Tuesday, May 1, 2018

ကမ္ဘာ့ရုပ်ရှင်ထုတ်လုပ်ရေးအချက်အချာဒေသအဖြစ် တရုတ်နိုင်ငံ ချင်းတောင်မြို့၌ ရုပ်ရှင်မြို့တော် ဖွင့်လှစ်

Image may contain: one or more people and outdoor
ဘေဂျင်း ဧပြီ ၃ဝ
တရုတ်နိုင်ငံ အရှေ့ပိုင်း ပင်လယ်ဆိပ်ကမ်းမြို့ကြီးတစ်မြို့ဖြစ်သော ချင်းတောင်မြို့ကို ကမ္ဘာ့ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း အချက်အချာဒေသတစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်ရန်အတွက် ကုဋေကြွယ်သူဌေးကြီး ဝမ်ကျန်လင်းက အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံသည့်စီမံကိန်းကြီးကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ချင်းတောင်ရုပ်ရှင်မြို့တော်ဟူ၍ အမည်ပေးထားသော စီမံကိန်းတွင် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး စတူဒီယိုအများအပြား ပါဝင်ပြီး တရုတ်နိုင်ငံ၏ ဟောလိဝုဒ်အဖြစ် တင်စားခေါ်ဝေါ်ခံရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ယနေ့တွင် သတင်းထုတ်ပြန်သည်။
တရုတ်တလျံ ဝမ်ဒါအုပ်စု၏ လုပ်ငန်းရှင်သူဌေးကြီး ဝမ်ကျန်လင်း၏ရည်မှန်းချက်မှာ နိုင်ငံတကာမှ ရုပ်ရှင်ထုတ်လုပ်သူများကို ဆွဲဆောင်သွားရန်နှင့် တရုတ်နိုင်ငံ၏ရုပ်ရှင်ထုတ်လုပ် ရေးလုပ်ငန်းကဏ္ဍကို မြှင့်တင်ရန်ဖြစ်သည်။
ယွမ်ငွေဘီလီယံ ၅ဝ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၉ ဘီလီယံ)အထိ ရင်းနှီးမြှုပ်နှံသည့် ရုပ်ရှင်ခြံကြီးမှာ စုစုပေါင်း ဘောလုံးကွင်း ၅ဝဝ အကျယ် အဝန်းတမျှရှိပြီး ၁၆၆ ဟက်တာ ကျယ်ဝန်းသည်။
ချင်းတောင် အရှေ့တိုင်းရုပ်ရှင်မြို့တော်စီမံကိန်းအတွက် အဆင့်မြင့် နည်းပညာသုံး ရုပ်ရှင်စတူဒီယို အလုံး ၃ဝ တည်ဆောက်ပြီးဖြစ်ကာ နောက်ထပ်ရုပ်ရှင်စတူဒီယို ၁ဝ လုံးကို ဆက်လက်တည်ဆောက်နေဆဲဖြစ်သည်။
ချင်းတောင်မြို့ အုပ်ချုပ်ရေးအဖွဲ့နှင့် ဝမ်ဒါအုပ်စုတို့က ပြည်တွင်းနှင့် ပြည်ပတို့မှ ရုပ်ရှင်ထုတ်လုပ်သူများ ယင်းရုပ်ရှင်မြို့တော်၌ ရုပ်ရှင်ဇာတ်ကား များ ထုတ်လုပ်မှုကို အားပေးနိုင်ရန် ယွမ်ငွေ ငါးဘီလီယံရှိ ရုပ်ရှင်ဖွံ့ဖြိုးရေး ရန်ပုံငွေတစ်ရပ်ကိုလည်း ထူထောင်ထားသည်။
လာမည့်သုံးနှစ်တာကာလအတွင်း တစ်နှစ်လျှင် ရုပ်ရှင်ဇာတ်ကားနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ၁ဝဝ ခန့် ထုတ်လုပ်နိုင်ရေးအတွက် ရုပ်ရှင် ထုတ်လုပ်ရေးနှင့် ရုပ်မြင်သံကြားအစီအစဉ် ထုတ်လုပ်ရေးကုမ္ပဏီ ၅ဝဝ ခန့်က ချင်းတောင်မြို့ရှိ ရုပ်ရှင်မြို့တော်၌ အခြေစိုက် လုပ်ကိုင်လာကြမည်ဟု မျှော်မှန်းထားသည်။
ချင်းတောင်ရုပ်ရှင်မြို့တော်နယ်မြေအတွင်း ဟိုတယ်များ၊ ရွက်လှေ ကလပ်အသင်းအဆောက်အအုံ၊ ဥယျာဉ်တစ်ခု၊ ဖယောင်းပြတိုက် တစ်လုံး နှင့် ဆေးရုံတစ်ရုံတို့ကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်သည်။
ဆင်ဟွာ

No comments:

Post a Comment