Wednesday, May 30, 2018

မန္တလေးတိုင်းဒေသကြီးအတွင်း မုန်တိုင်းဝင်ရောက်ပါက ချက်ချင်းကယ်ဆယ်ဆောင်ရွက်ပေးနိုင်ရန် ကယ်ဆယ်ရေးအဖွဲ့ ပြင်ဆင်ထား

Image may contain: one or more people, car and outdoor
မန္တလေး မေ ၂၉
မြန်မာနိုင်ငံတွင် လတ်တလော မုန်တိုင်း ဝင်ရောက်နိုင်သည်ဟု သတိပေးနှိုးဆော်ချက် များ ထုတ်ပြန်ထားရာ မန္တလေးတိုင်းဒေသကြီး အတွင်း မုန်တိုင်းဝင်ရောက်ပါက ချက်ချင်း ကယ်ဆယ် ဆောင်ရွက်ပေးနိုင်ရေးနှင့် ချက်ချင်းအသင့်စုဖွဲ့ ဖွဲ့စည်း၍ တုံ့ပြန် ကယ်ဆယ်နိုင်ရေးအတွက် မေ ၂၉ ရက် နံနက် ၁ဝ နာရီက မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး၌ ပြင်ဆင်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
''မုန်တိုင်းအတွက် ကြိုတင် အစုအဖွဲ့ ထားရှိတာ ဖြစ်လာခဲ့ရင် ချက်ချင်းတုံ့ပြန် ကူညီကယ်ဆယ်ပေးနိုင်ဖို့အတွက်ပါ၊ တိုင်း ဒေသကြီးအတွင်းနဲ့ ထိစပ်တိုင်းဒေသကြီး အတွင်းဖြစ်လာခဲ့ရင် ကူညီပေးနိုင်ဖို့ပါ၊ ကယ်ဆယ်ရေးပစ္စည်းတွေရော၊ လူတွေရော မြို့နယ်အလိုက်၊ ခရိုင်အလိုက် ပြင်ဆင်ထားပါ တယ်၊ ဒီနေ့က အရင်ကတည်းက ဖွဲ့စည်း ထားတဲ့အဖွဲ့ကို ပြင်ဆင်ရင်း၊ လေ့ကျင့်ရင်း စစ်ဆေးတာပါ၊ အသင့်စုဖွဲ့နိုင်ဖို့ အချိန်ကို အဓိကလေ့ကျင့်တာရယ် ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ဖို့ အသင့်ရှိနေပါတယ်''ဟု မန္တလေးမြို့ မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူးဦးထက်အောင်က ပြောသည်။
ဟိုက်ဒရောလစ်သုံး ပစ္စည်းများ၊ ဖျက်စက်များ၊ မြေအောက် ၁၅ ပေ အနက်ထိ အသံလှိုင်းဖမ်းယူနိုင်သော စက်Leader Hasty စက်တစ်စုံ၊ အဆောက်အအုံ ပြိုကျ နိုင်မှု ရှိ၊ မရှိ စစ်ဆေးပေးသော စက်များ၊ ကယ်ဆယ်ရေးလှေများ စသည့် ခေတ်မီ ကယ်ဆယ်ရေးပစ္စည်းများဖြင့် ဇာတ်တိုက် လေ့ကျင့်လျက်ရှိသည်။
မန္တလေးတိုင်း ဒေသကြီးအတွင်း သဘာဝဘေးကြောင့် ဘေးအန္တရာယ်များ ဖြစ်ပေါ်၍ ထူးခြားမှုရှိပါက ဗဟိုမီးသတ်စခန်း ဖုန်း-၁၉၁၊ ဝ၂-၄ဝ၆ဝ၇၃၉၊ ဝ၂-၄၉၆ ဝ၇၃၈၊ ဝ၂-၄ဝ၆ဝ၇၄ဝ နှင့် ဗဟိုအော်ပရေတာ ဖုန်း-ဝ၉-၃၃၃၆၆၇ဝ၁ တို့သို့ ၂၄ နာရီ ဆက်သွယ်အကူအညီ တောင်းခံနိုင်သည်။
ပြည်သူများအနေဖြင့် မုန်တိုင်းသတင်း များအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များ၊ လူမှု၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များကို နားစွင့်၍ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး မီးသတ် ဦးစီးဌာန အနေဖြင့်လည်း အဆိုပါထုတ်ပြန် ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လိုက်လံနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သီဟကိုကို (မန္တလေး)

No comments:

Post a Comment