Saturday, May 26, 2018

ပျက်ကျသွားသည့် ကျူးဘားလေယာဉ်မှ ဒုတိယမြောက်ပျံသန်းမှု မှတ်တမ်းတင်စက်တွေ့ရှိ

Image may contain: one or more people, people standing and outdoor
ဟာဗားနား မေ ၂၅
ကျူးဘားနိုင်ငံ ဟာဗားနားမြို့အနီးတွင် လွန်ခဲ့ သည့် ရက်သတ္တပတ်က ပျက်ကျသွားခဲ့သည့် ခရီးသည်တင်လေယာဉ်မှ ဒုတိယမြောက် ပျံသန်းမှုမှတ်တမ်းတင်စက်ကို ကျူးဘား၊ အမေရိကန်နှင့် မက္ကဆီကိုနိုင်ငံတို့မှ ကျွမ်းကျင် သူများက ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
ဗီဒီယိုမှတ်တမ်းပုံများနှင့် ဒေသခံများ၏ ထုတ်ဖော်ပြောဆိုချက်များအရ ပျံသန်းမှု မှတ်တမ်းတင်စက်ကို မေ ၂၄ ရက်တွင် ရှာဖွေတွေ့ရှိရကြောင်း၊ ပျက်ကျသွားခဲ့သော ဘိုးရင်း-၇၃၇ အမျိုးအစား လေယာဉ်၏ ပျံသန်းမှုမှတ်တမ်းတင်စက်အဖြစ် စက်နံပါတ် အရ အတည်ပြုနိုင်ကြောင်း ကျူးဘားမြို့ပြ လေကြောင်းအာကာသတက္ကသိုလ် အကြီးအကဲ အာမန်ဒို ဒန်နီယယ် လိုပက်ဇ်က ပြောကြား သည်။ ယင်းလေယာဉ်ပျက်ကျမှုတွင် လူပေါင်း ၁၁၁ ဦး သေဆုံးခဲ့ရသည်။
အဆိုပါလေယာဉ်သည် မေ ၁၈ ရက်တွင် ဟာဗားနားမြို့ ဟိုဆေးမာတီလေဆိပ်မှ ပျံတက် ပြီးနောက် တစ်ခဏတာအတွင်းမှာပင် ပျက်ကျ ခဲ့ခြင်း ဖြစ်သည်။ အဆိုပါလေယာဉ်မှ ပျံသန်းမှု မှတ်တမ်းတင်စက်တစ်လုံးကို လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်။ လေယာဉ်ပျက်ကျမှုကြောင့် ကျူးဘား နိုင်ငံသား ၁ဝဝ၊ မက္ကဆီကိုနိုင်ငံသား လေယာဉ် အဖွဲ့သား ခြောက်ဦး၊ အာဂျင်တီးနားခရီးသည် နှစ်ဦး၊ မက္ကဆီကိုခရီးသည်တစ်ဦးနှင့် အနောက် ဆာဟာရဒေသမှ ခရီးသည်နှစ်ဦးတို့ သေဆုံး ခဲ့သည်။ လေယာဉ်ပျက်ကျမှုမှ အသက်ရှင် ကျန်သူနှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး ဟာဗားနားမြို့ရှိ ဆေးရုံတစ်ရုံတွင် ဆေးဝါး ကုသမှု ခံယူနေရသည်။
လေယာဉ်ပျက်ကျရသည့် အကြောင်းရင်း ကို ဖော်ထုတ်နိုင်ရန် လအတန်ကြာမျှ အချိန် ယူရမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ တိတိကျကျဆောင်ရွက် သွားမည်ဟု ကျူးဘားမြို့ပြလေကြောင်း အာကာသတက္ကသိုလ်အကြီးအကဲ ဒန်နီယယ် က ပြောကြားသည်။
သက်တမ်း ၃၉ နှစ်ရှိပြီဖြစ်သည့် ဘိုးရင်း-၇၃၇ လေယာဉ်ကို မက္ကဆီကို လေကြောင်းကုမ္ပဏီဂလိုဘယ်အဲက ကျူးဘား လေကြောင်းသို့ အငှားချထားခြင်းဖြစ်ပြီး ပြည်တွင်းခရီးစဉ်များ ပျံသန်းနေခြင်းဖြစ် သည်။ အဆိုပါလေယာဉ်သည် ဟာဗားနား မြို့မှ နိုင်ငံအရှေ့ပိုင်းရှိ ဟူဂွင်မြို့သို့ ပျံသန်းစဉ် ပျက်ကျခဲ့ပြီး သေဆုံးသူအများစုမှာ အဆိုပါ မြို့တွင် နေထိုင်သူများဖြစ်ကြသည်။
ယင်းဘိုးရင်းလေယာဉ်ကို ၁၉၇၉ ခုနှစ် တွင် တည်ဆောက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလတွင် နောက်ဆုံးစမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် ပျံသန်းခွင့်ပြုချက်ရရှိခဲ့ ကြောင်း မက္ကဆီကိုအစိုးရက ပြောကြားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment