Sunday, April 29, 2018

မြန်မာ့စွယ်စုံကျမ်း(မူသစ်) ပြန်လည်ထုတ်ဝေနိုင်ရေးနှင့် မြန်မာဂန္ထဝင် အတွဲ(၁ဝဝ) စာစဉ်ထုတ်ဝေနိုင်ရေး ဆွေးနွေး

Image may contain: 5 people, people sitting and indoor
ရန်ကုန် ဧပြီ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာပေဗိမာန်ရုံး၌ မြန်မာ့စွယ်စုံကျမ်း (မူသစ်) ပြန်လည်ထုတ်ဝေနိုင်ရေးနှင့် မြန်မာဂန္ထဝင် အတွဲ(၁ဝဝ) စာစဉ် ထုတ်ဝေနိုင်ရေးအတွက် စာတည်း အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး သည်။
ထိုသို့တွေ့ဆုံရာတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် စာပေဗိမာန် စာတည်းအဖွဲ့ဝင်များက လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို မှာကြား သည်။
ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီး ဌာနမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ စာပေဗိမာန်မှ စာတည်းအဖွဲ့များ တက်ရောက်ကြ သည်။
မြန်မာ့စွယ်စုံကျမ်း (မူသစ်) ပြန်လည်ထုတ်ဝေရေးနှင့်စပ်လျဉ်း၍ စာပေဗိမာန် စာတည်းမှူး ဦးစိုးမြင့် သန်းက ''ပထမစလုပ်တဲ့ အတွဲ(၁) အနေနဲ့ပါဝင်မယ့် 'က'တည်ပုဒ်ကို ဆောင်ရွက်ရာမှာ အခက်အခဲလေး တွေဖြေရှင်းဖို့ ဝန်ကြီးက လမ်းညွှန် ထားတာရှိပါတယ်၊ အဲဒီအတွက် အစည်းအဝေးလုပ်ခြင်း ဖြစ်ပါတယ်၊ စာတည်းအဖွဲ့အနေနဲ့ ဆောင်ရွက်ပြီး သလောက် ပြီးသွားပါပြီ၊ 'က'တည်ပုဒ် ၇၄၄ ခုခန့်ရှိတဲ့နေရာမှာ ၂၇ဝ လောက်က ပြီးသွားပါပြီ၊ လာမယ့် ဇွန်လမှာ ၄ဝဝ လောက်ပြီး အောင် ဆောင်ရွက်ပါမယ်၊ ဖြစ်နိုင် ရင် စက်တင်ဘာလမှာ အတွဲ(၁) စာအုပ် ထွက်နိုင်အောင် ကြိုးစား ဆောင်ရွက်နေပါတယ်၊ အကြောင်း အရာတစ်ခုကို ရေးမယ်ဆိုရင် စံသတ် မှတ်ချက်ဆိုတာ ရှိပါတယ်၊ ဥပမာ- မြို့၊ ရွာ၊ ဒေသတွေအကြောင်း ရေးမယ်ဆိုရင် တည်နေရာ၊ မြေမျက်နှာ ပြင်၊ ရာသီဥတု၊ လူဦးရေ ပါမယ် စသဖြင့် စံသတ်မှတ်ပါတယ်၊ ထူးချွန် ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေအကြောင်း