Saturday, May 26, 2018

သစ်တောဥပဒေကြမ်းနှင့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေး

Image may contain: indoor
နေပြည်တော် မေ ၂၅
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ သစ်တော ဥပဒေကြမ်းနှင့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်း ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေး ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးစိုင်းစံအောင်၏ ရှမ်းပြည်နယ် 'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်တွင် ဒေသခံတိုင်းရင်းသား ရင်သွေးငယ်လေးများ ပညာသင်ကြားရေးကို အဆင့်မြှင့် တင်ပေးနိုင်ရေးအတွက် ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ရွှေဝါနှင့် အခြေခံ ပညာမူလတန်းလွန်ကျောင်း တောင်းကော်တို့ကို အဆင့် မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရှမ်းပြည်နယ် 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ နယ် ရွှေဝါအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် စုစုပေါင်းလယ်ဆင့်သင် ကျောင်းသား ကျောင်းသူ ၆၅ ဦးခန့်သာ ရှိပါကြောင်း၊ အနီးဆုံး ကျောင်းဖြစ်သည့် ဟိုပန်အခြေခံပညာအထက်တန်း ကျောင်းနှင့် နှစ်မိုင်ခန့်အကွာအဝေးတွင် ရှိပါကြောင်း၊ တောင်းကော် အခြေခံပညာမူလတန်းလွန်ကျောင်း၌ စုစုပေါင်းလယ်ဆင့်သင် ကျောင်းသား ကျောင်းသူ ၅၄ ဦး ခန့် ရှိပါကြောင်း၊ အနီးဆုံးကျောင်းဖြစ်သော ဟိုပန်အခြေခံ ပညာအထက်တန်းကျောင်းနှင့် နှစ်မိုင်အသီးသီးကွာဝေးပါ ကြောင်း။
သို့သော်လည်း လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတင်ပြချက်နှင့် ဒေသခံပြည်သူများ၏ ဆန္ဒပြည့်ဝစေရေး အတွက် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် အဆိုပါကျောင်း နှစ်ကျောင်းအား ကျောင်းအဆင့်တိုးရေး တင်ပြဆောင်ရွက် ခဲ့ပါကြောင်း၊ အစိုးရအဖွဲ့အစည်းအဝေးမှ ခွင့်ပြုပြီးဖြစ်ပါ သဖြင့် ယခုနှစ်ကျောင်းဖွင့်အမီ ကျောင်းအဆင့် တိုးမြှင့် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၏ မေးခွန်းနှင့်စပ်လျဉ်း၍လည်း ဒုတိယ ဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းနောက် သစ်တောဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်းက မိမိအနေဖြင့် အခန်း(၃) အပိုဒ်(၆)၊ အပိုဒ်(၇)နှင့် အခန်း(၆) အပိုဒ်(၁၇)တို့ကို ဖြည့်စွက်ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ အခန်း(၃) ကြိုးဝိုင်းတောဖွဲ့စည်းခြင်းနှင့် ကြိုးပြင်ကာကွယ်တော သတ်မှတ်ကြေညာခြင်းဆိုသည့် ခေါင်းစဉ်၏ အပိုဒ်(၆) အပိုဒ်ခွဲ (ခ)ကို ပြည်သူ့လွှတ်တော် က မူလအဆိုပြုပြဋ္ဌာန်းချက်အတိုင်း အတည်ပြုထားသည် ကို တွေ့ရှိရပါကြောင်း၊ မိမိအနေဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် အပိုဒ်(၆) အပိုဒ်ခွဲ(ခ)တွင် ကြိုးဝိုင်း တောဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာနယ်မြေ ဒေသရှိဆိုသည့် စကားရပ်၏နောက်တွင် ဒေသခံပြည်သူ တို့နှင့် မဖြစ်မနေတွေ့ဆုံကာ ကြိုးဝိုင်းတောဖွဲ့စည်းမည့် အကြောင်းကို ပွင့်လင်းမြင်သာစွာရှင်းပြပြီး ဒေသခံပြည်သူ တို့နှင့် ညှိနှိုင်း၍ ရှေးကာလများကပင် တည်ရှိထားပြီးဖြစ် သည့် ကျေးရွာများ၊ စေတီပုထိုး၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများနှင့် ရေတွင်းရေကန်များအပါအဝင် ဒေသခံပြည်သူတို့ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် လယ်ယာ ဥယျာဉ်ခြံမြေများကို (သို့မဟုတ်) ကျေးရွာနယ်နိမိတ်မှ နှစ်မိုင်အကွာ ပြင်ပရှိတောရိုင်းများကို ချန်လှပ်ကာ ကြိုးဝိုင်းတော ဖွဲ့စည်းခြင်းကိုဆောင်ရွက်ရန် ဆိုသည့်စကား ရပ်ကို ဖြည့်စွက်လိုပါကြောင်း၊ ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် မူလအဆိုပြုချက်များအတိုင်း အတည်ပြုသွားရန် ဆွေးနွေးလိုပါကြောင်း။
အခန်း(၃)အပိုဒ်(၇)အပိုဒ်ခွဲ(က)နှင့်(ခ)တို့ကို ပြည်သူ့ လွှတ်တော်က မူလအဆိုပြု ပြဋ္ဌာန်းချက်များအတိုင်း အတည်ပြုထားပါကြောင်း၊ အပိုဒ်(၇)အပိုဒ်ခွဲ(က)တွင် ကြိုးဝိုင်းတောတစ်ခုလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ကြိုးဝိုင်းတောအမျိုးအစား ပြင်ဆင်ဖွဲ့စည်းခြင်း၊ ကြိုးဝိုင်းတောအဖြစ်မှ ပယ်ဖျက်ခြင်း(သို့မဟုတ်) ကြိုးပြင် ကာကွယ်တောအဖြစ် ပြောင်းလဲသတ်မှတ်ခြင်းပြုနိုင်သည် ဆိုသည့် စကားရပ်၏နောက်တွင် အဆိုပါကိစ္စရပ်များကို ဆောင်ရွက်ပါက ဒေသခံပြည်သူများသိရှိအောင် နည်းလမ်း အမျိုးမျိုးအသုံးပြု၍ ကြေညာပေးရမည်ဆိုသည့်စကားရပ် ကို ဖြည့်စွက်လိုပါကြောင်း။
အပိုဒ်(၇)အပိုဒ်ခွဲ(ခ)တွင် ဆက်လက်ကာကွယ် ထိန်းသိမ်းထားရန်မလိုအပ်သည့် ကြိုးပြင်ကာကွယ်တော တစ်ခုလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ကြိုးပြင် ကာကွယ်တောအဖြစ်မှ ပယ်ဖျက်နိုင်သည်ဆိုသည့် စကား ရပ်၏နောက်တွင် ပယ်ဖျက်မည်ဆိုပါက လယ်ယာ၊ ဥယျာဉ်ခြံမြေများရှိထားသည့် တစ်စိတ်တစ်ပိုင်းကို ပယ်ဖျက်ရန်ဖြစ်ပြီး အဆိုပါကိစ္စများကို ဒေသခံပြည်သူများ သိရှိအောင် နည်းလမ်းအမျိုးမျိုးအသုံးပြု၍ ကြေညာပေး ရမည်ဆိုသည့်စကားရပ်ကို ဖြည့်စွက်လိုပါကြောင်း။
