Thursday, May 31, 2018

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာနည်းဥပဒေများကို လွှတ်တော်က သဘောတူ

Image may contain: 1 person, hat
နေပြည်တော် မေ ၃ဝ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်းဥပဒေများကို လွှတ်တော်က သဘောတူအတည်ပြုလိုက်သည်။
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ရှင်းလင်းဖြေကြားသည်။
ရမ်းဗြဲ မဲဆန္ဒနယ်မှ ဦးကျော်ရွှေ၏ ရမ်းဗြဲမြိ့နယ်တွင် ဒေါရထ ချောင်းကူး တံတား တည်ဆောက်ပေးရန် အစီ အစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းရှိ ဒေါရထချောင်း တံတားသည် မရွတ်ချိန်ကျေးရွာအုပ်စု၊ အဝတောင်ကျေးရွာအုပ်စု-မရွတ်ချိန်ရွာ မှ အလယ်ရွာတောင်ပေါ်သို့ ဆက်သွယ်သည့် ကျေးရွာချင်းဆက် မြေသားလမ်းပေါ် တွင် တည်ရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ စီမံခန့်ခွဲသော တံတားဖြစ်ပါကြောင်း၊ အဆိုပါတံတား တည်ဆောက်မည့် ဒေါရထချောင်း အကျယ်မှာ ၂၅၂ ပေရှိပြီး ဒီရေအတက်ဆုံးအချိန်တွင် အမြင့်ပေ ၂၈ ပေခန့်ရှိပြီး ဒီရေအကျဆုံးအချိန်တွင် အမြင့် ၈ ပေခန့်ရှိပါ ကြောင်း၊ ချောင်းကူးတံတား တည်ဆောက်ပြီးပါက အကျိုးပြုကျေးရွာပေါင်း ၃ ရွာ၊ အိမ်ခြေ ၂၆၉ လုံးနှင့် လူဦးရေ ၁၄ဝဝ ခန့် အကျိုးပြုမည်ဖြစ်ပါကြောင်း။
ဒေါရထချောင်းကူးတံတားသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့်(၁)တွင် ပါဝင်သော လမ်းပေါ်တွင် တည်ရှိသဖြင့် ၂ဝ၁၉-၂ဝ၂ဝ နောက်ပိုင်းကာလများတွင် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ကလေး မဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၏ ကလေးမြို့နယ်ရှိ အဘက်ဘက်မှ နိမ့်ကျလျက်ရှိသော မြစ်သာမြစ် အရှေ့ဘက်ကမ်းရှိ ကျေးရွာ များဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ မြို့တော်ကြီးများကို ခရီးအတိုဆုံးနှင့် အထိရောက်ဆုံးချိတ်ဆက်နိုင်ပြီး ပြည်ထောင်စုလမ်းမကြီးအဖြစ် ပါ အသုံးပြုနိုင်မည့် မြစ်သာမြစ်ကူးတံတားတည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ မြစ်သာမြစ်ကူးတံတားသည် သာယာဝတီ-ထိုမာ-ပေါက်တောလမ်းနှင့် ကလေး-ဂန့်ဂေါ လမ်းမကြီးတို့ ဆက်သွယ်သည့် ဆောက် လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်း ပေါ်တွင် တည်ရှိသည့် တံတားဖြစ်ပါကြောင်း၊ သာယာဝတီ-ထိုမာ-ပေါက်တော လမ်း ၈ မိုင် ၁ ဖာလုံအနက် ၁ မိုင် ၃ ဖာလုံသည် ကျောက်ချောလမ်းဖြစ်ပြီး ၂ မိုင် ၆ ဖာလုံ သဲကျောက်လမ်းနှင့်ကျန် ၄ မိုင်သည် မိုးရာသီတွင် ရေဝင်သည့် ဧရိယာဖြစ်ပါကြောင်း၊ အဆိုပါ တံတားတည်ဆောက်ပြီးပါက မြစ်သာမြို့ အရှေ့ဘက်ကမ်းရှိ ကျေးရွာ ၁၉ ရွာ၊ အိမ်ခြေ ၃၁၅၄ အိမ်နှင့် လူဦးရေ ၁၄၂ဝဝ ခန့်ကို အကျိုးပြုမည်ဖြစ်ပါကြောင်း။
မြစ်သာမြစ်ကူးတံတားတည်ဆောက်မည့်လမ်းသည် လမ်းအဆင့်သတ်မှတ် ချက်အရ Class (A) ဦးစားပေးအဆင့်(၁)တွင် ပါဝင်သောကြောင့် တံတား တည်ဆောက်မှုနှင့် ပတ်သက်၍ သံကူကွန်ကရစ်ကမ်းကပ်ခုံများနှင့် ရေလည် တိုင်များ သံပေါင်ဘေလီတံတား တည်ဆောက်ရန်အတွက် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေထည့်သွင်းလျာထား သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
အင်္ဂပူ မဲဆန္ဒနယ်မှ ဦးအေးဝင်း၏ အင်္ဂပူမြို့နယ်အတွင်းရှိ အင်္ဂပူ-ညောင် ကျိုးလမ်းကို ၂ဝ၁၆-၂ဝ၁၇ ဘတ်ဂျက်မှ ချထားပေးသည့် ငွေဖြင့်ဆောင်ရွက် ထားသောလုပ်ငန်းများကို သက်ဆိုင်ရာများက စစ်ဆေးစိစစ်ပေးရန်နှင့်၎င်းလမ်း ကို ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီ အစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အင်္ဂပူ-ညောင်ကျိုးလမ်းသည် ခိုင်ခံ့မှု အားနည်းသည့် သစ်သားတံတားနေရာ၌ ပေ ၄ဝ အရှည်၊ ၂၄ပေ အကျယ် သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်း၊ ၁ မိုင် ၂ ဖာလုံအား ၃၄ ပေအကျယ် မြေသားတာပေါင်ချဲ့ခြင်း၊ ပျက်စီးနေသည့် ကွန်ကရစ်လမ်းပိုင်း ၄ ဖာလုံကို ထပ်ပိုးလွှာခင်းခြင်း၊ ၁၈ ပေအကျယ် ကွန်ကရစ်လမ်း ၁ မိုင်ခင်းခြင်း လုပ်ငန်း တို့ကို ဆောင်ရွက်နိုင်ရန်အတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ဧရာဝတီတိုင်းဒေသ ကြီး ရန်ပုံငွေတွင် လျာထားပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့် အမာခံလမ်းပိုင်း ၇ မိုင်ကို ၁၈ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်ရန် နောင်လာမည့်ဘဏ္ဍာနှစ်များတွင် တိုင်းဒေသကြီး ရန်ပုံငွေ တွင် လျာထားတင်ပြတောင်းခံပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ ရေနံချောင်းမဲဆန္ဒနယ် မှ ဦးသာချို(ခ)ဦးတင်ကြိုင်နှင့် ကံမမဲဆန္ဒနယ်မှ ဦးစိန်ဟန်တို့၏ မေးခွန်းများ နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ရှင်းလင်းဖြေကြားသည်။
ယနေ့ကျင်းပသော ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေးက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် နိုင်ငံတော်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပေါ်စေရန် အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ထပ်မံမဖြစ်စေရန် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ၂ဝ၁၆ ခုနှစ် နှင့် ၂ဝ၁၇ ခုနှစ်အတွင်း ARSA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ကျူးလွန်ခဲ့သည့် အကြမ်းဖက်ဖြစ်စဉ် များအပေါ် အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေနှင့်အညီ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထိရောက်စွာ ပူးပေါင်းဖော်ထုတ် တိုက်ဖျက်ပြီး လုံလောက်သည့် ကာကွယ်မှုပြုလုပ်ပေးပါရန် အဆိုတင်သွင်းရာ နိုင်ငံတော်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ၂ဝ၁၄ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၂၃ ဖြင့် ၂ဝ၁၄ ခုနှစ် ဇူလိုင် ၄ ရက်တွင် ထုတ်ပြန်ထားပါကြောင်း၊ ယင်းဥပဒေတွင် အခန်း(၁၉)ခန်းပါ ရှိပါကြောင်း၊ ၂ဝ၁၆ နှင့် ၂ဝ၁၇ ခုနှစ်တို့အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ ကိုကြည့်ပါက တပ်မတော်အပါအဝင်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့လုံခြုံရေးစခန်းများ ကို အင်အားသုံးတိုက်ခိုက်ဖျက်ဆီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့များကို လူသားတံတိုင်း သုံး၍
ဟန့်တားတိုက်ခိုက်ခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်း၊ လူနေအိမ်အဆောက် အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ လုံခြုံရေးဆိုင်ရာ သတင်းပေးသူများ၊ လူနည်းစုတိုင်းရင်းသားများကို ရက်စက်စွာသတ်ဖြတ်ခြင်း၊ ဌာနေပြည်သူများကို နေရပ်စွန့်ခွာ ထွက်ပြေးစေရန် ခြိမ်းခြောက်ခြင်း စသည့် လုပ်ဆောင်မှုများကို ထင်ရှားစွာတွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ဆောင် ချက်များသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ အကြမ်းဖက် မှုများနှင့် အကျုံးဝင်နေကြောင်းကို ငြင်းပယ်၍မရနိုင်ပါကြောင်း၊ ထို့ကြောင့် ယင်းဥပဒေကို ထိရောက်စွာကိုင်တွယ်အသုံးပြုရန် လိုအပ်ပါကြောင်း။
လက်ရှိအခြေအနေတွင် UN,OICနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို မျက်ကွယ်ပြုပြီး မမှန်သတင်းနှင့် ဝင်ရောက်စွက်ဖက် ဖိအားပေးမှုများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC)နှင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICC) သို့ ဦးတည်နေပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါး ခြိမ်းခြောက်နေသည့်အပြင် နိုင်ငံတော်အစိုးရက လူသားချင်းစာနာမှုများနှင့် နိုင်ငံတကာအကူအညီရယူပြီး ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်မှုများကိုလည်း အားလျော့စေလျက်ရှိနေပါကြောင်း။
အစိုးရအနေဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီ နိုင်ငံတကာအဖွဲ့အစည်းများ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံများ နှင့်ညှိနှိုင်းပြီး ယင်းဥပဒေအပါအဝင် တည်ဆဲဥပဒေအရပ်ရပ်နှင့် အကြမ်း ဖက်အဖွဲ့အစည်းများ၊ အကူအညီပေးသူများ၊ လှုံ့ဆော်သူများ၊ ကြံရာပါများကို တစိုက်မတ်မတ် ဖော်ထုတ်အရေးယူပြီး ပြည်သူများကို ထိရောက်သည့် ကာကွယ်မှုပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတကာသိရှိအောင် ပြောဆိုနိုင်စွမ်းရှိသည့်သူများကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်သည် ရည်ရွယ်ချက်ရှိရှိနှင့် လူမျိုးတစ်မျိုး၊ နယ်မြေတစ်ခုပေါ်ပေါက်လာရန် မိမိတို့ အချုပ်အခြာအာဏာကို လုံခြုံရေးစခန်းများ၊ ကျေးရွာများနှင့် ဒေသခံပြည်သူ များကို အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးပြီး ပြဿနာကြီးထွားရန် ဖန်တီးကြသည် ဟု ပြတ်သားစွာ ရှင်းလင်းပြောကြားစေလိုပါကြောင်း။
ယခုကာလအတွင်းတွင် မိမိတို့ကို လူမျိုးတုံးသတ်သည်၊ မုဒိမ်းကျင့်သည်၊ လူ့အခွင့်အရေးဖောက်ဖျက်သည် စသည့်စွပ်စွဲမှုများ မဟုတ်မမှန်ကြောင်းကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာလတွင် ကျင်းပသည့်IPU ညီလာခံတွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က OIC နိုင်ငံများ၏ စွပ်စွဲချက်များကို တုံ့ပြန်ရှင်းပြသကဲ့သို့ UN မြန်မာအမြဲတမ်းကိုယ်စားလှယ်က လုံခြုံရေးကောင်စီ တွင် ၂ဝ၁၈ ခုနှစ် မေ ၁၆ ရက်က တုံ့ပြန်ဖြေကြားခဲ့ပါကြောင်း၊ ယခုကဲ့သို့ အမှန်တရားများကို နည်းမျိုးစုံဖြင့် ကမ္ဘာကသိစေရန် ဆောင်ရွက်ကာကွယ်ကြရန် လိုအပ်ပါကြောင်း၊ ပြည်ပနိုင်ငံ အဖွဲ့အစည်းအသီးသီး၏ ဖိအားများကို စိုးရိမ်ပြီး အမျိုးသားလုံခြုံရေးကို လျစ်လျူရှုလျက်နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ၎င်းတို့ကို လွတ်လပ်စွာသွားလာခွင့်ပြုပြီး လူသားချင်းစာနာမှုနှင့် လူ့အခွင့် အရေးအပြည့်အဝရရှိစေရေးတို့ကို ဦးစားပေးဆောင်ရွက်နေပါက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် စိုးရိမ်ဖွယ်ရာဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော် က သဘောတူသဖြင့် အဆိုအားလက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ထို့နောက် ယင်းအဆိုအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာသည်။
ဥပဒေကြမ်းဖတ်ကြားရှင်းလင်း
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးအေးနိုင်က မြန်မာ့ပုလဲ လုပ်ငန်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းအား တင်သွင်းပြီး အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးအောင်စိန်က အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်း လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေး တင်ပြပြီး ဥပဒေကြမ်းအစီရင်ခံစာကို ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းဖုန်းမြတ် က ဖတ်ကြားတင်သွင်းသည်။
ထို့နောက် အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာသည်။
ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပေးပို့သော စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းတစ်ရပ်လုံး ကို လွှတ်တော်က သဘောတူသဖြင့် ပြင်ဆင်ထားသည့် နည်းဥပဒေ၊ နည်း ဥပဒေခွဲများအတိုင်း အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ ကို ဇွန် ၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment