Sunday, April 1, 2018

ပြည်သူအများ အသက်ရှည်ကျန်းမာရေး




FDA က စစ်ဆေးခွင့်ပြုချက်မပါသော အရက်များရောင်းချခြင်းမပြုရန် ညွှန်ကြားချက်ထုတ်ပြန်ထားသော်လည်း  ကျေးလက်ဒေသများရှိ အရက် ဆိုင်အချို့တွင် ရေသန့်အရက်ဟုခေါ်သည့် ရေနှင့်ဓာတုဆေးရောစပ်၍ ရေသန့်ဘူးထဲသို့  ထည့်ရောင်းသောအရက်များ  ရောင်းချနေသည်ကို တွေ့ရှိရပြီး အများစုဝယ်ယူသောက်သုံးနေကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှတစ်ဆင့် ကြားသိလိုက်ရသည်။

အဆိုပါအရေးကိစ္စမှာ မြို့ပြများတွင် ဖြစ်နိုင်ခြေနည်းပါးသော်လည်း ကျေးလက်များတွင်မူ ဖြစ်နိုင်ခြေရှိသည်ဟု ဆိုနိုင်ပါသည်။ မြို့ပြများတွင်မူ အရက်တုပြဿနာများနှင့် ကြုံတွေ့တတ်သည်။ မကြာသေးမီရက်ပိုင်းက ရန်ကုန်မြို့တွင် အရက်တုထုတ်လုပ်သည့်လုပ်ငန်းကို ရှာဖွေဖမ်းဆီးနိုင် ခဲ့သည်ကို တွေ့ရသည်။ အရက်တု၊ အရက်ရောများသည် ဓာတုပစ္စည်းများ၊ မမှန်ကန်သောအရာများ   ပါဝင်နေသဖြင့်    သောက်သုံးသူများကို  ဘေးအန္တရာယ်ဖြစ်စေသည်မှာ သေချာပါသည်။ 

မျက်မှောက်ကာလတွင် ပြည်သူများ အသက်ရှည်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသောကိစ္စမှာ စားသုံးရန်မသင့်သည့် စားသောက်ကုန် များဖြစ်သည်။ အဆိုပါ အစားအသောက်များကို စားသောက်ကြ သောကြောင့်  ပြည်သူတို့၏ကျန်းမာရေးကို ထိခိုက်စေသော ရောဂါဘယ များ ဖြစ်စေပါသည်။ စားသုံးသူတို့အနေဖြင့် ၄င်းတို့ ဘေးဖြစ်စေခြင်း၊ အန္တရာယ်ဖြစ်စေခြင်းကို သတိမမူမိချေ။ သက်သာသောနှုန်းထားဖြင့် လွယ်လွယ်ကူကူရရှိနိုင်သော အစားအသောက်များကို စားသုံးလေ့ရှိသည်။

စားသုံးသူများကို ဟန့်တားရန်မလွယ်ကူသော်လည်း မသန့်ရှင်းသော၊ အန္တရာယ်ရှိသော အစားအသောက်များကို မစားသောက်မိစေရန် အသိပညာပေးရမည်ဖြစ်သည်။ ပြည်သူများအား ဘေးအန္တရာယ်ဖြစ်စေနိုင်  သော အစားအသောက်များအား ရောင်းဝယ်ဖောက်ကားသူများကိုမူ ပြဋ္ဌာန်းထားသောဥပဒေနှင့်အညီ ရှာဖွေတားဆီးအရေးယူရမည်ဖြစ်သည်။ တရားမဝင်အစားအသောက်များအား စားသုံးသူကာကွယ်ရေးဥပဒေ၊ ယစ်မျိုးဥပဒေတို့ဖြင့် ထိရောက်စွာအရေးယူသင့်ပေသည်။

