Thursday, May 31, 2018

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ

Image may contain: one or more people and people standing
နေပြည်တော် မေ ၃ဝ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နိုင်ငံသူ နိုင်ငံသားများ ဘေးကင်းလုံခြုံသော စားနပ်ရိက္ခာများ ဖူလုံစွာရရှိစေရေးအတွက် ကျေးလက်နေ တောင်သူလယ်သမားများအား ပြည်ထောင်စုအစိုးရမှ အသိ ပညာ၊ နည်းပညာများ အထောက်အပံ့ အကူအညီပေးပြီး G.A.P စနစ် (Good Agriculture Practice) နည်းစနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကအတည်ပြုခဲ့သည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း သုံးခုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြားခြင်း၊ အစီရင်ခံစာတစ်ခု ဖတ်ကြားခြင်း၊ အဆိုတစ်ခုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး၍ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဦးတက်ထွန်းအောင်၏ ရခိုင်ပြည် နယ် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်း ဆင်အိုင်ကျေးရွာအနီးရှိ ဆင်အိုင်မြောင်ကိုပိတ်၍ တစ်ဖက်ပိတ်ဆည် ပြုလုပ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က တစ်ဖက်ပိတ်ဆည် တည်ဆောက်ပေးရန် အဆိုပြုသောနေရာမှာ အလယ် ဖရုံကာကျွန်း ဆင်အိုင်ကျေးရွာအနီးရှိ ဆင်အိုင်လျှိုကိုပိတ်၍ တည်ဆောက်ရ မည့်နေရာဖြစ်ပြီး လျှိုပိတ်ဆည်တည်ဆောက်ရမည့်နေရာမှာ အောက်ခံမြေလွှာ ဘူမိဗေဒအနေအထားအရ အလွယ်တကူ ရေယိုစိမ့်ထွက်နိုင်သော ကျောက်သား လွှာများဖြစ်သောကြောင့် လည်းကောင်း၊ မြေသားတမံ တည်ဆောက်ရန်အတွက် ရေလုံသောဖို့မြေအမျိုးအစား မရရှိနိုင်သောကြောင့် လည်းကောင်း လျှိုပိတ် ဆည် တည်ဆောက်ရန် သင့်လျော်မှုမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။
သို့ဖြစ်ပါ၍ အလယ်ဖရုံကာကျွန်း ဆင်အိုင်ကျေးရွာအနီးရှိ ဆင်အိုင် လျှိုပေါ်တွင် တစ်ဖက်ပိတ်ဆည်တည်ဆောက်ရန်မှာ တင်ပြပါ အခြေအနေ အရပ်ရပ်အရ ဖြစ်မြောက်နိုင်စွမ်းမရှိပါ၍ တည်ဆောက်ပေးရန် သင့်လျော်မှု မရှိပါကြောင်း၊ ဒေသတွင်းပြည်သူများအနေဖြင့် သောက်သုံးရေဖူလုံစေရန်နှင့် လိုအပ်သော စိုက်ပျိုးရေရရှိရန် မိုးများသောဒေသဖြစ်သည်နှင့်အညီ မိုးရာသီ အတွင်း ရွာသွန်းသော မိုးရေများကို သိုလှောင်သုံးစွဲနိုင်ရန် အုတ်ရေလှောင်ကန် များ တစ်ပိုင်တစ်နိုင် တည်ဆောက်ခြင်း စနစ်ဖြင့်သာ ဆောင်ရွက်သွားနိုင်မည် ဖြစ်သည့်အတွက် အဆိုပါလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် လိုအပ် သလို ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟ၏ မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာရှိ တိမ်နေသောရေကန်ကို ပြန်လည်တူးဖော် ပေးနိုင်ရန်အတွက် လာမည့် ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက အဆိုပါ ရေကန် ကြီး ပြန်လည်တူးဖော်ပေးနိုင်ရန် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာန၏ ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ် (ဧပြီလမှ စက်တင်ဘာလ)အတွင်း ရန်ပုံငွေလျာထားသည့် လုပ်ငန်းစာရင်းတွင် မူလက ပါဝင်ခြင်းမရှိ သော်လည်း လိုအပ်သော စူးစမ်းလေ့လာမှုများ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပြီး ဘူမိဗေဒမြေအနေအထားများအရ ဖြစ်မြောက်နိုင်စွမ်းရှိသည့် ဆန်းစစ်မှုနှင့်အညီ လာမည့်ဘဏ္ဍာနှစ်များတွင် ရန်ပုံငွေထည့်သွင်းတွက်ချက် ၍ ရေကန်ကြီး ပြန်လည်တူးဖော်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ဖြေကြားသည်။
မသမာသောနည်းဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်