ရေးမယ်ဆိုရင် သူက အသက် ဘယ်လောက်မှာ နိုင်ငံအတွက် ဘာတွေလုပ်ခဲ့သလဲ၊ ပုဂ္ဂလိကအနေနဲ့ ဘာတွေလုပ်ခဲ့သလဲ၊ လောကနဲ့ လူသား အကျိုးပြုလုပ်ငန်း ဘာတွေ လုပ်ခဲ့သလဲ အစရှိသဖြင့်ပေါ့၊ သူ့ရဲ့ ထူးချွန်ထင်ရှားတဲ့အကြောင်းအရာ တွေနဲ့ စွယ်စုံကျမ်းမှာ ပါသင့် ပါထိုက် တဲ့ ပုဂ္ဂိုလ်တွေ ပါဖို့
အတွက် ဒီ စံသတ် မှတ်ချက်ပေါ့၊ အဲဒီလိုမျိုးတွေ ဆက်လက်ဆောင်ရွက်ဖို့အတွက် အစည်းအဝေးလုပ်ပြီး ဆောင်ရွက် မှာဖြစ်ပါတယ်။
အရင် စွယ်စုံကျမ်းနဲ့ မတူပါဘူး၊ စွယ်စုံကျမ်းထွက်ခဲ့တာ ၁၉၅၄ ခုနှစ် ဆိုတော့ တော်တော်လေးကြာနေပြီ၊ နှစ်ပေါင်း ၆ဝ၊ ၇ဝ ရှိသွားပြီဆိုတော့ အကြောင်းအရာတွေ ကလည်း အသစ်တိုးလာတာ အများကြီး ရှိတယ်၊ ဥပမာ မူလစွယ်စုံကျမ်းမှာ ဆိုရင် ကွန်ပျူတာဆိုတဲ့အကြောင်း မပါဘူး၊ ဒီနေ့အချိန်မှာ ကွန်ပျူတာ အကြောင်းတွေ ပါလာမယ်၊ နောက်တစ်ခုက ၁၉၅ဝ ကျော် ကာလတစ်ဝိုက်က မရှိသေးတဲ့ အကြောင်းတွေ ဒီဘက်မှာ ပြန်ထည့် ပါမယ်၊ တချို့အကြောင်းတွေကို နည်းနည်းထည့်ပြီး တချို့အကြောင်း အရာတွေ ဖြုတ်သင့်တာ ဖြုတ်မယ်၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် ဘာသာပညာမှာ ကျွမ်းကျင်တဲ့ ပညာ ရှင် ပုဂ္ဂိုလ်တွေနဲ့ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ပါဝင်တဲ့အကြောင်း အရာတွေက တိကျပါတယ်၊ ခိုင်လုံ ပါတယ်၊ မြန်မာ့စွယ်စုံကျမ်းအင်အားနဲ့ လျော်ညီတဲ့ စွယ်စုံကျမ်း ဖြစ်လာ မယ်လို့ ပြောချင်ပါတယ်။
မြန်မာ့စွယ်စုံကျမ်းလုပ်ဖို့ သန္ဓေ တည်ခဲ့တာ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ကပါ၊ တကယ်လက်တွေ့အလုပ် လုပ်တာက ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ လကစပြီး ယနေ့အထိ လုပ်ခဲ့ပါတယ်၊ အရင်လုပ်ခဲ့တဲ့သူတွေကို မမီပါဘူး၊ ဒီဘက်မှာ စွယ်စုံကျမ်း ပြန်လုပ်တယ် ဆိုတာ တော်တော်လေး ကျယ်ပြန့် ခက်ခဲပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာကြည့်တိုက်ပညာပါတယ်၊ အကြောင်းအရာပါတယ်ဆိုတော့ မြေစမ်း ခရမ်းပျိုးပုံစံမျိုး ပြန်လုပ်နေရ တယ်၊ ပုံစံက အသားမသေနိုင်သေး ဘူး၊ တဖြည်းဖြည်းနဲ့ ဒီစာအုပ် တွေက အတွဲလိုက်ထွက်လာမှာပါ၊ ရှေ့အခက်အခဲတွေကို ကျော်လွှား တတ်သွားမယ်ဆိုရင် နောက်ပိုင်း အတွဲတွေမှာ ထွက်ရှိဖို့မြန်သွားမှာပါ၊ အတွဲ(၁)ကို စက်တင်ဘာလမှာ ဖြစ်အောင်လုပ်မယ်လို့ စိတ်ကူးထား ပါတယ်''ဟု ပြောသည်။
မြန်မာ့စွယ်စုံကျမ်း(မူသစ်) ပြန်လည် ထုတ်ယူရေးတွင် ဦးဆောင်ကော်မတီ တွင် ပညာရှင် ကိုးဦး၊ အတိုင်ပင်ခံ အဖွဲ့တွင် ၁၉ ဦး၊ စာတည်းအဖွဲ့တွင် ၁ဝ ဦး၊ စာပေဗိမာန်စာတည်းအဖွဲ့၊ ထွန်းကော်မာရှယ်ဖောင်ဒေးရှင်း စာတည်းအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မူပိုင် ခွင့်ဌာနက တွဲဖက်ဝန်ထမ်း သုံးဦး၊ စာပေလက်ထောက် သုံးဦး ပူးပေါင်းဆောင်ရွက်ပြီး ဘာသာရပ် အလိုက် နယ်ပယ်အသီးသီးမှ ပညာရှင် ၁၂၄ ဦး အရန်ထားရှိကြောင်း သိရသည်။
မြန်မာဂန္ထဝင် အတွဲ(၁ဝဝ) စာစဉ် ထုတ်ဝေနိုင်ရေးကော်မတီ အတွင်း ရေးမှူး မောင်ဇေယျာက ''မြန်မာဂန္ထဝင် အတွဲ(၁ဝဝ) စာစဉ်နဲ့ပတ်သက်ပြီး (၂ဝ) ရာစုမှာ ရသစာပေဖြစ်တဲ့ ဝတ္ထုရှည်ပါမယ်၊ ဝတ္ထုတို၊ ကဗျာ၊ ပြဇာတ်၊ အက်ဆေးပါမယ်၊ ဒီနေ့ ဆွေးနွေးသွားတာက ဝတ္ထုရှည်နဲ့ ပတ်သက်ပြီး မြန်မာဂန္ထဝင် အတွဲ (၁ဝဝ) စာစဉ် အတွဲ(၁)အတွက် ဝတ္ထုရှည် သုံးအုပ်၊ အဲဒီ သုံးအုပ်ကို ဒီနေ့အတည်ပြုတယ်၊ အမှာစာ ရေးတယ်၊ ဒီစာအုပ်ကို တည်းဖြတ်မှာ က ဆရာဦးအေးချို (မဟာဝိဇ္ဇာ)ဖြစ်တယ်၊ စာတည်းမှူးဖြစ်တဲ့ ဆရာမောင်ခင်မင်(ဓနုဖြူ)က စာစဉ် တစ်ခုလုံးနဲ့ပတ်သက်ပြီး အမှာစာရေး မယ်၊ ဒီစာအုပ်ကို မျက်နှာဖုံးလည်း လုပ်ပြီးပြီ၊ ရိုက်ဖို့အဆင်သင့် ရှိနေပြီ၊ အတွဲ(၁)မှာ ဂျိမ်း(စ်)လှကျော် ရေးတဲ့ မောင်ရင်မောင်မမယ်မ၊ ဝန်စာရေး ဦးကြီးရေးတဲ့ ချဉ်ပေါင်ရွက်သည် မောင်မှိုင်း၊ မအေးခင်ရေးတဲ့ ချစ်ရိုးအမှန် ဒီသုံးအုပ်က အကုန်လုံး အဆင်သင့်ဖြစ်နေပြီ။
