Tuesday, May 29, 2018

ကျွန်းစုမြို့နယ်၌ ပျားရည်များ ဈေးကောင်းရသဖြင့် တစ်နိုင်တစ်ပိုင် ပျားမွေးမြူသူများပြား

Image may contain: tree, outdoor and nature
ကျွန်းစု မေ ၂၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာအုပ်စု ထိန်ချောင်းကျေးရွာနှင့် အနီးဝန်းကျင်
ကျေးရွာများ၌ ယခုအခါ ပျားရည်များ ဈေး
ကောင်းရရှိသဖြင့် အပိုဝင်ငွေများရရှိလာ
သောကြောင့် တစ်နိုင်တစ်ပိုင် ပျားမွေးမြူ သူ များပြားပြီး အဆင်ပြေလျက်ရှိကြောင်း ဒေသခံ ပျားမွေးမြူရေးလုပ်ကိုင်နေသူ
များထံမှ သိရသည်။
''ပျားမွေးမြူတာက ကိုယ်ပိုင်ဥယျာဉ်ခြံ
အတွင်းမှာရှိတဲ့ နှစ်ရှည်သစ်ပင်တွေပေါ်
မှာ သစ်သားပုံးတွေ ချိတ်ဆွဲပြီးမွေးမြူတာ
ပါ၊ ပျားမွေးမြူရေးလုပ်ငန်းကို နှစ်စဉ် မိုး
အကုန် ဆောင်းအကူးကာလကနေစပြီး မွေးမြူရတာဖြစ်တယ်၊ တပေါင်းလဆန်း
လောက်မှာ ပျားရည်ကိုစတင်ထုတ်ယူ ကြပါတယ်၊ နှစ်စဉ်နှစ်တိုင်း ရိုးရာဓလေ့
တစ်ခုဖြစ်တဲ့ ပျားရည်ဆွမ်းလောင်းလှူပွဲ
အမီထုတ်ယူပြီး အနယ်နယ်အရပ်ရပ်မှ
လာရောက်တဲ့သူတွေကို တစ်ဆင့်ပြန်
လည်ရောင်းရသလို ကိုယ်တိုင်လည်း
လောင်းလှူဖို့အတွက် ရည်ရွယ်ကာ
တစ်နိုင်တစ်ပိုင် မွေးမြူလာကြတာဖြစ်ပါ
တယ်'' ဟု ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာ
အုပ်စု ထိန်ချောင်းကျေးရွာနေ ပျားမွေးမြူ
ထားသူ ဒေါ်တင်တင်ရီက ပြောသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများ တွင် တစ်နိုင်တစ်ပိုင် ပျားမွေးမြူသူများပြား
လာရာ ယခုအခါ ပျားမွေးမြူသူ ၁ဝဝ ကျော်
ခန့်ရှိကြောင်း ဒေသခံပျားမွေးမြူရေး
လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရ
သည်။
''အရင်တုန်းကကျေးရွာတွေမှာ ပျားရည်
ရရှိဖို့အတွက် သဘာဝပျားရည်
တွေကို တောတောင်တွေထဲမှာ သွားရှာရ
ပါတယ်၊ အခုဆိုရင်တော့ တောင်တွေထဲ
မှာ ရှာရတာသိပ်မလွယ်တော့ဘူး၊ ရှာတဲ့
သူလည်း များလာတယ်၊ ဒါကြောင့်
အလွယ်တကူရနိုင်ဖို့ ရွာခံတွေက ဥယျာဉ်
ခြံတွေမှာ ကိုယ်တိုင်မွေးမြူလာကြတယ်''ဟု ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာအုပ်စု ထိန်ချောင်းကျေးရွာမှ ဦးထွန်းကျော်က ပြောသည်။
ယင်းပျားမွေးမြူရေးလုပ်ငန်းမှ ပျား
ရည်ထုတ်ယူရာ၌ တောတောင်ထဲတွင်ရှိ
သော သဘာဝပျားရည်များ ရယူခြင်းကဲ့
သို့ ပျားအုံများကို မီးရှို့ပျားဖွပ်ရန် မလိုသော
ကြောင့် ပျားအုံများ ပျက်စီးခြင်း၊ ပျား
ကောင်များ သေကျေဆုံးရှုံးခြင်းမရှိဘဲ ရာသီအလိုက် ပျားရည်ထုတ်ယူနိုင်ပြီး လက်ရှိတွင် မွေးမြူရေးပျားရည် ဈေးနှုန်း မှာ ပျားရည်တစ်လီတာဘူး တစ်ဘူးလျှင် ငွေကျပ် ၈ဝဝဝ မှ ၁ဝဝဝဝ အထိ ရှိ
ကြောင်း သိရသည်။ မြိတ်မြို့ပေါ်၌ သဘာဝ
ပျားရည်ဈေးနှုန်းမှာ လက်ရှိတွင် တစ်
လီတာဘူးတစ်ဘူးလျှင် ငွေကျပ် ၁၅ဝဝဝ မှ ၂၅ဝဝဝ အထိ ဈေးနှုန်းရှိကြောင်း မြို့ပေါ်ပျားရည်အရောင်းဆိုင်များမှ သိရ
သည်။
မြင့်ဦး (မြိတ်)

No comments:

Post a Comment