်းအလှခတ်ပွဲတော် ကျင်းပရေး ကော်မတီမှ စိစစ်လက်ခံရပြီး နှစ်စဉ် လာရောက်ကစားသည့် အသင်းများကို ဦးစားပေး၍ ကျန်အသင်းများထဲမှ အဆင်ပြေ မည့်အသင်းများကို ပါဝင်ကစား နိုင်ရန် ဖိတ်ခေါ်အကြောင်းကြား ကစားခွင့်ပြုခြင်း ဖြစ်သည်။
''ဒီနှစ်ဝါဆိုခြင်းပွဲတော်မှာ မြန်မာ့ ခြင်းလုံးသမိုင်းကို ဖော်ညွှန်းနိုင်တဲ့ ခြင်းလုံးသမိုင်းပြခန်းတစ်ခု မဟာမုနိ ဝါဆိုခြင်းအားကစားရုံရှေ့မှာ ဖွင့်လှစ် ပြသပါမယ်၊ အကြိမ်(၉ဝ)မြောက် အထိမ်းအမှတ်စာတန်းပါတဲ့ တီရှပ်၊ ဦးထုပ်၊ ဖိနပ်၊သော့ချိတ်တို့ကိုလည်း အမှတ်တရပစ္စည်းအဖြစ် ပြသ ရောင်းချပါမယ်''ဟု ခြင်းအလှခတ် ပွဲတော် ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းမိုးက ပြောသည်။
ခြင်းပွဲတော်တွင် အနယ်နယ်အရပ် ရပ်မှ ခြင်းဝါသနာရှင် အမျိုးသား၊ အမျိုးသမီးခြင်းအဖွဲ့များ ပါဝင် ကစားသည့်အပြင် အမေရိကန်၊ ထိုင်း၊ ဂျပန်၊ ကနေဒါ စသော နိုင်ငံ များမှ နိုင်ငံခြားသား ခြင်းကစား သမားများပါ လာရောက်ကစားကြ ကြောင်း သိရသည်။
မန္တလေး မဟာမုနိဘုရားကြီး အကြိမ် (၉ဝ)မြောက် ဝါဆိုခြင်းအလှ ခတ်ပွဲတော်မှာ ဒုတိယဝါဆိုလပြည့် ကျော် ၁ ရက် ည ၁၂ နာရီတွင် ပြီးစီးမည်ဖြစ်ရာ ဝါဆိုလပြည့်နေ့တွင် (၂၈)ကြိမ်မြောက် အသက်(၇၅)နှစ် နှင့်အထက် သက်ကြီးခြင်းဝါသနာ ရှင် ၅၃ ဦးကို အနယ်နယ်အရပ် ရပ်မှ ခြင်းဝါသနာရှင်များက စုပေါင်း ပူဇော်ကန်တော့ကြမည်ဖြစ်ပြီး မဟာ မုနိဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူ ခြင်း၊ ဝါဆိုပန်းကပ်လှူခြင်းများ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရ သည်။
ဝဝ၂

No comments:

Post a Comment