အတွဲ(၂)မှာ ဆရာကြီးရွှေဥဒေါင်း ရဲ့ ရတနာပုံ၊ ဦးလတ်ရဲ့ ရွှေပြည်စိုး၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မှာတော်ပုံ အဲဒီဝတ္ထုတွေပါမယ်၊ ဝတ္ထုရှည် စာစဉ်သုံးတွဲအထိ စီစဉ်နေ ပါပြီ၊ ဝတ္ထုရှည်က လျာထားတာ ၈၁ အုပ်ရှိတယ်၊ ဝတ္ထုရှည်ကို ထပ်ဖြည့်ဖို့ အစီအစဉ်ရှိတယ်၊ ဝတ္ထုရှည်ပြီးရင် ကဗျာ၊ ဝတ္ထုတို၊ ပြဇာတ်၊ အက်ဆေးတို့ ကို ကော်မတီတွေဖွဲ့ပြီး ဆောင်ရွက်နေ ဆဲ၊ ဆောင်ရွက်နေပါတယ်၊ ဝတ္ထုရှည် ကို လေ့လာမယ်ဆိုရင် ဝတ္ထုရှည် လောကမှာ ခေတ်အဆက်ဆက် ဂန္ထဝင်မြောက်တဲ့ဝတ္ထုတွေ ဒါတွေက မတိမ်ကောနိုင်ဘူး၊ ရသပိုင်းရော၊ သုတပိုင်းရော ဒါတွေက ဂန္ထဝင် မြောက်တဲ့ ဝတ္ထုတွေကို အလေးပေးပြီး ရွေးချယ်ပေးထားတာပါ။
ခေတ်အဆက်ဆက်က ပညာရှင် တွေရေးခဲ့တဲ့ ဝတ္ထုရှည်စာတမ်းတွေကို ဖတ်တယ်၊ ဖတ်ပြီး ဘယ်ဝတ္ထုတွေက ဂန္ထဝင်မြောက်သလဲ သတ်မှတ်ထား တာရှိတယ်၊ စာဖတ်ပရိသတ်အားလုံး ကိုမျှပြီး ဘယ်အချိန်ပဲဖတ်ဖတ် မရိုး နိုင်တဲ့ဝတ္ထုရှည်မျိုး၊ အဲဒီလို အရည် အချင်းမျိုးနဲ့ပြည့်တဲ့ ဝတ္ထုရှည်တွေကို အားလုံးရဲ့ သုံးသပ်ချက်နဲ့ ရွေးချယ်ခဲ့ တယ်၊ ဝတ္ထုရှည်က အနည်းဆုံး ၁၆ တွဲ၊ ၁၇ တွဲအထိ ထွက်ရမှာပါ၊ ဖြစ်နိုင်မယ်ဆိုရင် တစ်လကို နှစ်အုပ် နှုန်းထွက်ဖို့ လျာထားတယ်၊ စာမျက် နှာ ၅ဝဝ နဲ့ ၆ဝဝ ကြားမှာ ထွက်ရမယ်၊ ပြီးရင် ဒီဝတ္ထုနဲ့ပတ်သက်ပြီး သုံးသပ် ချက်၊ လေ့လာချက်၊ နိဒါန်းရှည်တို့ ရေးရမယ်၊ ပညာရှင်အားတော့ နည်းနည်းလိုမယ်၊ အတွဲ(၁)နဲ့ (၂)အတွက် အဆင်သင့်ဖြစ်နေပါတယ်၊ ဒီနှစ်ထဲမှာ ဝတ္ထုရှည်က စဉ်ဆက် မပြတ် ထွက်သွားမှာပါ''ဟု ပြော သည်။
မူပိုင်ခွင့်အနေဖြင့် ယင်းဂန္ထဝင်ဝတ္ထု ရှည်များကို ရေးခဲ့သည့် ပုဂ္ဂိုလ်များ သက်ရှိထင်ရှားရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ ¤င်းတို့၏မိသားစုဝင်များ ကို စာမူခ ၁၅ ရာခိုင်နှုန်း၊ စာတည်း အဖွဲ့နှင့် ရွေးချယ်ရေးအဖွဲ့ကို ငါး ရာခိုင်နှုန်း ချီးမြှင့်သွားရန် သတ်မှတ် ထားကြောင်း သိရသည်။
သတင်း - ရီရီမြင့်
ဓာတ်ပုံ- ဇော်မင်းလတ်

No comments:

Post a Comment