Tuesday, April 3, 2018

ကနီမြို့နယ် အလှူတစ်ခုတွင် လူ ၁၈ဝ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

Image may contain: 6 people, outdoor
ကနီ ဧပြီ ၂
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် ခရိုင် ကနီမြို့နယ် မုဌောကျေးရွာ အုပ်စု မုဌောအရှေ့ကျေးရွာ အလှူ တစ်ခုတွင် ယနေ့နံနက်က အလှူ ထမင်းစားသုံးသူများ အစာအဆိပ် သင့်မှုဖြစ်ပွားကြောင်း သိရသည်။
အစာအဆိပ်သင့်မှုဖြစ်ပွားသည့် လူနာများကို ကနီမြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ လူမှုကူညီရေးယာဉ်များ၊ အခြား မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပြီး ဆေးကုသမှုဆောင်ရွက် လျက်ရှိသည်။ ကနီမြို့ ပြည်သူ့ဆေးရုံ သို့ ရောက်ရှိလာသည့် လူနာ ၁၂၂ ဦးအနက် အနည်းငယ်သက်သာသည့် လူနာများကို မြို့နယ်သာသနာ့ဗိမာန် တော်တွင် ပြောင်းရွှေ့ကုသလျက်ရှိ သည်။
အဆိုပါ ပြောင်းရွှေ့ကုသရာတွင် မြို့နယ်ဌာနဆိုင်ရာများ၊ လူမှု ကူညီရေးအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ယင်းနောက် ဆေးကုသပြီး၍ စိတ်ချရသော လူနာများကို မြို့နယ်ဆရာဝန်ကြီး ခွင့်ပြုချက်ဖြင့် ညနေ ၄ နာရီခွဲခန့်တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။၎င်း လူနာများကို တာဝန်ရှိသူများက ကျေးရွာများသို့အရောက် ပို့ဆောင် ပေးခဲ့သည်။ လူနာ ၁၅ ဦးမှာ ကနီမြို့ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆက်လက်ဆေးကုသမှုခံယူ လျက်ရှိသည်။ အလှူထမင်းစားပြီး အခြားကျေးရွာများတွင်လည်း ဖြစ်ပွား ရာ မုဌောကျေးရွာဆေးခန်းတွင် ၅၇ ဦး၊ လက်ပံစုတွင် ခြောက်ဦး၊ သရက်ပင် တိုက်နယ်ဆေးရုံတို့တွင် သုံးဦး စုစုပေါင်း ၁၈၈ ဦး အစာအဆိပ် သင့်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ယင်းအစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ သည့် အလှူမှ ကျွေးမွေးသော ထမင်း၊ ဟင်းနှင့် ချက်ပြုတ်ရာတွင် အသုံးပြု သည့် ပါဝင်ပစ္စည်း ၁၆ မျိုးကို တိုင်းဒေသကြီး ကျန်းမာရေးဦးစီး ဌာနမှ ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ် ဆောင်ရွက်နိုင်ရေး စိစစ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အစာ အဆိပ်သင့်သူများအား ဆေးကုသဆောင်ရွက်ပေးရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရွှေဌေး၊ ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသိုက်စိုးထွန်းတို့ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)

No comments:

Post a Comment