Tuesday, April 3, 2018

မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Image may contain: one or more people, people sitting and stripes
နေပြည်တော် ဧပြီ ၂
မူးယစ်တပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဧပြီ ၁ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ က သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ရန်ကုန်သစ်ရပ်ကွက် အောင်ချမ်းသာလမ်းနေ အောင်စည်သူ (ခ)စည်သူ၏နေအိမ်ကိုရှာဖွေရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၇၇ဝ နှင့် အိုက်စ် ၂၅ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အတူ ဧပြီ ၁ ရက် နံနက် ၈ နာရီက မူးယစ်တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဝိန်းကျောင်းရပ်ကွက် အာခါဈေးလမ်း အမှတ် ဝက-ခ(---)ရှိ နေအိမ်ကိုရှာဖွေရာ ချာချိုင်းကျူတောင်း (ထိုင်းနိုင်ငံသား)ထံမှ ကတ်တမင်း သုည ဒသမ ဝဝ၁ ကီလို၊ ထာနင်းဝိစေ (ထိုင်းနိုင်ငံသား)နှင့် ကင်းစက်ဖွန်းစင်(ထိုင်းနိုင်ငံသား)တို့၏ အိပ်ခန်းအတွင်းမှ ဆေးခြောက် သုည ဒသမ ဝ၆ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သည်။
ယင်းနေ့ ညနေ ၄ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့ မူဆယ်-မန္တလေးသွားကားလမ်း မိုင်တိုင်အမှတ်(၈ဝ/၄)အနီးတွင် မင်းမင်းဦး(ခ)ကာလု မောင်းနှင်ပြီး မယွန်းယွန်း(ခ)မဝင့်ဝါ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၃၂ဝ၊ ငွေကျပ် ၁၉၇၅ဝဝ နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကို သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထား ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment