Saturday, May 26, 2018

မန္တလေးတိုင်းဒေသကြီးတွင် မိဘ၊ ဆရာနှင့် ပြည်သူအားလုံး ပူးပေါင်း၍ ကျောင်းနေရေး စတင်

Image may contain: 3 people, people sitting and indoor
မန္တလေး မေ ၂၅
ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိစေရေး အတွက် မိဘများသာမက ဆရာ ဆရာမများနှင့် ပြည်သူ အားလုံးမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ကျောင်းအပ်နှံရေးအတွက် မန္တလေး တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါ်စန်းစန်းရီက ပြောကြားသည်။
ယခုပညာသင်နှစ်အတွက် မေ ၂၅ ရက်မှ ၃၁ ရက် အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိပြီး ''ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး'' ဆောင်ပုဒ် နှင့်အညီ မန္တလေးမြို့ရှိ အခြေခံပညာကျောင်းအသီးသီးတွင် မေ ၂၅ ရက်မှစတင်၍ KGတန်းမှ အထက်တန်းအဆင့် အထိ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံနိုင်ရေး အတွက် လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
''မိဘတွေအနေနဲ့ကလည်း ကျောင်းအပ်နှံရမယ့် အရွယ် မိမိတို့သားသမီးတွေကို ကျောင်းကို အပြည့်အဝ အပ်နှံပေးဖို့ တာဝန်ရှိသလို ဆရာ ဆရာမတွေကလည်း ကိုယ့်ကျောင်းကို ရောက်လာတဲ့ ကလေးတွေအားလုံးကို နွေးနွေးထွေးထွေး ကြိုဆိုဖို့ တာဝန်ရှိပါတယ်''ဟု ၎င်းက ပြောသည်။
''ကျောင်းလာရောက်အပ်နှံတဲ့ ကလေးတွေအနေနဲ့ မွေးစာရင်းမပြနိုင်လို့ ကျောင်းအပ်လက်မခံနိုင်ဘူးဆိုတာ မဖြစ်စေရဘူး၊ သက်ဆိုင်ရာကျောင်းအုပ်က မိဘကပြောတဲ့ မွေးသက္ကရာဇ်နဲ့ပဲ အထောက်အထား အချက်အလက်တွေ ယူပြီး အဆင်ပြေအောင် လက်ခံပေးဖို့ ညွှန်ကြားထားပါ တယ်၊ ဒါ့အပြင် ကျောင်းလာအပ်တဲ့ကလေးက ငါးနှစ်ပြည့် ဖို့ တစ်လလိုရင် သက်ဆိုင်ရာကျောင်းအုပ်၊ နှစ်လလိုရင် မြို့နယ်ပညာရေးမှူးနဲ့ သုံးလလိုရင် တိုင်းပညာရေးမှူးတို့ရဲ့ ထောက်ခံချက်နဲ့ ကျောင်းအပ်လက်ခံနိုင်တယ်''ဟု တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးညွန့်မောင် က ပြောသည်။
ထို့ပြင် ပညာရေးပြုပြင်ပြောင်းလဲမှုများအနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှစ၍ KGတန်းကို သင်ရိုး သစ်ဖြင့် လည်းကောင်း၊ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် Grade 1 ကို သင်ရိုးသစ်ဖြင့်လည်းကောင်း ပြောင်းလဲ သင်ကြားပေးခဲ့ပြီး ယခုပညာသင်နှစ်တွင်Grade 2ကို လည်း သင်ရိုးသစ်များဖြင့် ပြောင်းလဲသင်ကြားပေးမည် ဖြစ်ရာ ကျောင်းသားများသာမက မိဘများပါ စိတ်ဝင်စား တက်ကြွလျက်ရှိကြောင်း အောင်မြေသာစံမြို့နယ် အမှတ် (၁၂) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းအေးက ပြောသည်။
''တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲလာတဲ့ သင်ရိုးသစ် တွေကို ကလေးတွေကလည်း စိတ်ဝင်တစားနဲ့ သင်ယူလာ ကြသလို မိဘတွေကလည်း လက်ခံလာကြတယ်၊ ဒါကြောင့် ကျောင်းအပ်လက်ခံတဲ့နေ့မှာပဲ မနက်အစောကြီးကတည်း က ဝီရိယကောင်းကောင်းနဲ့ ကျောင်းလာအပ်နေကြတဲ့အပြင် ဒီနှစ်စသင်မယ့် ဒုတိယတန်း သင်ရိုးသစ်နဲ့ပတ်သက်ပြီး မေးမြန်းလေ့လာနေကြတယ်''ဟု ၎င်းကပြောသည်။
ကျောင်းများစတင်အပ်နှံသည့်နေ့တွင် ကလေးနှစ်ဦး အား ကျောင်းလာအပ်သည့် ဦးမောင်ငယ်ကလည်း ''ကျွန်တော့်ကလေးတွေ ကျောင်းစတက်ကတည်းက အခမဲ့ ပညာရေးစနစ်နဲ့ ကြုံခဲ့ရတဲ့အတွက် ကျောင်းအပ်တဲ့အချိန်မှာ စိတ်ပေါ့လက်ပေါ့ရှိသလို စနစ်သစ် ပညာရေးကြောင့် ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ စာသင်နေတာကို တွေ့ရ တဲ့အတွက်လည်း ဝမ်းသာနေရပါတယ်''ဟု ပြောသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment