Wednesday, May 30, 2018

ရွှေပြည်သာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၅ဝဝ ခန့် ပျက်စီးမှုဖြစ်ပွား သက်ဆိုင်ရာက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးလျက်ရှိ

Image may contain: tree, plant, outdoor and nature
ရန်ကုန် မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်တွင် ယနေ့နံနက် ၃ နာရီ ၁ဝ မိနစ်ခန့်က လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ်နှင့် ဆိုင်ခန်း ငါးရာခန့် ပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။
''မနက် ၃ နာရီကျော်လောက်မှာ လေယာဉ်ပျံတဲ့ အသံမျိုးကြားပြီး လေတွေ တိုက်တော့တာပါပဲ။ လေတိုက်တဲ့အချိန် သုံးမိနစ်လောက် ပဲကြာတယ်။ သစ်ပင်တွေ ပြိုလဲပြီး နေအိမ်တွေ တော်တော်များများ ပျက်စီးသွားတယ်။ အဲဒီအချိန်မှာ မီးတွေလည်းပြတ်နေတော့ ဘေးကင်း တဲ့ နေရာကနေ စောင့်ကြည့်နေရ တယ်။ လေငြိမ်ပြီး မိုးတိတ်သွားတော့ မှ ပတ်ဝန်းကျင်မှာ တော်တော်ပျက်စီး သွားတာကို တွေ့ရတယ်။ လူထိခိုက် ဒဏ်ရာရရှိမှုတော့ မကြားမိပါဘူး''ဟု အမှတ်(၂ဝ)ရပ်ကွက်နေ ဦးကျော်ဒင် က ပြောသည်။
ရွှေပြည်သာမြို့နယ်တွင် ယနေ့ နံနက် ၃ နာရီ ၁ဝ မိနစ်ခန့်က မိုးများ အဆက်မပြတ်ရွာသွန်းခဲ့ပြီး မိုးရွာ သွန်းမှုနှင့်အတူ အဆိုပါမြို့နယ်ရှိ အမှတ် (၈)၊ (၉)၊ (၁၁)၊ (၁၃)၊ (၁၉)၊ (၂ဝ)၊ (၂၃) ရပ်ကွက်တို့၌ လေပြင်း တိုက်ခတ်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ် နှင့် ဆိုင်ခန်း ၅ဝဝ ကျော်ခန့် အမိုး လန်ခြင်း၊ ပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့သည့် အပြင် သစ်ပင်များနှင့် ဓာတ်တိုင်များ ပြိုလဲမှုဖြစ်ပွားခဲ့သည်။
ဖြစ်ပွားရာသို့ သက်ဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများ၊ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများက အမှိုက်များ ရှင်းလင်းခြင်း၊ နေအိမ် အပျက်အစီးများအား ဖယ်ရှား ရှင်းလင်းခြင်းတို့ကို အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက ''ပျက်စီး ဆုံးရှုံးမှုအနေနဲ့ အိမ်တွေ အမိုး လန်တာတွေရှိသလို တချို့အိမ်တွေ ကတော့ အလုံးလိုက်ပျက်စီးသွားတာ မျိုးရှိပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ထောက်ပံ့မှုတွေကိုတော့ လူကယ် ပြန်ဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကနေ လုပ်ဆောင် နေပါတယ်။ ငွေကြေး အနေနဲ့ကတော့ ပျက်စီးဆုံးရှုံးမှု အပေါ်မှာမူတည်ပြီး သတ်မှတ်နှုန်း ထားတွေအတိုင်း ထောက်ပံ့ပေးတာ မျိုးလုပ်သွားမှာပါ။ စတင်ဖြစ်ပွားတဲ့ အချိန်က စပြီးတော့ သက်ဆိုင်ရာ အနေနဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး အပျက်အစီးတွေကို ရှင်းလင်းမှုတွေ လုပ်ခဲ့ပါတယ်''ဟု ပြောကြားသည်။
နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တာဝန်ရှိသူတို့သည် လေပြင်း တိုက်ခတ်ခဲ့သည့် ရပ်ကွက်များသို့ သွားရောက်ကြည့်ရှုပြီး အချက်အလက် မှန်ကန်မှုရှိအောင် ဆောင်ရွက်ရေး၊ အပျက်အစီးများကို အမြန်ဆုံး ရှင်းလင်းရေးနှင့် လျှပ်စစ်မီး အမြန် ရှိရေးတို့အတွက် သက်ဆိုင်ရာတာဝန် ရှိသူတို့အား ဝန်ကြီးချုပ်က လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ယနေ့ဖြစ်ပွားခဲ့သည့် လေပြင်း တိုက်ခတ်မှုဖြစ်စဉ်ကြောင့် ရွှေပြည်သာ မြို့နယ်တွင် နေအိမ်နှင့် ဆိုင်ခန်း ငါးရာခန့် ပျက်စီးခဲ့ပြီး အိမ်ထောင်စု ငါးရာကျော် လေဘေးဒဏ်ကို ခံစား ခဲ့ရသဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် အိမ်ထောင်စုအလိုက် ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်။
ထို့အပြင် လေဘေးသင့်ပြည်သူ များအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အနေဖြင့် ငွေကျပ် ၁ဝ သိန်းကိုလည်းကောင်း၊ မေခဆောင် ဖောင်ဒေးရှင်းက ငွေကျပ် ၁၅ သိန်း ကိုလည်းကောင်း ရွှေပြည်သာမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာကော်မတီထံသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး တိုင်းဒေသကြီး ညွှန်ကြား ရေးမှူး ဦးဝင်းရွှေက ''ဒီနေ့မနက် ဖြစ်ပွားခဲ့တဲ့လေဘေးဟာ ရပ်ကွက် ခုနစ်ခုလောက် ခံစားခဲ့ရတဲ့အတွက် ဧရိယာကျယ်ပြန့်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့အတူ ညှိနှိုင်းအစည်းအဝေးလုပ်ပြီး စာရင်း ကောက်ယူမှုတွေ လုပ်ခဲ့ပါတယ်။ ရရှိလာတဲ့ စာရင်းအရ အိမ်အပျက် အစီးတွေအပေါ်မှာ မူတည်ပြီး နိုင်ငံတော်က ထောက်ပံ့ပေးနေ တဲ့ ငွေကြေးနှုန်းထားတွေအတိုင်း ထောက်ပံ့ပေးသွားမှာ ဖြစ်သလို ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အဝတ်အထည်နဲ့ မိသားစုသုံးပစ္စည်းတွေကို အိမ် ထောင်စုအလိုက် ထောက်ပံ့ပေးခဲ့ပါ တယ်။ စုစုပေါင်း အိမ်ထောင်စု ငါးရာကျော်ရှိပါတယ်''ဟု ပြောသည်။
ရွှေပြည်သာမြို့နယ် အုပ်ချုပ် ရေးမှူး (သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) ဦးရဲထွန်းအောင်က ''သတင်း ကြားကြားချင်း သက်ဆိုင်ရာအဖွဲ့ တွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ခဲ့ ပါတယ်။ ပထမဆုံးအနေနဲ့ လမ်းတွေ ပေါ်က အပျက်အစီးတွေကို ပူးပေါင်း အဖွဲ့တွေနဲ့ ရှင်းလင်းပါတယ်။ ဒုတိယ အဆင့်အနေနဲ့ ထိခိုက်ပျက်စီးမှု စာရင်းတွေကို ရပ်ကွက်၊ လမ်းတွေ အလိုက် စနစ်တကျ ကောက်ယူပါ တယ်။ တတိယအဆင့်အနေနဲ့ ပြန်လည်ထူထောင်ရေး အရေးနဲ့အတူ ကောက်ယူရရှိတဲ့ စာရင်းတွေအရ ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာနကနေ ထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း လေဘေးဒဏ်သင့်ပြည်သူတွေအတွက် နံနက်စာနဲ့ ညနေစာကို ထမင်းထုပ် တွေ လိုက်လံဝေငှပေးနေပါတယ်''ဟု ပြောသည်။
အဆိုပါဖြစ်ပွားမှုကြောင့် လူထိ ခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရပြီး အမှတ်(၂ဝ) ရပ်ကွက်မှာ လေဘေး ဒဏ်ကို အများဆုံးခံစားခဲ့ရပြီး ပျက်စီး ဆုံးရှုံးမှု အများဆုံးဖြစ်သည့်အတွက် အဆိုပါရပ်ကွက်အတွင်းရှိ မြတ်စေတနာ ဓမ္မာရုံ၌ လေဘေးဒဏ်သင့် ပြည်သူ များအတွက် ယာယီကယ်ဆယ်ရေး စခန်းကို သက်ဆိုင်ရာက ဖွင့်လှစ်ပေး ထားကြောင်း သိရသည်။
အလားတူယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှော်ဘီ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ အလုံ၊ စမ်းချောင်း၊ တိုက်ကြီး၊ သာကေတ၊ ဆိပ်ကြီး ခနောင်တို စသည့် မြို့နယ်တို့ အပါအဝင် မြို့နယ်အချို့တွင်လည်း မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက် ခတ်မှုများကြောင့် သစ်ကိုင်းများ ကျိုးကျခြင်းနှင့် သစ်ပင်များပြိုလဲခြင်း တို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်း-ဇော်ကြီး
ဓာတ်ပုံ-ဖေဇော်

No comments:

Post a Comment