အခန်း(၆) သစ်တောထွက်ပစ္စည်းထုတ်ယူခွင့် ဆိုသည့် ခေါင်းစဉ်၏ အပိုဒ်(၁၇) ကို ဖြည့်စွက်ဆွေးနွေးလိုပါကြောင်း၊ အပိုဒ်(၁၇)၏ မူလအဆိုပြုပြဋ္ဌာန်းချက်တွင် သစ်တောထွက် ပစ္စည်းကို ခွင့်ပြုမိန့်ရရှိပြီးမှသာ ထုတ်ယူခွင့်ရှိသည်၊ မိမိသုံး ဆိုသည့်စကားရပ်ကို ပြည်သူ့လွှတ်တော်က အိမ်သုံးဆို သည့် စကားရပ်ကို အစားထိုးထားပါကြောင်း၊ လယ်ယာ လုပ်ငန်းသုံး(သို့မဟုတ်) ငါးဖမ်းလုပ်ငန်းသုံးအတွက် ဖြစ်လျှင် သတ်မှတ်အရေအတွက်ထက် မကျော်လွန်ပါက ခွင့်ပြုမိန့်ရယူရန်မလိုဘဲ ထုတ်ယူနိုင်သည်ဆိုသည့် စကား ရပ်၏နောက်တွင် ထိုသို့ထုတ်ယူခွင့်ရှိကြောင်းကိုလည်း ဒေသခံပြည်သူများ သေချာစွာ သိရှိစေရန်နည်းလမ်း အမျိုးမျိုးအသုံးပြု၍ ကြေညာပေးရမည်ဆိုသည့် စကားရပ် ကို ထပ်မံဖြည့်စွက်လိုပါကြောင်း ဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်းက အခန်း(၁) ပုဒ်မ(၂)ကို ဖြည့်စွက်လိုပါ ကြောင်း၊ သစ်တောဆိုသည်မှာ အမြင့် ၅ မီတာ (၁၆ လက်မ)နှင့် အထက်ရှိသည့် သစ်ပင်များ သို့မဟုတ် ဤအမြင့်သို့ ရောက်ရန် အလားအလာရှိသည့် သစ်ပင် များ၏ ရွက်အုပ်များ၊ တစ်ရာခိုင်နှုန်းနှင့်အထက် ဖုံးလွှမ်း လျက်ရှိသော ဧရိယာ ၁ ဒသမ ၃ ဧက (ဒသမ ငါးဟက် တာ) နှင့် အထက်ရှိသည့် နယ်မြေကို ဆိုလိုသည်ဟု ဖြည့်စွက်လိုပါကြောင်း၊ ပုဒ်မ (၂) (ဘ)တွင် မီးသွေးဆိုသည် မှာ ထင်းနှင့်သစ်ကို မီးဖြင့်ဖုတ်၍ လောင်စာအဖြစ် အသုံးပြုသော မီးသွေးလောင်စာတောင့်ကို ဆိုလိုသည်ဟု ဖြည့်စွက်လိုပါကြောင်း၊ အခန်း(၃) ပုဒ်မ ၇ (ဃ)ကို အပိုဒ်တစ်ခု ထပ်တိုးလိုပါကြောင်း၊ နှစ်ကာလရှည်ကြာစွာ လက်ရှိအသုံးပြုမြဲဖြစ်သော အဝန်းအဝိုင်းတို့အား သစ်တောကြိုးဝိုင်းမြေ သို့မဟုတ် ကြိုးပြင်ကာကွယ် တောအဖြစ် သတ်မှတ်ခြင်းမပြုရဟူ၍ ဖြစ်ပါကြောင်း။
ပုဒ်မ ၂၃(က)ခြေဆင်းတွင် မိမိအိမ်သုံးပရိဘောဂ အသုံးအဆောင်များ ဖြစ်ပါက သက်ဆိုင်ရာ အရာရှိထံမှ ထောက်ခံချက်ယူရမည်ဟု ဖော်ပြပါရှိပါကြောင်း၊ ယင်း အဆိုပြုချက်ကို ပယ်ဖျက်လိုပါကြောင်း၊ အကြောင်းပြချက် မှာ လူနည်းစု ဝိသမလောဘသမားတို့ကို ထိန်းကွပ်နိုင်ရန် ပြဋ္ဌာန်းလိုသည်မှာ မှန်သော်လည်း လက်တွေ့တွင် ပြည်သူ အများစုအတွက် ပိုမိုအကျပ်အတည်း တွေ့နိုင်မည်ကို ချင့်ချိန်၍ ပယ်ဖျက်သင့်ပါကြောင်း၊ အခန်း (၁၂) ပုဒ်မ ၄၈ ကို ထပ်တိုးလိုပါကြောင်း၊ မည်သူမဆို ခွင့်ပြုမိန့်မရ ဘဲ ပြည်ပနိုင်ငံများသို့ ကျွန်းသစ်ကိုဖြစ်စေ၊ ကျွန်းသစ် မဟုတ်သော တားမြစ်သစ်ပင်မှ ထွက်ရှိသည့် သစ်ကိုဖြစ်စေ ဖမ်းဆီးရမိပါက ဖမ်းဆီးရမိသူနှင့် ¤င်းကိုခိုင်းစေသူ၊ အခကြေးငွေယူ၍ ခွင့်ပြုသူမည်သူ့ကိုမဆို အနည်းဆုံး ထောင်ဒဏ် ၁ဝ နှစ်အထက် ချမှတ်ရမည့်အပြင် ငွေကျပ် သိန်း ၅ဝ နှင့်အထက် ချမှတ်ရမည်ဟူ၍ ဖြစ်ပါကြောင်း၊ ပုဒ်မ (၄၉)တွင် မည်သူမဆို ခွင့်ပြုမိန့်မရရှိဘဲ ပြည်ပနိုင်ငံ သို့ ရောင်းချရန် ရည်ရွယ်၍ မီးသွေးကို ဖမ်းဆီးရမိလျှင် ဖမ်းဆီးရမိသူနှင့် ¤င်းကိုခိုင်းစေသူ၊ အခကြေးငွေယူ၍ ခွင့်ပြုသူ မည်သူ့ကိုမဆို အနည်းဆုံး ထောင်ဒဏ်သုံးနှစ် ချမှတ်ရမည့်အပြင် ငွေကျပ် သိန်း ၂ဝ လည်း ချမှတ်နိုင် သည်ဟု ဖြည့်စွက်လိုပါကြောင်း ဆွေးနွေးသည်။
ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာ အားကာမိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ) မှ နော်လှလှစိုး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂)မှ ဦးအောင်မျိုး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးကျော်သီဟနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုး တို့ကလည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) (ပြည်တွင်း၊ ပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ) ဦးကျော်ထွေးတင်သွင်းသည့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးက ဆွေးနွေးရာတွင် ပုဒ်မ ၂ (က)တွင် အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက် ဖြစ်စေ၊ နှုတ်ကတိဖြင့် ဖြစ်စေ ဆိုသည့် စကားရပ်ကို ပြင်ဆင်ထားပြီး အခကြေးငွေဆိုသည့် စကားရပ်ကို ပယ်ဖျက်ထားခြင်း ဖြစ်ပါကြောင်း၊ အခကြေး ငွေဆိုသည့် နေရာတွင် လုပ်အားခဆိုသည့် စကားရပ်ကို သုံးစွဲထားပါကြောင်း၊ ပုဒ်မ ၂ (ဂ)တွင် အလုပ်ရှင်ဆိုသည်မှာ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ဖြစ်စေ၊ နှုတ်ကတိဖြင့်ဖြစ်စေ ဆိုသည်ကို ပိုမိုကောင်းမွန်အောင် ဖြည့်စွက်ထားပါကြောင်း၊ ပုဒ်မ ၁၂ တွင် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့သည် အလုပ်ရှင် သို့မဟုတ် အလုပ်သမားတစ်ဖက်ဖက် မှ ဟူ၍ ပိုမိုပြည့်စုံအောင် ပြင်ဆင်ထားခြင်း ဖြစ်ပါကြောင်း၊ ပုဒ်မ ၅၃ တွင် ဝန်ကြီးဌာနက အလုပ်သမားအငြင်းပွားမှု များကို စစ်ဆေးစီရင်ရန်အတွက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် ညှိနှိုင်း၍ အလုပ်သမားရုံးများကို ဖွဲ့စည်းတည်ထောင်ရမည်ဟု ပြင်ဆင်ထားပြီး မူလပြဋ္ဌာန်း ချက်တွင် ဆောင်ရွက်နိုင်သည်ဟု ဆိုထားသည့်အတွက် ဖွဲ့စည်းတည်ထောင်ရမည်ဟု ပြင်ဆင်ထားခြင်း ဖြစ်ပါ ကြောင်း၊ ပုဒ်မ ၂၈ (က) တွင် ခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို အငြင်းပွားသူများ သို့မဟုတ် အငြင်းပွားသူ တစ်ဖက်ဖက်မှ သဘောမတူပါက ဆုံးဖြတ်ချက်ကို သတ်မှတ်သည့်နှစ်မှ ရက်ပေါင်း ၇ ရက်အတွင်း ခုံသမာဓိကောင်စီကို တင်ပြ လျှောက်ထားနိုင်သည်ဟု ပြင်ဆင်ထားပါကြောင်း၊ ပုဒ်မ ၅၄ (က)တွင် အလုပ်ရှင်သည် သပိတ်မှောက်ရာတွင် ပါဝင်ခြင်းမရှိတော့သည့် အလုပ်သမားအချို့ အလုပ်ဆက် လက်လုပ်ကိုင်နေပါက အဆိုပါ အလုပ်သမားများ၏ လုပ်အားခ သို့မဟုတ် လခစရိတ် ထုတ်ပေးရမည်ဟု အသစ်ဖြည့်စွက်ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေး သည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ကို မေ ၂၉ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင် (သတင်းစဉ်)

No comments:

Post a Comment