Sunday, April 29, 2018

ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူများနှင့် လူရည်ချွန်ကြီးများ တွေ့ဆုံ

Image may contain: one or more people, crowd and indoor
မန္တလေး ဧပြီ ၂၈
ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူများနှင့် လူရည်ချွန်ကြီးအဖွဲ့(အထက်မြန်မာပြည်) တွေ့ဆုံပွဲကို ဧပြီ ၂၈ ရက် ညနေ ၃ နာရီက မန္တလေးမြို့ အောင်မြေ သာစံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ၁၉၆၄-၁၉၈၈ လူရည်ချွန်ကြီး များအဖွဲ့(အထက်မြန်မာပြည်)မှ လူရည်ချွန်ကြီး တစ်ဦး ချင်းစီက ၎င်းတို့၏ လူရည်ချွန်အတွေ့အကြုံများကို ၂ဝ၁၈ ခုနှစ် ဘက်စုံထူးချွန် ကျောင်းသား ကျောင်းသူများအား မျှဝေကြသည်။
အခမ်းအနားတွင် ၁၉၆၄ -၁၉၈၈ လူရည်ချွန်ကြီး များအဖွဲ့(အထက်မြန်မာပြည်)ဥက္ကဋ္ဌ ဦးမောင်မောင်လေး၊ အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာ မောင်မောင်ထွေး နှင့် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းတို့က မိတ်ဆက်အမှာ စကားပြောကြားကြသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီ(ပုဂံလူရည်ချွန် အပန်းဖြေစခန်းမှူး)က ကျေးဇူးတင်စကား ပြောကြား သည်။
ထို့နောက် ၁၉၆၄-၁၉၈၈ လူရည်ချွန်ကြီးများအဖွဲ့ (အထက်မြန်မာပြည်)မှ ၂ဝ၁၈ ခုနှစ် လူရည်ချွန် လူငယ် မောင်မယ်များအား လက်ဆောင်ပစ္စည်းများပေးအပ်ရာ ကြီးကြပ်ဆရာများက လက်ခံရယူကြသည်။
တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပုဂံနှင့် အင်းလေးအပန်းဖြေစခန်းများသို့ အပန်းဖြေလေ့လာရေး ခရီး သွားရောက်ကြမည့် ၂ဝ၁၈ ခုနှစ် ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူများသည် မန္တလေးမြို့ရှိ စုရပ် အသီးသီးသို့ ဧပြီ ၂၈ ရက်တွင် စုံလင်စွာရောက်ရှိလာကြ ပြီး ၁၉၆၄-၁၉၈၈ လူရည်ချွန်ကြီးများအဖွဲ့(အထက် မြန်မာပြည်)၏ အတွေ့အကြုံကောင်းများကို ရယူကာ မိမိတို့အပန်းဖြေလေ့လာကြမည့် စခန်းအသီးသီးသို့ ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် စုရပ်အသီးသီးမှ ဆက်လက် ထွက်ခွာကြမည်ဖြစ်ကြောင်း သိရသည်။
သတင်း- နိုင်လင်းကြည်၊ ဇင်ဦး၊ ဓာတ်ပုံ- ဘကြီးဇင်

No comments:

Post a Comment