Thursday, May 31, 2018

စစ်ကိုင်းတိုင်းဒေသကြီးတွင် ခရီးသွားရန် နေရာ ၃ဝ ခန့်ရှိသော်လည်း ခရီးသွားအများစုသည် ရှစ်နေရာသာသွားရောက်လည်ပတ်

Image may contain: sky, tree, plant, outdoor, nature and water
စစ်ကိုင်း မေ ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားဇုန် ခြောက်ဇုန်တွင် ခရီးသွားနေရာ ၃ဝ ခန့်ရှိသော်လည်း ပြည်တွင်းပြည်ပ ခရီးသွားအများစုသည် ရှစ်နေရာသာ သွားရောက်လည်ပတ်လေ့လာမှုများကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာနတာဝန်ရှိသူထံမှသိရသည်။
''အင်းဝတံတား (စစ်ကိုင်းတံတား)၊
မင်းကွန်းခေါင်းလောင်းကြီး၊ ပုထိုးတော် ကြီး၊ ဆွမ်းဦးပုညရှင်၊ ညောင်ကန်ကြေး ခေတ်ပြတိုက်၊ ဘုတလင်၊ တွင်းတောင်၊ ဟန်လင်းစတဲ့နေရာတွေအသွားများ တယ်။ အမှန်က စစ်ကိုင်းတိုင်းဒေသ ကြီး ခရီးသွားဇုန် ခြောက်ဇုန်မှာ ခရီး သွားစရာနေရာ ၂ဝ ကျော် ၃ဝ နီးပါး ရှိတယ်။ ၃ဝ နီးပါးဆိုတာ တစ်မြို့ တည်းလည်း လေးနေရာ ငါးနေရာ ရှိတာပေါ့။ မုံရွာအနီးဝန်းကျင်ဆိုရင် ရှစ်နေရာလောက်ရှိတယ်''ဟု စစ်ကိုင်း တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဖြိုးလွင်ကပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် မုံရွာ ခရီးသွားဇုန်၊ စစ်ကိုင်းခရီးသွားဇုန်၊ ရွှေဘိုခရီးသွားဇုန်၊ ကလေးခရီးသွား ဇုန်၊ ကသာခရီးသွားဇုန်နှင့် ခန္တီး ခရီး သွားဇုန်ဟူ၍ ခြောက်ဇုန်ရှိရာခရီးသွား အများစုမသိသေးသည့်ဇုန်သည်ခန္တီးခရီးသွားဇုန်ဖြစ်ပြီးလမ်းပန်းအခက် အခဲရှိနေခြင်းကလည်း ခရီးသွားများ အတွက် အဓိကစိန်ခေါ်မှုဖြစ် သည်။
''ခန္တီးခရီးသွားဇုန်ကို အဓိကသွား ကြတာက ထမံသီဘေးမဲ့တောကို အသွားများကြတယ်။ ရေကြောင်းက သွားရင်တော့ ရေကြောင်းဗဟုသုတပါ ရစေတာပေါ့။ ချင်းတွင်းမြစ်ထဲက နာမည်ကျော် ဝဲသုံးဝဲကိုလည်းလေ့လာ လို့ရတာပေါ့။ လေကြောင်းက မန္တလေး-ခန္တီးတိုက်ရိုက်သွားကြတာရှိ တယ်''ဟု ဦးအောင်ဖြိုးလွင်က ပြော သည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ- ကလေး - စစ်ကိုင်း - ရွှေဘိုနှင့်ကသာ ဒေသသို့ ၂ဝ၁၆-၁၇ခုနှစ် ဧပြီလမှ မတ်လအတွင်း ပြည်တွင်းဧည့်သည် ၁၂၃၃၇၈ ဦးနှင့် ပြည်ပဧည့်သည် ၂၇၃၃၁ ဦး စုစုပေါင်း ၁၅ဝ၆၈၉ ဦး ဝင်ရောက်ခဲ့ပြီး ၂ဝ၁၇-၁၈ခုနှစ်ဧပြီလမှမတ်လအထိပြည်တွင်း ဧည့်သည် ၁၄၃၃၅၁ ဦးနှင့်ပြည်ပဧည့်သည် ၂၇၆ဝ၇ ဦး စုစုပေါင်း ၁၇ဝ၉၅၈ ဦး ဝင်ရောက်ကြောင်းသိရသည်။
ယခင်နှစ်ကထက် ယခု၂ဝ၁၇-၁၈နှစ်တွင် ခရီးသွားဝင်ရောက်မှုသည် ပြည်တွင်း ပြည်ပဧည့်သည် ၂ဝ၂၆၉ ဦး ဝင်ရောက်မှု တိုးလာရာခရီးသွားဝင် ရောက်မှု ၁၃ ဒသမ၄၅ ရာခိုင်နှုန်းတိုး တက်ကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment