Wednesday, May 2, 2018

အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့ မောင်တောဒေသအခြေအနေများအား လိုက်လံကြည့်ရှု

Image may contain: 8 people, crowd and outdoor
စစ်တွေ မေ ၁
နေပြည်တော်တွင် ရောက်ရှိနေ သည့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ စင်ကာပူနိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ညှိနှိုင်းရေး မှူးချုပ် ဒေါက်တာအောင်ထွန်းသက် တို့ ဦးဆောင်ပြီး မောင်တောဒေသ အခြေအနေများကို ကြည့်ရှုရန် ယနေ့နံနက် ၉ နာရီခွဲတွင် မြန်မာ အမျိုးသားလေကြောင်းဖြင့် စစ်တွေ မြို့သို့ ရောက်ရှိကြသည်။
အဆိုပါအဖွဲ့အား လေဆိပ် အစည်းအဝေးခန်းမ၌ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် ညှိနှိုင်းရေး မှူးချုပ် ဒေါက်တာအောင်ထွန်းသက် တို့က ခရီးစဉ်အတွင်း သွားရောက်မည့် နေရာများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ဖြစ်ပေါ်လာပုံ၊ UEHRD၏ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ရေရှည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့်အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
သဘောတူညီချက်အတိုင်းလက်ခံမည်
ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပဋိပက္ခဖြစ်ပွားပြီး နောက် ဖွံ့ဖြိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခင်ပုံမှန် အခြေအနေသာမက ရေရှည်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါကြောင်း၊ ပဋိပက္ခဖြေရှင်းရာတွင် သမိုင်းကြောင်း ရှည်လျား သည့်အတွက် သိမ်မွေ့နက်နဲသည့် အခြေအနေရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ ၏ ဦးဆောင်မှုဖြင့် ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ နှစ်နိုင်ငံသဘောတူညီချက်များအတိုင်း လက်ခံဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားသည်။
တောင်ပြိုလက်ဝဲ
ထို့နောက် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စား လှယ်များပါဝင်သောအဖွဲ့သည် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်တို့ ဦးဆောင် ကာ စစ်တွေမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြပြီး မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ရောက်ရှိရာ ရှင်းလင်းဆောင် ၌ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြန်လည်လက်ခံရေးစခန်းများ တည်ဆောက်ထားရှိမှုနှင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက် သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
လိုက်လံကြည့်ရှု
ယင်းနောက် အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များ ပါဝင် သောအဖွဲ့သည် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းအား လည်း ကောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံချစ်ကြည်ရေးတံတားအား လည်း ကောင်း၊ ပြန်လည်ဝင်ရောက်လာသူများအား NVC ထုတ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည့်အစီအစဉ်များကို လည်းကောင်း လိုက်လံကြည့်ရှု ကြသည်။
လှဖိုးခေါင်
ဆက်လက်၍ အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိကြပြီး ပြန်လည် ဝင်ရောက်လာသူများ ခေတ္တနေထိုင်ရန် အဆောက်အအုံများ တည်ဆောက် ပြီးစီးမှုအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုကြသည်။
ရွှေဇားကျေးရွာ
ထို့နောက် အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များပါဝင်သော အဖွဲ့သည် မောင်တောမြို့နယ် ရွှေဇားကျေးရွာသို့ရောက်ရှိပြီး ရခိုင်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များနှင့်တွေ့ဆုံကာ သိလိုသည်များကို မေးမြန်းကြ သည်။
အတူတကွ နေထိုင်မည်
တွေ့ဆုံမေးမြန်းစဉ် ရခိုင်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များက ၎င်းတို့အနေဖြင့် ရှေးယခင်ကပင် အတူတကွနေထိုင်ခဲ့ကြပါကြောင်း၊ ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ပါကြောင်း၊ သဟဇာတမျှတစွာ နေထိုင်ခဲ့ကြပါကြောင်း၊ နောင်တွင်လည်း အတူတကွ နေထိုင်သွားကြမည်ဖြစ်ကြောင်း ပြောကြားကြ သည်။
မိသားစုဝင်များအား တွေ့ဆုံ
ယင်းနောက် အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး ပဋိပက္ခဖြစ်ပွားစဉ် သေဆုံးခဲ့ရသူများ၏ မှတ်တမ်းဓာတ်ပုံ များအား ကြည့်ရှုကြပြီး ပဋိပက္ခဖြစ်ပွားချိန်တွင် သေဆုံးသွားကြသူများ၏ မိသားစုဝင်များအား တွေ့ဆုံသည်။
စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့
တွေ့ဆုံစဉ် ရခိုင်မိသားစုဝင်များက ၎င်းတို့အတွက်နေအိမ်အခက်အခဲ နှင့် အလုပ်အကိုင်လိုအပ်ချက်များကို ပြောကြားကြပြီး ဟိန္ဒူဘာသာဝင်များ ကလည်း ၎င်းတို့အား အကြမ်းဖက်သမားများက သတ်ဖြတ်မည်ဟု ပြောကြား ထားသည့်အတွက် ¤င်းတို့မှာ ကြောက်လန့်နေကြရပါကြောင်း၊ သတ်ဖြတ်မှု များကို တွေ့မြင်ခဲ့ရသည့်အတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ရပါကြောင်း၊ ၎င်းတို့မှာ စားသောက်နေထိုင်ရေးနှင့် အလုပ်အကိုင်အခက်အခဲရှိပါကြောင်း ပြောကြားကြသည်။
ပန်းတောပြင်ကျေးရွာ
ထို့နောက် မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာသို့ရောက်ရှိပြီး အစ္စလာမ်ဘာသာဝင်မိသားစုများနှင့် တွေ့ဆုံကြပြီး ကျေးရွာသားများက အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ကြုံတွေ့ခဲ့ရမှုများနှင့် လိုအပ်ချက်များကို လွတ်လပ်စွာ ပြောဆိုကြသည်။
လွတ်လပ်စွာတွေ့ဆုံ
ယင်းနောက် အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ စစ်တွေ မြို့သို့ ရောက်ရှိကြပြီး လေဆိပ်ဧည့်ခန်းမ၌ လူမှုရေးအသင်း အဖွဲ့အစည်းများ နှင့် လွတ်လပ်စွာ သီးခြားတွေ့ဆုံကြသည်။
ထို့နောက် အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များပါဝင်သော အဖွဲ့သည် ညနေပိုင်းတွင် စစ်တွေမြို့မှ မြန်မာအမျိုးသားလေကြောင်းဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာသွားကြသည်။
သတင်း-မျိုးမြင့်၊ ဓာတ်ပုံ-ဟန်လင်းနိုင်

No comments:

Post a Comment