မှန်ကန်သောအစားအသောက်ပင် ဖြစ်သော်လည်း အစားအသောက် စစ်ဆေးရေးလုပ်ငန်းဖြစ်သည့်FDA ၏ စစ်ဆေးအတည်ပြုချက်၊ တရားဝင် ရောင်းချခွင့် စသည်တို့လိုအပ်သည်။ ယခုအခါ ပြည်သူများအနေဖြင့် မမှန်ကန်သော အစားအသောက်အမျိုးမျိုးတို့ကို စားသုံးမိသောကြောင့် ရောဂါဘယများ အဖြစ်များလာသည်ကို သိရှိလာသဖြင့် အစားအသောက် စစ်ဆေးရေးလုပ်ငန်းများကို   အလေးထားဆောင်ရွက်လာသည်ကို တွေ့ရသည်။

ယခုအခါ   မြေပြင်တွင်သာမက   လူမှုကွန်ရက်စာမျက်နှာများ ပေါ်တွင်ပါ တရားမဝင်စားသောက်ကုန်ပစ္စည်းများသာမက အလှကုန် ပစ္စည်းများကိုပါ ရောင်းချလာသည်ကိုတွေ့ရသည်။ ၄င်းစားသောက်ကုန်၊ အလှကုန်နှင့် ဆေးဝါးပစ္စည်းများမှာ  သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဥပဒေနှင့်အညီ တရားဝင်ခွင့်ပြုချက်ရရှိထားသော ကုန်ပစ္စည်းများဖြစ်ရန် လိုအပ်သည်။ တရားဝင်စစ်ဆေးထားခြင်းမရှိသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများမှာ လူတို့ကို  ဥပဒ်အန္တရာယ်ဖြစ်စေသည့်အပြင် အခန့်မသင့်ပါက အသက်အန္တရာယ်ပါ ဖြစ်စေနိုင်သည်။

မစစ်မှန်သော တရားမဝင်အရက်သေစာများ သောက်သုံးပါက လူ၏ အသည်း၊ ကျောက်ကပ်တို့ကို ပျက်စီးစေနိုင်ပြီး ဓာတုဆေးဝါး ပါဝင်သော အစားအစာများမှာ ကင်ဆာရောဂါကို ဖြစ်စေနိုင်သည်။ အစားအသောက် နှင့်  ဆေးဝါးစစ်ဆေးရေးလုပ်ငန်းက ပြည်တွင်းတွင် ရောင်းချနေသော အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်များကို စစ်ဆေးခဲ့ရာ အဆိပ်သင့် ဓာတုပစ္စည်းများ၊ မာကျူရီ(ပြဒါး)ပါဝင်နေသော အလှကုန်ပစ္စည်းများအား တွေ့ရှိသဖြင့် အများပြည်သူသုံးစွဲရန်မသင့်ကြောင်း အသိပေးထားသည်။

သို့ဖြစ်ရာ အများပြည်သူ သုံးစွဲရန်မသင့်သော ကုန်ပစ္စည်းများအား ရောင်းဝယ်ဖောက်ကားခြင်းကို  လူ့ကျင့်ဝတ်အရ  မပြုလုပ်မိရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက   ပြဋ္ဌာန်းထားသော  ဥပဒေနှင့်အညီ  ထိထိရောက်ရောက်အရေးယူရမည်သာဖြစ်သည်။    စားသုံးသူများ အနေဖြင့်လည်း မိမိတို့၏ကျန်းမာရေး၊ အသက်ရှင်သန်ရေး မထိခိုက်စေရန် အတွက်  မမှန်ကန်သော အစားအသောက် ကုန်ပစ္စည်းများကို  တွေ့ရှိ ပါက အသိပေးတိုင်ကြားနိုင်ကြောင်း၊ နစ်နာမှုကို ပြန်လည်တောင်းဆို နိုင်သည့် အခွင့်အရေးများရှိပါကြောင်း တင်ပြအပ်ပါသည်။       ။


No comments:

Post a Comment