ပုံစံ(၇) တွေ့ရှိပါက အရေးယူလျက်ရှိ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ တွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၏ လယ်ယာ မြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးထားမှုများအား ပြန်လည်စိစစ် စစ်ဆေးရန် အစီအစဉ်ရှိ၊ မရှိနှင့် တရားမဝင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ရယူပြီး စိုက်ပျိုးစရိတ်ချေးငွေ အလွဲသုံးစားပြု ထုတ်ယူနေမှု များအား ထိရောက်စွာ အရေးယူအပြစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများအတွက် လက်ရှိအသုံးပြုခွင့်ရရှိထားသည့် လယ်ယာ မြေများကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက် ရာတွင် ၂ဝ၁၂ ခုနှစ် လယ်ယာမြေနည်းဥပဒေ၊ အခန်း(၂)၊ အပိုဒ်(၃)မှ အပိုဒ် (၁၄)အထိ ပြဋ္ဌာန်းချက်ပါအတိုင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ စနစ်တကျ စိစစ်ဆောင်ရွက် ပေးခဲ့ပါကြောင်း။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပေးပြီးသမျှ ပုံစံ(၇)များအားလုံးကို တစ်ခုချင်းအလိုက်၊ ဦးပိုင်အလိုက် ပြန်လည်စိစစ်ရမည်ဆိုပါက အချိန်ကာလ၊ ဝန်ထမ်းအင်အား၊ ကျခံသုံးစွဲရမည့် ငွေကြေးပမာဏ လိုအပ်ချက်များစွာ ရှိလာ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်ကြားခံရခြင်း၊ မမှန်မကန်ဆောင်ရွက်ထား ကြောင်း ပေါ်ပေါက်ခြင်း၊ သံသယဖြစ်ဖွယ်ရှိခြင်းနှင့် လုပ်ငန်းလိုအပ်ချက် ပေါ်ပေါက်ခြင်း စသည့်ကိစ္စရပ်များအပေါ် အခြေတည်၍ ပြန်လည်စိစစ် ဆောင်ရွက်နိုင်အောင် စီမံလုပ်ကိုင်လျက်ရှိပါကြောင်း။
တောင်သူများမှ စိုက်ပျိုးစရိတ်ချေးငွေနှင့် ပတ်သက်၍ အလွဲသုံးစားပြု ထုတ်ယူခြင်းများအား ကာကွယ်စစ်ဆေးနိုင်ရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှ စိစစ်ပေးပါရန် အကြောင်းကြားလာပါက အရေးယူ ဆောင်ရွက်မှု များ ရှိပါကြောင်း၊ မသမာသော နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်ထားရှိမှုများ ပေါ်ပေါက်လာပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီ ထိရောက်သော အရေးယူမှုများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လုပ်ငန်းလိုအပ်ချက်ရှိခြင်း၊ မသမာသော နည်းလမ်းအမျိုးမျိုးဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးထားမှု ပေါ်ပေါက်ခြင်းများ တွေ့ရှိပါက ပြန်လည်စိစစ်၍ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း
ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား
ဆွေးနွေးလိုက အမည်စာရင်း တင်သွင်းနိုင်
ယနေ့ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေး တွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နန်းနီနီအေးက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အား အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းရာတွင် ကော်မတီသည် ယင်းဥပဒေကြမ်းအား လေ့လာစိစစ် ရာ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များသည် ပိုမိုပြည့်စုံမှုရှိပါသဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့်အတိုင်း အမျိုးသားလွှတ်တော်က ဆက်လက်အတည်ပြု ဆောင်ရွက်သင့်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကော်မတီသည် ယင်းဥပဒေကြမ်းအပေါ် ထပ်မံပြင်ဆင်ဖြည့်စွက်ရန် မရှိပါသဖြင့် ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အမျိုးသားလွှတ်တော် က ဆက်လက်အတည်ပြု ဆောင်ရွက်နိုင်ပါရန် အစီရင်ခံတင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းဥပဒေ ကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
