Wednesday, May 2, 2018

၂ဝ၁၈ ခုနှစ် အင်းလေးခေါင်တိုင်လူရည်ချွန်အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

Image may contain: one or more people, people sitting and outdoor
ညောင်ရွှေ မေ ၁
၂ဝ၁၈ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးခေါင်တိုင် အပန်းဖြေစခန်း၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်းမှူး ဦးသန်း အေးတို့က စခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ယခုကဲ့သို့ ထူးချွန်ထက်မြက်သည့် လူငယ် မောင်မယ်များကို လက်ခံဂုဏ်ပြုခွင့်ရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ အင်းလေးခေါင်တိုင်အပန်းဖြေ စခန်းကို လာရောက်အပန်းဖြေကြမည့် လူရည်ချွန်များ အတွက် အသင့်ပြင်ဆင်ထားပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် ၏ လူမှုရေး၊ စီးပွားရေး၊ ရိုးရာဓလေ့ထုံးစံများနှင့် သဘာဝ အလှတရားများကို လေ့လာကြည့်ရှု ခံစားခွင့်များရရှိကြမည်ဖြစ်ကြောင်း၊ တောင်ကြီးဒေသ၊ အင်းလေးဒေသ၊ ပင်းတယဒေသများနှင့် ဒေသန္တရဗဟုသုတများ၊ ရိုးရာ ဓလေ့ထုံးစံများကို ထဲထဲဝင်ဝင် လေ့လာကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အဋ္ဌမတန်းမှ လူရည်ချွန် ၁၇၆ ဦး၊ နဝမတန်းမှ လူရည်ချွန် ၁၇၆ ဦး၊ ဒသမတန်းမှ လူရည်ချွန် ၁၇၆ ဦး စုစုပေါင်း ၅၂၈ ဦးကို ပြုစုပျိုးထောင်နိုင်ပြီး အင်းလေးစခန်း၊ ပုဂံစခန်း၊ ငွေဆောင်စခန်းတို့ကို စေလွှတ်ကာ ဒေသန္တရ ဗဟုသုတများကိုရရှိရန်၊ အချင်းချင်း အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို လေ့လာနိုင်ရန် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းချနေစဉ် ပညာရေး ဆိုင်ရာ ဟောပြောပွဲများ၊ စာပေဗဟုသုတနှီးနှော ဆွေးနွေး ခြင်းများ၊ ဒေသလုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ ဒေသခံ များ၏ ရိုးရာယဉ်ကျေးမှုများ၊ လက်မှုပညာများကိုလည်း လေ့လာဆည်းပူး သင်ယူခွင့်ရကြမည်ဖြစ်ကြောင်း၊ ကာယ ဖွံ့ဖြိုးမှု၊ ညဏ်ပညာထူးချွန်မှုတို့ကြောင့် လူရည်ချွန်ဖြစ်လာ သည့်အတွက် ကျန်းမာသန်စွမ်းပြီး စာရိတ္တကောင်းသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာအောင် ဆက်လက်နေထိုင် သွားရန် တိုက်တွန်းပါကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု များကို ယခုထက်ပိုမိုပါဝင်ပြီး နိုင်ငံအကျိုးပြု၊ ဒေသအကျိုး ပြု လုပ်ငန်းများကို ယှဉ်ပြိုင်ဆောင်ရွက်စေလိုကြောင်း၊ ဘက်စုံပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အများနှင့် စုပေါင်း နေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်း လာစေရေး၊ ဒေသန္တရဗဟုသုတများရရှိစေရေး ကျောင်းသား ကျောင်းသူများ၏ စံနမူနာပြလူငယ်များ ပေါ်ထွက်လာစေ ရေး စသည့်အချက်များဖြင့် ပြည့်စုံအောင် နေထိုင်ဆောင် ရွက်သွားကြရန်၊ ဆန်းသစ်ထီထွင်နိုင်စွမ်းရှိသော၊ ယှဉ်ပြိုင် နိုင်စွမ်းရှိသော၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အနာဂတ်၏ နိုင်ငံ့ခေါင်းဆောင်များဖြစ်အောင် ဘဝ တစ်သက်တာလုံး ဆက်လက်သင်ယူကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ အင်းလေးခေါင်တိုင် လူရည်ချွန်အပန်း ဖြေစခန်း စခန်းမှူး ဦးသန်းအေးက လူရည်ချွန် စီမံကိန်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူရည်ချွန် ကျောင်းသား ကျောင်းသူများ ကိုယ်စား ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့အား ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ရင်ထိုး တံဆိပ်များတပ်ဆင်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့အား ၂ဝ၁၈ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင် များနှင့် လူရည်ချွန်(၁၉၆၄ မှ ၁၉၈၈ ထိ) အဖွဲ့က လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် လူရည်ချွန် ကျောင်းသား ကျောင်းသူများက အင်းလေး ခေါင်တိုင်စခန်းတွင် ဖွင့်လှစ်ထားသည့် ပညာပေးပြခန်းများ ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
နိုင်လင်းကြည်

No comments:

Post a Comment