Wednesday, May 30, 2018

လူမှောင်ခိုကူးသည့် အမျိုးသမီးနှစ်ဦး တရုတ်နိုင်ငံတွင် ဖမ်းဆီးရမိ

Image may contain: 3 people, people standing and outdoor
လွယ်ဂျယ် မေ ၂၉
ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် အဝင်/အထွက် ဂိတ်(၂)တွင် မေ ၂၈ ရက် ညနေ ၃ နာရီခွဲက အသက်(၂၃)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား တရုတ်နိုင်ငံသို့ လူမှောင်ခိုပို့သည့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးရမိ၍ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလက ဗန်းမော်ခရိုင် မန်စီမြို့ ပြင်ဦးလွင် ရပ်ကွက်နေ မနွယ်သဇင်ထွန်း(ခ) ဘောက်နူး(၂၃)နှစ်သည် တရုတ်နိုင်ငံ ကျန်းဖုန်းမြို့ ခလန်းကျေးရွာတွင် ကြံခုတ်လုပ်ငန်းလုပ်ကိုင်နေစဉ် မန်စီမြို့နယ် ဒွမ်ဘုတ်ကျေးရွာနေ မမာကော့(ခ) ကော့ဂျာ(ခ) ဖော်ဂျုံကော့(ခ)ကွတ်ကီး(၃၂) နှစ်နှင့် ခင်မင်ရင်းနှီးကာ ရွှေလီမြို့ရှိ ခေါက်ဆွဲဆိုင်တွင် အလုပ်လုပ်မည် ဆိုပါက တစ်လလျှင် တရုတ်ယွမ်ငွေ ၈ဝဝဝ ရမည်ဟု စည်းရုံးပြောဆိုသဖြင့် ရွှေလီမြို့သို့ လိုက်ပါခဲ့ကြောင်း၊ ရွှေလီမြို့တွင် ၁ဝ ရက်ခန့် တည်းခိုနေထိုင်ပြီး နောက်ထပ်အမျိုးသမီးနှစ်ဦးဖြစ်သူ မန်စီမြို့နေ ဒေါ်ရွယ်လိန်(ခ)အူပျောက်(ခ) မာရွယ်(၄၂)နှစ်နှင့် တရုတ်နိုင်ငံသူ ဒေါ်ယေ့ရှန်တုန်းတို့က တရုတ်နိုင်ငံ ပေကျင်းမြို့ ထန်းမင်ကုန်ကျေးရွာနေ တရုတ်အမျိုးသား ရှုံးရှင့်လိန်ဆိုသူထံ သို့ တရုတ်ယွမ်ငွေ ၆ဝဝဝဝ ဖြင့် ရောင်းစားထားခဲ့၍ ၎င်းတရုတ်အမျိုးသားနှင့် တစ်နှစ်ကျော် ပေါင်းသင်းနေထိုင်ခဲ့ရကာ သားတစ်ဦး မွေးဖွားခဲ့ရကြောင်း သိရသည်။
အဆိုပါ လူမှောင်ခိုကူးမှုကျူးလွန်သည့် အမျိုးသမီးနှစ်ဦးကို တရုတ် နိုင်ငံတွင် ဖမ်းဆီးရမိခဲ့၍ တရုတ်နိုင်ငံ လုံချွမ်ခရိုင် ကျန်းဖုန်း(BLO)ရုံးမှ မစ္စတာ ရန်စိန်လုံက မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် အဝင်/အထွက်ဂိတ်(၂) တွင် လာရောက်လွှဲပြောင်းအပ်နှံရာ တာဝန်ရှိသူများက လက်ခံခဲ့သည်။
အဆိုပါ လူမှောင်ခိုကူးမှုကျူးလွန်သည့် မမာကော့နှင့် ဒေါ်ရွယ်လိန် တို့နှစ်ဦးအား လွယ်ဂျယ်နယ်မြေရဲစခန်းတွင် လူမှောင်ခိုကူးမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)

No comments:

Post a Comment