G.A.Pနည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အဆင့်လိုက်ခိုင်မာအောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိ
ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နိုင်ငံသူ နိုင်ငံသားများ ဘေးကင်းလုံခြုံသော စားနပ်ရိက္ခာ များ ဖူလုံစွာရရှိစေရေးအတွက် ကျေးလက်နေ တောင်သူလယ်သမားများအား ပြည်ထောင်စုအစိုးရမှ အသိပညာ၊ နည်းပညာများ အထောက်အပံ့ အကူ အညီပေးပြီး G.A.P စနစ် (Good Agriculture Practice) နည်းစနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာဝင်းမြင့်ချစ်က G.A.P ၏ ရည်ရွယ်ချက်နှင့် အဓိကလုပ်ဆောင်ရမည့် ကဏ္ဍလည်းဖြစ်သည့် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သီးနှံများ အရည်အသွေးကောင်းမွန်စေရေး၊ လုပ်သားများ ကျန်းမာဘေးကင်း ရေး၊ သာယာဝပြောရေး စသည့် ကဏ္ဍများ အောင်မြင်စေရန်အတွက် G.A.P နည်းဖြင့် စိုက်ပျိုးထုတ်လုပ်ရာတွင် စတင်စိုက်ပျိုးရန် မြေ၊ ရေ၊ မျိုးစေ့၊ ပျိုးပင် စသည်တို့ ရွေးချယ်စီမံစတင်ခြင်းမှအစ တရားဝင်မှတ်ပုံတင်ထားသည့် မြေသြဇာနှင့် မြေဆီလွှာဖြည့်စွက်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ဓာတုဆေးများနှင့် အခြားဓာတုပစ္စည်းများအား နည်းပညာနှင့် ညွှန်ကြားချက်အတိုင်း လိုက်နာ သုံးစွဲခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင် ခြင်း၊ အဆောက်အအုံများတွင် စနစ်တကျထားရှိခြင်း စသည့် အဆင့်ဆင့် ဆောင်ရွက်ခြင်းများအပြင် လုပ်ဆောင်မှုတိုင်းအား အထောက်အထားမှတ်တမ်း များ ထားရှိ၍ ပြန်လည်စစ်ဆေးခြင်း၊ ပြန်လည်သုံးသပ်ခြင်း၊ သင်တန်းများပို့ချ ဆွေးနွေးခြင်းနှင့် လုပ်သားများ သာယာဝပြောရေးအားလုံးကို စနစ်ကျစွာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
သို့မှသာ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်ဝ ကောင်းမွန်ပြီး အာဟာရကြွယ်ဝသည့် သီးနှံများ စားသုံးနိုင်မည်ဖြစ်ပြီး ထုတ်လုပ် ရောင်းချသူများအနေဖြင့်လည်း အာမခံချက်ရှိရှိ ပြည်တွင်းရော ပြည်ပဈေးကွက် များပါ တင်ပို့ရောင်းချနိုင်၍ တောင်သူများ ဝင်ငွေတိုးတက်လာမည် ဖြစ်ပါ ကြောင်း၊G.A.Pအသိအမှတ်ပြု စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက် ဖွံ့ဖြိုးတိုးတက် လာစေရန် မြို့တိုင်းတွင် တစ်နိုင်တစ်ပိုင် အရောင်းဆိုင်များ စတင်ထားရှိရန် လိုအပ်ပါကြောင်း၊ မြို့နယ်အလိုက် ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေးပညာပေး စခန်းများတွင်G.A.P အသိပညာပေးလုပ်ငန်းများကို စာတွေ့၊ လက်တွေ့ ယခု ထက် ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးရဲအောင်စောက G.A.P Guideline သည် စိုက်ပျိုးထုတ်လုပ်ရာတွင် မဖြစ်မနေလုပ်ရမည့် ပြဋ္ဌာန်းချက် မျိုးမဟုတ်ပါကြောင်း၊ မိမိဆန္ဒအရ စိုက်ပျိုးထုတ်လုပ်သူများမှ ဆောင်ရွက်လိုက ဆောင်ရွက်နိုင်သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၅ ခုနှစ်မှစတင်၍ သီးနှံစိုက်ပျိုးထုတ်လုပ် သူများအား G.A.P လက်မှတ် စစ်ဆေးထုတ်ပေးနေသည်ကို တွေ့ရှိရသည့် အတွက် ၎င်းစနစ် အရှိန်အဟုန်မြှင့် အကောင်အထည်ပေါ်လာစေရေး၊ လယ်ယာမြေများအား စနစ်တကျပြုပြင်ပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာများအား စနစ်တကျပို့ချပေးခြင်း၊ မြေအမျိုးအစားနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့် များအား စီမံချက်ဖြင့် ချထားပေးခြင်း၊ မြေလွတ်မြေရိုင်းများ ဖော်ထုတ်ကာ ဒေသခံပြည်သူများအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင် ခွင့်ပေးခြင်း၊ နိုင်ငံတကာဈေးကွက်ရရှိအောင် ချိတ်ဆက်ဖော်ဆောင်ပေးခြင်း၊ မျိုးကောင်းမျိုးသန့်များကို အစဉ်တစိုက် ထုတ်လုပ်နိုင်ရန် သုတေသနလုပ်ငန်း များကို စဉ်ဆက်မပြတ် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ G.A.P နည်းစနစ်အရ စိုက်ပျိုးထုတ်လုပ်တတ်ပြီး ထွက်ရှိလာသည့် ထုတ်ကုန်ပစ္စည်းများ ကို ဈေးနှုန်းဈေးကွက်ရရှိရေး သက်ဆိုင်ရာဝန်ကြီးဌာန အစိုးရအဖွဲ့များမှ စနစ်တကျ စီမံဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။
