Tuesday, May 1, 2018

တောင်ကိုရီးယား၏ အချိန်ဇုန်အတိုင်း မြောက်ကိုရီးယား ပြင်ဆင်ပြောင်းလဲမည်

Image may contain: sky, cloud and outdoor
ဆိုးလ် ဧပြီ ၃ဝ
ဧပြီ ၂၇ ရက် ကိုရီးယားကျွန်းဆွယ် ထိပ်သီးဆွေးနွေးပွဲအပြီး နှစ်နိုင်ငံ ပြန်လည်သင့်မြတ်ရေး ပြယုဂ်တစ်ရပ်အဖြစ် မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံ၏ အချိန်ဇုန်အတိုင်း ယင်း၏အချိန်ဇုန်ကို ပြင်ဆင်ပြောင်းလဲမည်ဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ယနေ့တွင် သတင်းထုတ်ပြန်သည်။
တောင်ကိုရီးယား၏အချိန်ဇုန်နှင့် တူညီမှုရှိစေရေးအတွက် မြောက်ကိုရီးယားနိုင်ငံ၏အချိန်ဇုန်တွင် နောက်ထပ် နာရီဝက်တိုးပေးမည်ဖြစ်ကာ မိမိတို့၏နာရီများတွင် မိနစ် ၃ဝ ထပ်ဆောင်းပေးမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောခဲ့သည်။
နှစ်ပိုင်းကွဲနေသော ကိုရီးယားနှစ်နိုင်ငံတို့သည် ၂ဝ၁၅ ခုနှစ်မှစ၍ မတူကွဲပြားခြားနားသော အချိန်ဇုန်များကို အသီးသီး ပြဋ္ဌာန်းခဲ့ကြသည်။ ထိုစဉ်က မြောက်ကိုရီးယားနိုင်ငံသည် ယင်း၏စံတော်ချိန်ကို တောင်ကိုရီးယား၏စံတော်ချိန် နောက်မိနစ် ၃ဝ နောက်ကျနေစေရန် ရုတ်ခြည်း ပြောင်းလဲခဲ့သည်။
ကိုရီးယားကျွန်းဆွယ်အား ဂျပန်၏ကိုလိုနီနယ်မြေအဖြစ် သိမ်းပိုက်ခံခဲ့ရချိန် ၁၉၁ဝ-၄၅ ခုနှစ်ကာလ မတိုင်မီက မိမိတို့အသုံးပြုခဲ့သော အချိန်ဇုန်ကို ပြန်လည်ကျင့်သုံးရန် ဂျပန်လက်အောက်မှ လွတ်မြောက်မှု နှစ်(၇ဝ)ပြည့် အခါသမယတွင် မြောက်ကိုရီးယားက ဆုံးဖြတ်ခဲ့ပြီး ယင်းသို့ဆုံးဖြတ်ခဲ့ရခြင်းမှာလည်း အမျိုးသားရေးဝါဒအရ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။ သို့ရာတွင် ယခုအခါ တောင်ကိုရီးယား၏အချိန်ဇုန်အတိုင်း မိမိတို့၏အချိန်ဇုန်ကို ပြင်ဆင်ပြောင်းလဲမည်ဟု မြောက်ကိုရီးယားခေါင်းဆောင်က ကတိပြုခဲ့ပြီဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျယ်အင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များ၏ထိပ်သီးဆွေးနွေးပွဲကို ဧပြီ ၂၇ ရက်က နှစ်နိုင်ငံနယ်စပ်ရှိ အပစ်အခတ်ရပ်စဲရေး ကျေးရွာအဖြစ် သတ်မှတ်ထားသည့် ပန်မွန်ဂျုံကျေးရွာ၌ ပြုလုပ်ခဲ့သည်။ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် ရောက်ရှိ လာသူ ကင်သည် နယ်စပ်စည်းကိုဖြတ်သန်းကာ တောင်ကိုရီးယားနယ်မြေပေါ်သို့ ပထမဆုံးအကြိမ် ခြေချခဲ့သည်။ ထိပ်သီး ဆွေးနွေးပွဲတွင် ခေါင်းဆောင်နှစ်ဦးတို့က ကိုရီးယားကျွန်းဆွယ်အား အဏုမြူကင်းမဲ့ဇုန်ထူထောင်ရေးနှင့် ထာဝရငြိမ်းချမ်းမှု တည်ဆောက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ကတိပြုခဲ့ကြသည်။
အေအက်ဖ်ပီ

No comments:

Post a Comment