အလားတူ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာ အားကာမိုး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးချစ်ထွေးနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့် တို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ဆွေးနွေးရာတွင် စိုက်ပျိုး ရေးဦးစီးဌာနအနေဖြင့် အရည်အသွေးပြည့်ဝကောင်းမွန်သောသီးနှံများ စိုက်ပျိုးထုတ်လုပ်၍ ဈေးကွက်တင်ပို့ရောင်းချနိုင်ရေးအတွက်GAP Protocal နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊G.A.P စနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုးထုတ်လုပ်ရာတွင် လက်ရှိအခြေအနေထက် ကျယ်ပြန့်နေသည့်အတွက် လုပ်ငန်းအစီအမံများကို အဆင့်လိုက် မြှင့်တင်ဆောင်ရွက်သွားမှသာ ထိရောက် အောင်မြင်မည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဌာနတွင် တာဝန်ယူဆောင်ရွက်နေ သည့် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုဆိုင်ရာအပိုင်းများကို လေ့ကျင့်ဖြည့်ဆည်း ပေးရမည့်အခြေအနေများ ရှိနေသေးပါကြောင်း။
အဆိုပါစနစ်ကို လက်ခံကျင့်သုံးကြမည့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူ လယ်သမားများ၊ လုပ်ငန်းရှင်များအနေဖြင့်လည်း နည်းစနစ်များကို သဘောတူ နားလည်လက်ခံ၍ လိုက်နာကျင့်သုံးရန်လည်း အရေးကြီးပါကြောင်း၊ ထို့ပြင် ဌာနအနေဖြင့် စမ်းသပ်စစ်ဆေးမှုဆိုင်ရာ အထောက်အကူပစ္စည်းကိရိယာများ ထပ်မံဖြည့်ဆည်းနိုင်ရန်အတွက် မိမိတို့တွင်ရှိသည့် ဘဏ္ဍာငွေကြေးပိုင်း အကန့် အသတ်များလည်း ရှိနေသေးသည့်အတွက် လက်ရှိဆောင်ရွက်နေမှုအပေါ်တွင် ကျယ်ပြန့်စွာ ဆောင်ရွက်ခြင်းထက် တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ အခြေ ခိုင်မာစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် အခြေအနေရှိနေဆဲ ဖြစ်ပါကြောင်း။
G.A.P စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများသည် လက်ရှိ ဒေသတွင်း နိုင်ငံများနှင့် မိမိတို့နိုင်ငံ နှိုင်းယှဉ်ပါက ကွာဟချက်ရှိနေဆဲဖြစ်ပါကြောင်း၊ သို့သော် ဝန်ကြီးဌာနအနေဖြင့် ရှိရင်းစွဲအရင်းအမြစ်များကို အသုံးချ၍ တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့်အထိG.A.P စနစ်ကို စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်များ၊ လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများ သိရှိနားလည် လက်ခံကျင့်သုံးနိုင်စေရန် ပညာပေးလုပ်ငန်းများကို အဆင့်လိုက် အခြေခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက် နေသည့် အချိန်အခါနှင့် ကိုက်ညီမှုရှိနေသည့် အနေအထားတွင် လွှတ်တော် ကိုယ်စားလှယ်ကြီး၏ အဆိုသည် မိမိတို့လုပ်ငန်းအပေါ် အားဖြည့်ပေးသည့် အဆိုတစ်ရပ်ဖြစ်နေသည့်အတွက် အဆိုအပေါ် မိမိတို့ဝန်ကြီးဌာနမှ ထောက်ခံ ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ ဆန္ဒမဲရယူရာ ထောက်ခံမဲ ၁၈၆ မဲ၊ ကန့်ကွက်မဲ တစ်မဲနှင့် ကြားနေမဲ နှစ်မဲဖြစ်၍ ထောက်ခံမဲများသဖြင့် အဆိုကို အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ ကို ဇွန် ၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်(သတင်းစဉ်)

No comments:

Post a Comment